ဒု-စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၂/၂၀၂၃ ) သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် မေ ၁၀

 

ဒု-စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း၊ အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ကျင်းပရာ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး တက်ရောက် ၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်

 

သင်တန်းဖွင့်ပွဲတွင် ဒုတိယစာရင်းစစ်ချုပ်က ယခုသင်တန်းကို လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ စစ်ဆေးရေးလုပ်ငန်းအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် ဌာနတွင်းစီမံအုပ်ချုပ်မှုစနစ် ပိုမိုထိရောက် ကောင်းမွန်စေရေးကို အထောက်အကူပြုနိုင်ရန်  ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဒု-စာရင်းစစ်မှူးများသည် စစ်ဆေးရေးလုပ်ငန်းခွင်တွင် အဓိကပါဝင်ဆောင်ရွက်ရသည့် အဖွဲ့ဝင်များဖြစ်သဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပြည့်ဝနေစေရန် အထူးလိုအပ်ပါကြောင်း၊ သို့ပါ၍ ခေတ်စနစ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် စာရင်းကိုင်၊ စာရင်းစစ် ပညာရပ်များသာမက နည်းပညာနှင့် ဉပဒေဆိုင်ရာများကိုလည်း လက်လှမ်းမီသရွေ့ လေ့လာ မှတ်သားပြီး မိမိတို့၏ ကျွမ်းကျင်မှုအရည်အသွေးများကို မြှင့်တင်ကြရမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်း တွင် စာတွေ့သင်ကြားပို့ချမှုများအပြင် လက်တွေ့စစ်ဆေးဆောင်ရွက်မှုများကိုလည်း လေ့လာနိုင်ရန် စီမံထားရှိသဖြင့် သင်ကြားပို့ချမှုများကို အလေးထားမှတ်သားပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်း၊ ကျောင်းအုပ်က သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။

 

 အဆိုပါသင်တန်းတွင် ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ ၈၂ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဒေသစာရင်းစစ်ရုံးများမှ ၂၂ ဦး စုစုပေါင်း ၁၀၄ ဦးတို့ကို မေ ၁၀ ရက်မှ ဇွန် ၁ ရက်အထိ ဘာသာရပ် (၆) ခုဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်သည်။

(သတင်းစဉ်)