ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော်  ၁၉  စက်တင်ဘာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ေ

 

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသား လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီတွင် အဖွဲ့ဝင်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦးအစား စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးညီညီထွေး(ခ)ဦးကိုကိုလေးအား အစားထိုးပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက်ရယူသည်။

ထို့နောက် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်း(၂) ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း(ခွဲ) (၅) ကျောင်းတို့တွင် လိုအပ်လျက်ရှိသော ဆရာ/ ဆရာမများ ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောက် တော်မြို့နယ်တွင်ရှိသည့် အဆင့်တိုးကျောင်းများအတွက် ဖွဲ့စည်းပုံ၊ ရာထူးခွဲဝေချက်နှင့် ဘဏ္ဍာငွေရရှိပါက အဆင့်တိုးသွားသော အခြေခံပညာကျောင်းများသို့ ရာထူး အတိုး/အပြောင်းလျှောက်ထားသူများအနက် ဆန္ဒပြုဒေသလစ်လပ်မှု၊ လုပ်သက်ရမှတ် တန်းစီဇယား အနည်း/အများအရသော်လည်းကောင်း၊ PPTT သင်တန်းဆင်းများ၊ DTEd သင်တန်းဆင်းများ အသစ်ခန့်ထားဆောင်ရွက်ရာတွင်လည်းကောင်း လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် ပညာရေးမှူး အနေဖြင့် ရခိုင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်း၍ အခြေခံပညာမူလတန်းကျောင်းနှင့် အခြေခံ ပညာမူလတန်းကျောင်း(ခွဲ)များတွင် လိုအပ်လျက်ရှိသော ဆရာ၊ ဆရာမများ ဖြည့်ဆည်းခန့်ထားရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဘဲလ်ဟာရ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် RCC နှစ်ထပ်ဆောင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာ ထားချက်များ တင်ပြဆောင်ရွက်ပြီးဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် တင်ပြ သည့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဘဲလ်ဟာရ် အခြေခံပညာအလယ်တန်း ကျောင်းတွင် ပေ (၁၄၀×၃၀) RCC နှစ်ထပ်ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ် သော ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မဖြစ်မနေ လျာထားဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသော ရုံးဝန်ထမ်းများ ဖြည့်ဆည်းခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လည်း ကောင်း၊ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးအေးဗိုလ်၏ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း ဂျိုးဖြူနှင့် သဲဖြူမြစ်ရေတင်ရေပေး ဝေရေးတို့မှ ရပ်ကွက်၊ ကျေးရွာများသို့ ထပ်မံတိုးချဲ့ ရေပေးဝေနိုင်မည့် အခြေအနေနှင့် JICA ချေးငွေဖြင့် ဖော်ဆောင်နေသော ကုက္ကိုဝမြစ်ရေတင်စီမံကိန်း မည်သည့်အချိန်တွင် ပြီးစီးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်    တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) မှ ဒေါက်တာလင်းဝေဖြိုးလတ်၏ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ မင်္ဂလာရေကန်ကြီးအား အများပြည်သူ အပန်းဖြေရန်နေရာ ဖြစ်ပေါ်လာရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းကလည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်း တင်သွင်းနိုင်ကြောင်းကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်လှဌေး (ခ) ဒေါ်အုန်းကြည်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာ သော အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော် မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်း ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ထို့နောက် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးမှ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်နှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေးတို့က ဆွေးနွေးကြသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင် က ကော်မတီသည် အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမည့် နေ့စားလပေး ဆရာ၊ ဆရာမများ၊ တိုင်းရင်းသားဘာသာသင်ဆရာ၊ ဆရာမများ ခန့်ထားရေးကိစ္စ များကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုထား သည် ကိုတွေ့ရပါကြောင်း၊ သို့သော် တိုင်းရင်းသားကလေးများသည် မိခင်ဘာသာကို ပိုင်နိုင်စွာ တတ်ကျွမ်းရန်မှာ အစိုးရကျောင်းချိန်အတွင်း အခြားဘာသာရပ်များကဲ့သို့ သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကော်မတီအနေဖြင့် ကွင်းဆင်းလေ့ လာပြီး ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့နှင့် ညှိနှိုင်း ၍ တိုင်းရင်းသားဘာသာတိုင်းကို ကျောင်းချိန်အတွင်း ဖြစ်ဖြစ်မြောက်မြောက်သင်ကြား နိုင်ရန် ဆောင်ရွက်ပေးစေလိုပါကြောင်း အကြံပြုဆွေးနွေးသည်။

ယင်းနောက် အမျိုးသားလွှတ်တော်တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင် က ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အမျိုးသား လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးမှ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၅ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ အစည်းအဝေးကျင်းပရက် (၂၃) ရက်အတွင်း အမျိုးသားလွှတ်တော်၏ ဆောင်ရွက်ချက် များအနေဖြင့် မေးခွန်းမေးမြန်းခြင်းကဏ္ဍတွင် လွှတ်တော်ကိုယ်စား လှယ်များက ပြည်သူလူထု၏ အကျိုးအလို့ငှာ အမျိုးသားလွှတ်တော်သို့ ကြယ်ပွင့်ပြ မေးခွန်း (၁၃၄) ခုနှင့် ကြယ်ပွင့်မပြမေးခွန်း (၁၉၁) ခုတို့ကို မေးမြန်းခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များမေးမြန်းသည့် မေးခွန်းများအပေါ် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက လွှတ်တော်တွင် နှုတ်ဖြင့် ဖြေကြားခြင်း၊ စာဖြင့် ပေးပို့ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုတင်သွင်းခြင်းကဏ္ဍတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၏ ရှေးအစဉ်အဆက် အသုံးပြုခဲ့သော ကျေးလက်နေ ပြည်သူများ ထိန်းသိမ်းသည့် မိုးရေကန်များ၊ သောက်သုံးရေကန်များ၊ ဆည်ငယ်/ တမံငယ်များကို ရေချိုမိုးရေစုဆောင်း သိုလှောင်ရန်၊ သောက်သုံးရေ ရရှိရန်၊ မြေအောက်ရေ ဖြည့်ဆည်းရန်၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေရရှိရန်၊ သဘာဝဂေဟစနစ် မပျက်ရန်အတွက် ကန်တူးပေးခြင်း၊ ကန်ပေါင်ဆယ်ပေးခြင်း၊ ကန်ငယ်၊ ဆည်ငယ်၊ တမံငယ်များကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တိုးချဲ့တည်ဆောက် ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါကြောင်း။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူပြီး ဆွေးနွေးရန် အမည် စာရင်း တောင်းခံထားသည့် ပဲခူတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာ တင်တင်ဝင်း ၏ ကျေးလက်နေ အမျိုးသမီးများ၏ လူနေမှုဘဝမြှင့်တင်ရန် စီးပွားရေးတွင် တစ်နိုင်တစ် ပိုင်ပါဝင်ရန် နေရပ်စွန့်ခွာ၍ ရေမြေခြားအလုပ်သွားလုပ်ခြင်းကို လျှော့ချနိုင်ရန်နှင့် အမျိုးသမီးများအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန် အိမ်တွင်းစီးပွားရေး လုပ်ငန်းများ ဖော်ဆောင်နိုင်ရန် အသိပေးခြင်း၊ နည်းပညာပေးခြင်း၊ ရင်းနှီးရန်ပုံငွေကြေး ရှာဖွေပေးခြင်း၊ ကုန်ကြမ်းကို ဒေသထွက်အဖြစ် ဖော်ထုတ်ပေးခြင်း၊ ဈေးကွက်ဖော်ဆောင် ပေးခြင်း၊ ဈေးကွက်တည်တံ့အောင် ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနများ စုပေါင်း၍ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး၏ နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများဖြင့် ဖြစ်စေ ဖွင့်လှစ်သင်ကြား ပို့ချနေသော ပုဂ္ဂလိကပညာရေး သင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများ မှ ထုတ်ပေးသော လက်မှတ်များကို စိစစ်၍  သတင်းထုတ်ပြန်ပေး ရန်ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုတို့ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုများကို လွှတ်တော်က အတည်ပြုခဲ့ပါကြောင်း။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ အပါအဝင် အစိုးရတက္ကသိုလ်အသီးသီးတွင် အဆင့်မြင့် ပညာရပ်များ တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေရှင်းဆွေးနွေး ခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ အဆိုကို လွှတ်တော်က အတည်မပြုဟု ကြေညာခဲ့ပါကြောင်း။

ဥပဒေကြမ်း တင်သွင်းခြင်းကဏ္ဍအနေဖြင့် အမျိုးသားလွှတ်တော်တွင် စတင် ဆွေးနွေးနိုင်ရန် ပေးပို့ထားသည့် ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကြမ်း ကိုလွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကာ ၎င်းတို့၏ ဆွေးနွေးချက်များကို ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ခဲ့ပါကြောင်း။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တို့အား လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။

စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်း ကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော် သို့ပေးပို့ခဲ့ရာ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးပြီး ဆွေးနွေးနိုင်ရန် အမည်စာရင်း တောင်းခံခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်း ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေး စီမံကိန်းဥပဒေကြမ်း ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကာ ၎င်းတို့၏ ဆွေးနွေးချက်များကို ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ခဲ့ပါကြောင်း။

အမျိုးသားလွှတ်တော်မှ စတင်ဆွေးနွေးအတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားသည့် ဥပဒေကြမ်းများအနက် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ရာ လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း၊ ယင်းဥပဒေကို ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၅ ဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသဖြင့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့ပါကြောင်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အားပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ရာ လွှတ်တော်သို့ အသိပေးပြီး ဆွေးနွေးရန် အမည်စာရင်း တောင်းခံခဲ့ပါကြောင်း။

ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးအတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့သည့် ဥပဒေကြမ်းများအနက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း၊ မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်းနှင့် အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်း တို့ကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း နှင့် အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်း ကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားတင်သွင်းပြီး ဆွေးနွေးနိုင်ရန် အမည်စာရင်းတောင်းခံခဲ့ပါကြောင်း။

အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာဖတ်ကြားတင်သွင်းပြီး ဆွေးနွေးရန် အမည်စာရင်းတောင်းခံ ထားသည့် အခြေခံပညာရေး ဥပဒေကြမ်း နှင့် ပညာရေးသုတေသန၊ စီမံကိန်း နှင့်လေ့ကျင့်ရေး ဥပဒေကြမ်း တို့ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။

အစီရင်ခံစာတင်သွင်းခြင်းကဏ္ဍတွင် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်း အဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉) ကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

တိုင်းရင်းသားရေးရာ ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးမှ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးမြှင့်တင်မှုကော်မတီ၏ “မိမိတို့ လူ့ဘောင်အဖွဲ့အစည်းနှင့် စီးပွားရေး၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သော သင်ရိုးညွှန်းတမ်းများအား ပြုစုခြင်း၊ သင်ကြားလေ့ကျင့်အကဲဖြတ်ခြင်း” စုံစမ်းလေ့လာမှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါကြောင်း။

အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများ၏ လွှတ်တော် အစည်းအဝေးကာလအတွင်း ဆောင်ရွက်ခဲ့သည့် ကော်မတီအစည်းအဝေး များမှာ ဥပဒေကြမ်းကော်မတီ (၂၈) ကြိမ်၊ ပြည်သူ့ငွေစာရင်းကော်မတီ (၄) ကြိမ်၊ လွှတ်တော်အခွင့်အရေး ကော်မတီ (၁) ကြိမ်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ(၁၇)ကြိမ်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော် ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (၄) ကြိမ်၊  အစိုးရမဟုတ် သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ (၆) ကြိမ်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (၅)ကြိမ်၊ တိုင်းရင်းသားရေးရာ ကော်မတီ (၄) ကြိမ်၊ တောင်သူလယ်သမားရေးရာ ကော်မတီ(၉)ကြိမ်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ(၇) ကြိမ်၊ ပညာရေးမြှင့်တင် မှုကော်မတီ(၁၀)ကြိမ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင် ရာကော်မတီ (၈) ကြိမ်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ(၉)ကြိမ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ(၉) ကြိမ်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ(၉)ကြိမ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ(၆)ကြိမ်နှင့် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီ(၇) ကြိမ် စုစုပေါင်း ကော်မတီအစည်းအဝေး (၁၄၃) ကြိမ် ပြုလုပ်ခဲ့ပါကြောင်း။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ စွမ်းရည်မြင့်မားစေရန် ရည်ရွယ်၍ အပြန်အလှန် ဆွေးနွေးပွဲ(Debate) ကို (၆) ကြိမ် ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးခဲ့ပါကြောင်း၊ သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း စာတမ်းတို (၆) စောင် ထုတ်ဝေခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် (၅၃) ဦးက သိရှိလိုသည့် သတင်းအချက်အလက် မေးမြန်းခဲ့မှု (၁၁၀) ခုအနက် (၈၅) ချက် ရှာဖွေပေးခဲ့ပြီး ဖြစ်သည်ကို လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့သက်ဆိုင်ရာ ဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိကြပြီး မိမိတို့၏ မဲဆန္ဒရှင် ပြည်သူများအကျိုး၊ ဒေသ၏အကျိုး၊ နိုင်ငံတော်၏ အကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေဟုဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ ရပ်နား ကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းကြေညာသည်။

အောင်ရဲသွင်၊ ဟန်လင်းနိုင်