ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၁၀ စက်တင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ အစိုးရဌာနပေါင်းစုံမှ ပင်စင်စားပုဂ္ဂိုလ်ကြီးများအနက် ဆန္ဒရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လူမှုဖူလုံရေး ခံစားခွင့်ရရှိရေးကိစ္စ အားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လက်တွေ့ ကျင့်သုံးလျက်ရှိသည့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပုဒ်မ ၁၁ အရ လုပ်ငန်းအမျိုးအစား(၁၅)မျိုး၌ အလုပ်သမား(၅)ဦးနှင့်အထက် ရှိပါက လူမှုဖူလုံ ရေးအဖွဲ့၌ မှတ်ပုံမတင်မနေရ အာမခံအကျုံးဝင်မှတ်ပုံတင်ရန် သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်သည့် အလုပ်မှအငြိမ်းစားယူပြီးသော နိုင်ငံ့ ဝန်ထမ်းများသည် ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေတို့အရ ထည့်ဝင်ကြေးလပေါင်း (၁၈၀)နှင့်အထက် ပေးသွင်းထားပြီးသူဖြစ်ပါက ဥပဒေပုဒ်မ ၂၉၊ နည်းဥပဒေအပိုဒ် ၁၀၂ နှင့်အညီ အငြိမ်းစားစိစစ်ရေး သက်သေခံ လက်မှတ် (ပုံစံ-၁၄) ကို လျှောက်ထားခွင့်ရှိပါကြောင်း၊ အဆိုပါ (ပုံစံ-၁၄)ကိုင်ဆောင် ထားသူသည် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများ၊ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဆေးခန်းများတွင် ပြင်ပလူနာအဖြစ် ဆေးကုသခွင့် ရရှိမည် ဖြစ်ပါကြောင်း။

 

ထို့ကြောင့် လူမှုဖူလုံရေးအာမခံထည့်ဝင်ကြေး လပေါင်း(၁၈၀) ပေးသွင်းထားသည့် အာမခံထားသူများသည် အဆိုပါ အကျိုးခံစားခွင့်များ ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ခြင်းမရှိသည့် ဝန်ကြီးဌာနများမှ ပင်စင်စားပုဂ္ဂိုလ်ကြီးများသည် လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ရရှိခံစား ရန်ဆန္ဒရှိပါက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ထည့်ဝင်ကြေးများပေးသွင်း၍ မိမိဆန္ဒအလျောက် လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင် မှတ်ပုံတင်နိုင်ပါကြောင်း ဖြေကြားသည်။

 

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ရန်လုံကျိုင်းဂိတ်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်များ ဝင်ထွက်သွားလာမှု အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ရန်လုံကျိုင်းဂိတ်အဆင့်မြှင့်တင် ဆောင်ရွက်ရန်  လတ်တလောတွင် မရှိသေးပါကြောင်းနှင့် ချင်းရွှေဟော်စခန်းမှာ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်အကောင် အထည်ဖော်ရန် ရွေးချယ်ထားသည့် စာရင်းတွင်ပါရှိသည့်အတွက် ဦးစားပေးအဆင့် အလိုက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ သင့်တော်သည့် အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်တင်ပြသည့် ဂိတ်များကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်မှ ပြည်သူများအား ပြည်ထောင်စုဘဏ္ဍာငွေ သို့မဟုတ် အတိုးနှုန်းသက်သာသော နိုင်ငံတကာချေးငွေများဖြင့် စိုက်ပျိုးမွေးမြူရေး သိပ္ပံကျောင်းများ ခရိုင်အလိုက် ထူထောင်ဖွင့်လှစ်ပေးမည့် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရေးသိပ္ပံကျောင်းများကို တိုင်းဒေသကြီး/ ပြည်နယ်အတွင်း သင့်လျော်သည့်ဒေသများတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာတွင် ရန်ပုံငွေနှင့် ပညာရှင်ဝန်ထမ်း ကန့်သတ်ချက်များကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်အထိသာ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်သေးပါကြောင်း၊ လက်ရှိတွင် ခရိုင်အလိုက် ဖွင့်လှစ်ပေးနိုင်မှုအခြေအနေ မရှိသေးပါကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို မြို့နယ်အလိုက် ဒေသနှင့်လျော်ညီသည့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများ ထူထောင်ဆောင်ရွက်ပေးလျက်ရှိပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန်၏ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ချင်းပြည်နယ်တစ်ခုတည်း၌ တိုင်းရင်းသားလူမျိုး(၅၃)မျိုးဟု ဖော်ပြထားခြင်းကို မြေပြင်ကွင်းဆင်းစိစစ်၍ ပြန်လည်သုံးသပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၏ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်လူရွယ်များ ပြည်ပထွက်ခွာလုပ်ကိုင်မှုများ လျှော့ချစေပြီး ပြည်တွင်းအလုပ်အကိုင်များ ပိုမိုဖန်တီးပေးမည့် အစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လည်းကောင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မော်တော်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်သက်တမ်း တိုးခြင်းတို့အတွက် အမြဲတမ်းဌာနခွဲတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေ၏ ရေစကြိုမြို့နှင့် ချင်းတွင်းမြစ် တစ်ဖက်ကမ်းရှိ မြောင်မြို့နယ်ကျေးရွာများသို့ ဇက်ကလပ်ရေယာဉ် ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၏ မြန်မာ့ပင်လယ်ရေပြင်တွင် ငါးသယံဇာတများ ပြုန်းတီးနေခြင်းကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ကမ်းဝေးငါးဖမ်းလှေများအား သက်တမ်းကာလ သတ်မှတ်ပေးရန်နှင့် သက်တမ်းကုန်လှေများအား လိုင်စင်သက်တမ်း ထပ်မံတိုးမပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၏ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ အဘားကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၁၉)၊ (၇၃၂-ခ)၊ (၇၃၃) တို့နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ အကောင်အထည်ဖော် ဆောင်ရွက်မှု ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ နိုင်ငံအနှံ့ရှိ အင်းအိုင်ချောင်း မြောင်းများအား ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်နေသော ဥပဒေမဲ့လုပ်ရပ်များအား ထိရောက်စွာ တားဆီးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

