ဒုံးကျည်များပစ်လွှတ်မှု တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ကို အစ္စရေးတို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ် 

၂၇ နိုဝင်ဘာ

အစ္စရေးနိုင်ငံသို့ အစောပိုင်းက ဒုံးကျည်နှစ်စင်းပစ်လွှတ်မှုကို တုံ့ပြန်ကာ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းကို ယမန်နေ့ညပိုင်းက အစ္စရေးတို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြသည်ဟု ပါလက်စတိုင်းသတင်းရင်းမြစ်က ဆိုသည်။

 

a2

 

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ အခြားသူများက ခန် ယွန်နစ်မြို့ အနောက်ဘက်တွင် ကြီးမားသောပေါက်ကွဲသံများ ကြားရသည်ဟု ပြောကြားနေစဉ် ပါလက်စတိုင်းနယ်မြေပေါ်တွင် အစ္စရေး စစ်ဘက်ဆိုင်ရာ ဂျက်လေယာဉ်များ ပျံသန်းနေသံ ကြားရကြောင်း ဂါဇာဒေသခံများက ပြောကြားခဲ့သည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဖော်ပြထားသည်။

ဂါဇာမှ အမည်မသိစစ်သွေးကြွများက အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်နှစ်စင်းပစ်ခတ်ခဲ့ပြီးမကြာမီ ဂါဇာကမ်းမြောင်ကို အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးနှင့် ဂါဇာစစ်သွေးကြွများအကြား ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်ခန့်က တိုက်ပွဲများဖြစ်ပွားခဲ့ရာ ၃၅ ဦး သေဆုံးခဲ့ပြီး အခြားသောအယောက် ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဂါဇာရှိ အစ္စရေးနှင့် အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့များအကြား အီဂျစ်နှင့်ကုလသမဂ္ဂတို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် တင်းမာမှု အဆုံးသတ်သွားခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို