ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော်  ၄   နိုဝင်ဘာ 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက် လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ လွှတ်တော် အစည်းအဝေးများ ရပ်နားထားသည့် ကာလအတွင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ၏ မျှော်လင့်ချက်များကို သယ်ဆောင်လာပြီး နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားအတွက် ကိုယ်စွမ်းဉာဏ် စွမ်းရှိသရွှေ့ ဆောင်ရွက်နိုင်ကြပါစေဟု တိုက်တွန်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း ပြောကြားသည်။

 

a

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ် (၅) ဦးမေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး ၏ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ရှိ ဖုတ်ကုန်း - နေရာခင်း - ရွာသစ် - ကိုင်းကျေးရွာ ချင်းဆက်လမ်းအား မြေသားဘောင်တင် ဖောက်လုပ်ရန်အတွက် မည်သည့်ဘဏ္ဍာရေး နှစ်တွင် ထည့်သွင်းလျာထားပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးကျော်လင်းက အဆိုပါ ကျေးရွာချင်းဆက်လမ်း (၂)မိုင် (၂)ဖာလုံသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (B) ဦးစားပေးအဆင့် (၁) လမ်းစာရင်းတွင် ပါဝင်သည့်အတွက် ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့် (ခ) ဆင်မြူရယ် ၏ ကရင် ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ်မှ ကရင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များ သို့ ဖာပွန်မြို့မှတစ်ဆင့် သွားလာနိုင်ရန် သံတောင်ကြီး - ဖာပွန်ကားလမ်းမကြီး ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်း ကသံတောင်ကြီး/ ဘောဂလိဒေသနှင့် ဖာပွန်မြို့ကို ဆက်သွယ်ရန်အတွက် လမ်းတစ် လမ်း အဓိက လိုအပ်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အရှေ့ဘက်အကျဆုံး တောင် - မြောက် လမ်းမကြီးအဖြစ် ကော့သောင်းမြို့မှ မော်လမြိုင် မြို့၊ ဘားအံမြို့တို့မှ ဖာပွန်မြို့၊ မော်ချီးမြို့၊ လွိုင်ကော်မြို့၊ တောင်ကြီး လမ်းတို့ကို Arterial Road Network  Master Plan တွင် ရေးဆွဲထားပြီး ဖြစ်ပါကြောင်း။

သို့သော် ယနေ့အချိန်အခါတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သောက်ရေ ခပ်မြစ်ကို ကျော်ဖြတ်၍ Survey တိုင်းတာပြုလုပ်၍ မရသေးသည့် အခြေအနေ ဖြစ်ပါကြောင်း၊ အဆိုပါ ဒေသသို့ နယ်မြေအခြေအနေအရ ဝင်ရောက်၍ Survey တိုင်းတာမှုဆောင် ရွက်ခြင်း၊ စက်ယန္တရားကြီးများ ဝင်ရောက်ဆောင်ရွက်ခွင့် အခြေ အနေများ ရရှိပြီဆိုပါက အဆိုပါလမ်းကို အမြန်ဆုံး ဖောက်လုပ်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်မေသန်းနွဲ့ ၏ ဘိုကလေး - စက်ဆန်း - ထော်ပိုင် - အမာလမ်းပေါ်ရှိလမ်းနှင့် ဆည်မြောင်းတာထပ်နေသည့် အပိုင်းများအား မည့်သည့်ဌာနက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ဘိုကလေး - စက်ဆန်း - ထော်ပိုင် - အမာလမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲ သောလမ်းဖြစ်ပြီး စက်ဆန်းနှင့် ထော်ပိုင်အကြားရှိ မိုင်တိုင်အမှတ် (၁၈/၁)မှ (၁၉/၃) အထိ (၁)မိုင် (၂)ဖာလုံနှင့် မိုင်တိုင်အမှတ်(၁၉/၇)မှ (၂၆/၂) အထိ (၆)မိုင် (၃)ဖာလုံ စုစုပေါင်းလမ်းအရှည် (၇)မိုင် (၅)ဖာလုံသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပိုင် ဒေါင့်ကြီးကျွန်းပတ်တာနှင့် တစ်ထပ်တည်း ကျရောက်လျက်ရှိပါကြောင်း။

၎င်းလမ်းပိုင်းကို Design Authority Crest Level (A.C.L) ရရှိရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဘောင်အမြင့် (၁)မီတာခန့် မြှင့်တင် ဆောင်ရွက်ခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ထားသည့် လမ်းတာ ဘောင်အား ဘေးနှစ်ဖက်မှ တူးယူ၍ မြေဖို့ကြိတ်ခြင်း ဆောင်ရွက်ခဲ့သည့်အတွက် လမ်း ပျက်စီးသွားခဲ့ပြီး လမ်းတာဘောင်အကျယ် (၁၂)ပေသာကျန်ရှိခြင်း၊ မိုးရာသီတွင် လမ်းသုံးစွဲ၍ မရနိုင်သောကြောင့် မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် များ ကျရောက်ခဲ့ပါက ထော်ပိုင်ရွာဘက်ခြမ်းမှ ဒေသခံပြည်သူများ အနေဖြင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ ရင်ဆိုင်ကြုံတွေ့လာနိုင်ခြင်းတို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ညှိနှိုင်းအကြောင်းကြားခဲ့ရာ တာတမံဥပဒေ အရ တာ၏ အတွင်းဘက်ခြမ်းမှ (Second Berm) အဖြစ်သာ ဆောင်ရွက်သွားရန် သဘောထား မှတ်ချက်ပြန်ကြားလာခဲ့သဖြင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရပါကြောင်း။

၂၀၁၉ ခုနှစ် ဇူလိုင်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်း/လေယာဉ်ကွင်းဒီဇိုင်း နှင့် ပုံထုတ်ဌာနခွဲမှ တာ၏ အတွင်းဘက်မှ ကပ်၍ လမ်းအူကြောင်းအသစ်ရှာဖွေခြင်း နှင့် အသေးစိတ်တိုင်းတာပုံထုတ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ရာ မိုးရွာ သွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေ တက်လာသည့်အတွက် ရပ်နားခဲ့ရပြီး  ပွင့်လင်းရာသီ တွင် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းအူကြောင်း တစ်လျှောက်ရှိ မြေယာလျော်ကြေးကိစ္စများအား လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြေယာလျော်ကြေးကိစ္စ ရပ်များ ပြီးပြတ်ပါက မြေယာလျော်ကြေးငွေနှင့် လမ်းတည် ဆောက်ခြင်း လုပ်ငန်း များအတွက် လျာထားရန်ပုံငွေများကို နီးစပ်ရာဘဏ္ဍာနှစ်တွင် တင်ပြတောင်းခံသွားမည်ဖြစ်ကာ ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ ၏ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ဘဝနေထိုင်ရေး အဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ဝန်ထမ်းများအား စစ်တမ်းကောက်ယူထားမှု အခြေအနေ၊ အကောင်အထည်ဖော် ပြီးစီးမှုရာခိုင်နှုန်းနှင့် မည်သည့်ကာလတွင် ဝန်ထမ်းများလက် ဝယ်သို့ ပေးအပ်နိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက စစ် တမ်းကောက်ယူမှုအရ တစ်နှစ်လျှင် အငြိမ်းစားယူမည့် နိုင်ငံ့ဝန်ထမ်းဦးရေ (၂၀ဝ၀ဝ) ကျော်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်သည် အိမ်ခန်းဝယ်ယူလိုသည်ဟု တင်ပြလာ ပါကြောင်း၊ ထို့ကြောင့် အိမ်ရာလိုအပ်ချက်ပေါင်း တစ်နှစ်လျှင် (၁၃၀ဝ၀) ယူနစ်ခန့် ဆောက်လုပ်ပေးရန် လိုအပ်လာခြင်းဖြစ်ပါကြောင်း၊  အများစုမှာ အိမ်ရာချေးငွေနှင့် ဝယ်ယူလိုခြင်းဖြစ်ပြီး အငြိမ်းစားယူချိန်တွင် အခြေချနေထိုင်လို သည့် မြို့များကို တစ်နှစ်အတွင်းအငြိမ်းစားယူမည့် သူများအပေါ် စစ်တမ်းကောက်ယူ ချက် အရ ရန်ကုန်မြို့တွင် (၁၀၈၁၉) ဦး၊ မန္တလေးမြို့ တွင် (၃၆၆၃)ဦး၊ နေပြည်တော်တွင် (၁၁၂၅) ဦးနှင့် အခြားမြို့များသို့လည်း အသီးသီး အဆိုပြုထားသည်ကို တွေ့ရှိရပါကြောင်း။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် တန်ဖိုးသင့်တင့်သည့် အရောင်းအိမ်ရာ များဝယ်ယူခွင့်ပြုနိုင်ရန် လိုအပ်သကဲ့သို့ ဝယ်ယူရန် အခက်အခဲရှိသည့် အငြိမ်းစားများ အတွက်လည်း အငှားအိမ်ရာများ စီစဉ်ပေးရန် လိုအပ်ကြောင်းကိုလည်း စစ်တမ်းတွင် တွေ့ရှိရပါကြောင်း၊ အိမ်ရာလိုအပ်ချက်အများဆုံးဖြစ်သည့် နေပြည်တော်ကောင်စီ နယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (၁၅)ဘီလီယံဖြင့် အငှားအိမ်ရာအခန်းပေါင်း (၈၁၂)ခန်းတည်ဆောက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်၌ အခန်းပေါင်း (၁၂၀)ထပ်မံ တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အခြားတိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ အသီးသီးတွင်လည်း နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းများကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ် ဖြည့်ဆည်းပေး လျက်ရှိပြီး အိမ်ခန်းများ ချထားရေးကို တာဝန်ယူဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်း များအပါအဝင်ဝင်ငွေနည်း ပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ် ရာများကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြား မြို့ကြီးများတွင် စုစုပေါင်းအိမ်ခန်း (၈၄၁၆) ခန်းတည်ဆောက်ရောင်းချပေးလျက်ရှိပြီး အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ဖြင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိပါကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျခွဲဝေ ရောင်းချပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင် တန်ဖိုးနည်း အိမ်ရာများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောင်ရွက်ကာ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများကို ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် ၏ မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ငါ့သရောက်မြို့နှင့် တောင်ဇင်း - ကန်စောင့် ကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်းကို ကျောက်ချောလမ်း အဖြစ် ဘဏ္ဍာရေးနှစ်အလိုက်ပိုင်း၍ အဆင့်တိုးမြှင့် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အတွင်းရှိ ငါ့သရောက် (သိမ်ရွာ)နှင့် တောင်ဇင်း - ကန်စောင့်ကျေးရွာသို့ ဆက်သွယ် ထားသော မြေသားလမ်းမှာ အရှည် (၁၃)မိုင်ရှိပါကြောင်း၊ ငါ့သရောက် (သိမ်ရွာ)မှ ထန်း ပေါက်ကုန်းအထိ လမ်းပိုင်းအရှည် (၃)မိုင် (၆)ဖာလုံသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းစာရင်းတွင်ပါဝင် ပြီး ကွမ်းဖလား - ကန်စောင့် - ထန်းပေါက်ကုန်း လမ်းပိုင်းအရှည် (၉)မိုင် (၂)ဖာလုံသည် ကျေး လက်လမ်းစာရင်းတွင် ပါဝင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း။

ကျေးလက်လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေးသော လမ်းအရှည်(၉)မိုင် (၂) ဖာလုံကို ကျေးလက်လမ်းအဖြစ် သိမ်းသွင်းဆောင်ရွက်နိုင်ရေးအတွက် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လမ်းစာရင်းပေါက်ပြီး ဖြစ်သည့် ငါ့သရောက် (သိမ်ရွာ) - ထန်းပေါက်ကုန်း လမ်းပိုင်း အရှည် (၃)မိုင် (၆)ဖာလုံအား ကျေးလက်လမ်းဖွံ့ဖြိုးရေး စီမံကိန်းအရ လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ရန် ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ တွင် ထည့်သွင်းလျာထား ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည် ပြုပြီး ပေးပို့ထားသော စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်းကို ပြည်သူ့ လွွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ် တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက မွန်ပြည် နယ် မဲဆန္ဒနယ်အမှတ်(၆)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးကော်မတီ အဖွဲ့ဝင် ဦးဖေတင်သည် ၂၀၁၉ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်း အတွက် အထူးဝမ်းနည်း ကြောင်း အဆိုတင်သွင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို မှတ်တမ်းတင်ရန် လွှတ်တော်၏ ဆန္ဒရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုကို မှတ်တမ်း တင်ကြောင်းနှင့် ယင်းအဆိုနှင့် စပ်လျဉ်းသည့် မှတ်တမ်းကို သပ်ရပ်စွာပြုစု၍ ကွယ်လွန် သူ၏ အမွေခံထံသို့ ပေးပို့ရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေတင်သည် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်မှစ၍ ကွယ်လွန် အနိစ္စရောက်သည့်နေ့တိုင် စိတ်ဓာတ်ခိုင်မာစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူများအပေါ် တာဝန်ကျေပွန်မှုများအတွက် လွှတ်တော်ကိုယ်စားလှယ်များက (၂)မိနစ်မတ်တတ်ရပ် ငြိမ်သက်၍ ဂုဏ်ပြုကြသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တစ်ယောက် ကွယ်လွန်ခဲ့ပါက အမျိုးသားလွှတ်တော်က လူမှုရေးအရ တစ်နေ့တာ နေ့တွက်စရိတ်ကို စုပေါင်းကူညီထောက်ပံ့ရန် လွှတ်တော်၏ အတည်ပြုချက် ရယူထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ် ကူညီထောက်ပံ့ငွေကို မိသားစုထံ ပေးပို့သွားမည် ဖြစ်သည်ကို အသိပေးအပ်ပါကြောင်း ပြောကြားသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို နိုဝင်ဘာ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ မိုက်ကယ်ထန်း