 

ထို့နောက် အမျိုးသားမှတ်တမ်းနှင့် မော်ကွန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံးက ဥပဒေကြမ်း၏ မှတ်တမ်းဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်၌ ပုဂ္ဂလိကမှတ်တမ်းများလည်း ပါဝင်သည်ဟု ထပ်မံဖြည့်စွက်လိုပြီး ပုဂ္ဂလိကမှတ်တမ်းဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး၏ ကျန်းမာရေး၊ လူမှုရေး၊ တီထွင်ကြံဆမှု၊ စာပေ၊ စာပေးစာယူအချက်အလက်မှတ်တမ်းများနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များလည်း ပါဝင်သည်ဟု အဓိပ္ပာယ်ဖော်စေလိုပါကြောင်း၊ ထို့ပြင် အခြားအဖွဲ့အစည်းမှ နိုင်ငံသားပညာရှင်များ အဖွဲ့ဝင်ပေးသည့်နေရာတွင် မိမိအနေဖြင့် (၃)ဦးထက်မနည်းဟု ထည့်သွင်းပြဋ္ဌာန်းလိုပြီး အခြားသင့်လျော်သောနိုင်ငံ သားဆိုသည့်နေရာတွင် မနုဿဗေဒပညာရှင် သို့မဟုတ် သမိုင်းပညာရှင်(၃)ဦးဟု တိကျစွာ ပြဋ္ဌာန်းပေးစေလိုပါကြောင်း၊ အခန်း(၄) ပုဒ်မ ၅ တွင် မှတ်တမ်းနှင့် မော်ကွန်း အားကြည့်ရှုခွင့် အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပါက ကြီးကြပ်ရေးအဖွဲ့ သို့တင်သွင်းလာသည့် အယူခံကိစ္စများအား စိစစ်ဆုံးဖြတ်ခြင်းဟု ထပ်မံဖြည့်စွက်လိုပါကြောင်း။

 

ထို့ပြင် အခန်း(၇) ပုဒ်မ ၁၂(က)၌ သို့ရာတွင် လိုအပ်ပါက ပုဒ်မ(၁၂)ပါ လုံခြုံမှုအဆင့်အတန်း ကုန်ဆုံးပြီးသော မော်ကွန်းများကို ကြည့်ရှုခွင့်နှင့် အသုံးပြုခွင့်မပြုဘဲ ထားနိုင်သည်ဆိုသော စကားရပ် အားပယ်ဖျက်စေလိုပါကြောင်း၊ ပုဒ်မ ၁၄ တွင်လည်း လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသော မှတ်တမ်းနှင့်မော်ကွန်းများကို ဖတ်ရှုလေ့လာရန်အပိုဒ်တွင် ပြင်ပသုတေသီများက တောင်းခံလာပါကစိစစ်၍ စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုနိုင်သည်ဟုလည်း ထပ်မံဖြည့်စွက်လိုပါကြောင်း၊ ပုဒ်မ ၁၆ တွင်လည်း မိတ္တုအမှန်ဖြစ်ကြောင်းကို ညွှန်ကြားရေးမှူးချုပ်၏ဘေးတွင် ယင်း၏ ကိုယ်စားတာဝန်ခံဟုလည်း ထပ်မံဖြည့်စွက်လိုပါကြောင်း၊ အခန်း(၉) ပုဒ်မ ၂၆ တွင် မည်သူမဆိုဤ ဥပဒေပါပြစ်မှု တစ်ခုခုကို ကျူးလွန်ခြင်း၊ ကျူးလွန်ခြင်းကိုအားပေးလျှင် (သို့မဟုတ်) ကျူးလွန်ရန် အားထုတ်လျင် ထိုသူကို ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ဖြင့်သာ ချမှတ်ရမည်ဟု ကျူးလွန်ခြင်းနှင့်ဖြင့်သာ ဆိုသောစကားလုံးကို ထပ်မံဖြည့်စွက်လိုပါကြောင်း၊ ဆက်လက်၍ အခန်း(၁၀) အထွေထွေအခန်းများတွင်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားမည်သူမဆို မှတ်တမ်းများနှင့် မော်ကွန်းများကို သတ်မှတ်ချက်များနှင့်အညီ ကြည့်ရှုခွင့်၊ မိတ္တူရယူပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားနိုင်ပြီး ညွှန်ကြားရေးမှူး၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ကြီးကြပ်ရေးအဖွဲ့သို့ အယူခံလျှောက်ထားပိုင်ခွင့် ရှိရမည်ဟုလည်း ထပ်မံဖြည့်စွက်လိုပါကြောင်း ဆွေးနွေးသည်။

 

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးတို့က ဆက်လက်ဆွေးနွေး ကြသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့် (ခ) ဦးလှမြင့်သန်းက ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ (၁/၂၀၁၉)ကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို စက်တင်ဘာ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ လူမော်