ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၁၆ စက်တင်ဘာ 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၂၁) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ေ

 

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ  ဦးဘွဲခိန်း၏ မြန်မာ နိုင်ငံနှင့် ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများအကြားရှိ နယ်နိမိတ်မှတ်တိုင်များ တိတိကျကျသတ်မှတ် တိုင်းတာပြီးစီးမှုရှိ/မရှိကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင် က မြန်မာနိုင်ငံအနေ ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်တိုင်းတာသတ်မှတ်ခြင်းကို ရာခိုင် နှုန်းပြည့် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ တရုတ် - အိန္ဒိယ နယ်နိမိတ် ဆိုင်ရာ ပြဿနာကြောင့် မြန်မာ- တရုတ်-အိန္ဒိယ သုံးပွင့်ဆိုင် နယ်နိမိတ်နေရာတွင် မသတ်မှတ်နိုင်သေးသည့် မိုင် ၈၀ခန့်မှအပ မြန်မာ - တရုတ်နယ်နိမိတ်အားလုံးကိုလည်း တိုင်းတာသတ်မှတ်ပြီး ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်မပြီးပြတ်သေးသည့် နေရာ (၂)နေရာ ရှိသည့်အတွက် ကဘော်ချိုင့်ဝှမ်းဒေသကို မကြာမီပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံနှင့် ကျန်ရှိနေ သေးသည့် နယ်နိမိတ်ကို အင်္ဂလိပ်လက်ထက်က တိုင်းတာသတ်မှတ်ခဲ့သည့် နယ်နိမိတ်ကိုအခြေခံ၍ လက်ရှိတွင် စနစ်တကျပြန်လည် တိုင်းတာသတ်မှတ်ခြင်းများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင် ၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လမ်းမတော် - ခေါင်းတုတ် - တင်းမလမ်းမှ ရန်ကုန် - စစ်တွေ အဝေးပြေးလမ်းသို့ ဆက်သွယ်ထားသည့် တပ်ရှောင်ဖြတ်လမ်းအား ကွန်ကရစ်လမ်း အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်ကိုယ်စားလှယ်မေးမြန်းသည့် ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ကျေးရွာမှ ရန်ကုန် - စစ်တွေအဝေးပြေးကားလမ်းမကြီးကို ဆက်သွယ်သည့် လမ်း(၂/၄)မိုင်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တင်ပြပေးလာမည်ဆိုပါက ပြည်ထောင်စုရန်ပုံငွေတွင် လျာထားဆောင်ရွက်ပေးနိုင်ရေး မှတ်တမ်းထားရှိမည် ဖြစ်ပါကြောင်း၊ နှစ်စဉ်ထည့်သွင်းလျာထားရသည့် လုပ်ငန်းများအနေဖြင့်လည်း ရန်ပုံငွေ ဝင်ဆံ့မှု အတိုင်းအတာအရသာ ဆောင်ရွက်နေရပါသဖြင့် ယခုမေးမြန်းသည့် လုပ်ငန်းကို တတိယ(၅)နှစ်စီမံကိန်းတွင် ထည့်သွင်းလျာထားပြီး လုပ်ငန်းဦးစားပေး အစီအစဉ်အဖြစ်သာ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ ချင်းပြည်နယ်၊ မင်း တပ်မြို့နယ်၊ မတူပီ - မင်းတပ်ကားလမ်းဘေးရှိ လေရှိကျေးရွာမှ ကြုတ်ကျေးရွာသို့ လမ်းတာချဲ့ခြင်း (၁၂)မိုင်နှင့် မိုင်တိုင်(၆၈)မှ ဝေးလောင်းကျေးရွာသို့ (၁၃)မိုင်လမ်းတာချဲ့ခြင်း လုပ်ငန်းများအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် လမ်းနှင့်ပတ်သက်၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ဒေသန္တရစီမံကိန်းရေးဆွဲရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် မြိုနယ်စီမံခန့်ခွဲမှုကော်မတီ တို့မှ ဒေသ၏ အခြားလိုအပ်ချက်များအရ ဦးစားပေးထည့်သွင်းလျာထားခြင်းမရှိပါသဖြင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် အဆိုပါ လုပ်ငန်းဆောင်ရွက်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်အစိုးရအဖွဲ့မှ သတ်မှတ်စီမံကိန်း အဆိုပြုလွှာ ပုံစံများဖြင့် စိစစ်ထောက်ခံတင်ပြလာပါက ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ တတိယ (၅)နှစ်စီမံကိန်း အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်ဖြင့် အပိုင်းလိုက် လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၏ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် UN Global Compact for safe, orderly and regular migration စာချုပ်အပေါ် လက်မှတ်ရေးထိုးရသည့် အကြောင်းအကျိုးကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လည်းကောင်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုး၏ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတစ်ခု အမြန်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန် က ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဝင် ဒေါ်မမလေးက ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးမှ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း လုပ်ငန်းဆောင် ရွက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာတွင် ကော်မတီသည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်မှုကို ခံယူ၍ တိုင်းရင်းသားများ၏ လူမှု ဘဝ မြင့်မားရေးအတွက် စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်လုပ်ငန်းများ၊ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ပေးခြင်းနှင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးနှင့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း စဉ်ကိစ္စများကို မြှင့်တင်ဖော်ဆောင်ပေးနိုင်ရန်နှင့် တိုင်းရင်းသားများ၏ အခွင့်အရေးကို ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးနိုင်မည့် ကော်မတီတစ်ရပ် ဖြစ်စေရန် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကော်မတီ၏လုပ်ငန်းတာဝန်များကို ကြိုးပမ်းထမ်းဆောင်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ကော်မတီ၏ အစီရင်ခံစာ နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီအတွင်းရေးမှူး ဦးကျော်တုတ် က ကော်မတီ၏ “မိမိတို့လူ့ဘောင် အဖွဲ့အစည်းနှင့် စီးပွားရေး၏ စိန်ခေါ်မှုများကို ရင်ဆိုင် နိုင်သော သင်ရိုးညွှန်းတမ်းများအား ပြုစုခြင်း၊ သင်ကြားလေ့ကျင့် အကဲဖြတ်ခြင်း’’ စုံစမ်းလေ့လာမှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ အစီရင်ခံစာကို လွွှတ် တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို စက်တင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်