ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၆  ဒီဇင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း ၏ စစ်ကိုင်းမြို့နယ် အုန်းတောဓာတ်အားခွဲရုံအား လျှပ်စစ်ဓာတ်အား MVA တိုး မြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက အုန်းတောပင်မ ဓာတ်အားခွဲရုံမှ စစ်ကိုင်းမြို့မဖီဒါ၊ စစ်ကိုင်းစက်မှုဇုန်ဖီဒါ၊ အုန်းတောနှင့် ဆားတောင်ဖီဒါ၊ မြင်းမူနှင့် မြောင်ဖီဒါ၊ ရွာသစ်ကြီး ချည်မျှင်နှင့် အထည်စက်ရုံ ဖီဒါ ဟူ၍ ၃၃ကေဗွီ ဓာတ်အားလိုင်း (၅)လိုင်းဖြင့် စုစုပေါင်း ၄၄မဂ္ဂါဝပ်ခန့်ကို မူလ ၆၀ အမ်ဗွီအေနှင့် ထပ်တိုး ၁၀ဝ အမ်ဗွီအေ ထရန်စဖော်မာ တို့ဖြင့် လျှပ်စစ်ဓာတ်အား နိုင်နင်းစွာ ဖြန့်ဖြူးပို့လွှတ်ပေးထားပြီ ဖြစ်ပါကြောင်း ဖြေကြားသည်။

 

52

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင် ၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ် အတွင်းရှိ အင်းလယ်ကြီး - သရက်တာ - ကျွန်းပင်ကုန်း - ညောင်ကိုင်း - ပျဉ်းတော် - ပုပ္ပါးလမ်းရှိ ကျန်ရှိသော မြေသားလမ်း (၅/၂)မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော် က လွှတ် တော်ကိုယ်စားလှယ် မေးမြန်းသည့် မြေသားလမ်း (၅)မိုင် (၂)ဖာလုံသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၁)၌ ပါဝင်သဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာ ရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထား ပြီး ရန်ပုံ ငွေရရှိမှုအပေါ် မူတည်၍ ကျောက်ချောလမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ငူ ကျေးရွာအုပ်စု၊ ဆန်နီခင်း (ကုလားကာရီ) တာဘောင်အား ပြန်လည်မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဆန်နီခင်း တာဘောင်အား တာပုံစံကျ မြေဖို့ပြုပြင်ခြင်းနှင့် မိုးရာသီအတွင်း ရေထုတ် နုတ်နိုင်ရန် အတွက် ကွန်ကရစ်ရေတံခါး(၁)ခု ထည့်သွင်းတည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် လိုအပ်သည့် ရန်ပုံငွေကို လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံသွားရမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြား သည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရခိုင်ကမ်းလွန် ငါးဖမ်း လုပ်ကွက်များမှ ရရှိသော အခွန်အခ၏ ၂၀ ရာခိုင်နှုန်း သို့မဟုတ် သင့်တော် သော ရာခိုင်နှုန်းကို ရခိုင်ပြည်နယ် ရေလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် ကိစ္စရပ်သည် သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့၊ မိမိတို့ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ဆက်စပ်ညှိနှိုင်းဆောင်ရွက်သွားရမည့် အခြေ အနေဖြစ်ပါကြောင်း၊ ယင်းအပေါ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြလမ်းညွှန် ချက် ခံယူဆောင်ရွက်သွားရန် လိုအပ်မည့် အခြေအနေလည်းဖြစ်ပါကြောင်း၊ ပြည် ထောင်စုအစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင် ၏ သဘာဝ ဘေး အန္တရာယ်ကြောင့် ပျက်စီးခဲ့သော မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကံပြားကျေးရွာ အုပ်စု၊ တောင်စင်ကျေးရွာ၊ ကန်ပြားကန် ရေပိုသောက်တူးမြောင်း ပြုပြင်ခြင်း၊ ရေထိန်းတံခါး ပြန်လည်ပြုပြင်ခြင်းနှင့် ရေသွယ်လျောက် ပြုပြင်ခြင်းလုပ်ငန်းများအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ခွဲဝေချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော် က ကန်ပြားကန်၏ တူးမြောင်းနှင့် ရေထိန်းတံခါး ရေသွယ်လျောက် လုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေလျာထားပြီး ရန်ပုံငွေ ရရှိပါက ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန် က ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်း အင်ဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးမြမင်းဆွေက ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၂၀၁၈ခုနှစ် မတ် ၂၁ ရက်မှ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလပြီးသည်အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား(၂) စီမံခန့်ခွဲရေးကဏ္ဍပါ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေရေး ဆွဲပြဋ္ဌာန်းအကောင်အထည်ဖော် နိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ၊ လွှတ်တော်များနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်သည်ကို သုံးသပ်အကြံ ပြုပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့် နိုင်ငံအတွင်းတွင် ရှိသည့်လမ်းများကို နိုင်ငံတကာအဆင့်မီ လမ်းများအဖြစ် ပေါ်ပေါက်လာစေရန် ပြည် တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံ စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ B.O.T စနစ်ဖြင့် ပုဂ္ဂလိက အခန်းကဏ္ဍ မြှင့်တင်ခြင်းများ ဆောင်ရွက်ရန်အတွက် B.O.T စာချုပ်များကို ခေတ်ကာလနှင့် လျော်ညီအောင် ပြင်ဆင်ရန် လိုအပ်ပါကြောင်း။

 

ကျေးလက်လမ်းများနှင့် ပတ်သက်၍ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ပြီးစီးမှုမှာ ၁၀ ဒသမ ၇ ရာခိုင်နှုန်းသာ ပြီးစီးသေးသောကြောင့် သတ်မှတ် လျာထားကာလများတွင် လုပ်ငန်းများ ပြီးစီးနိုင်ရေးအတွက် ဘဏ္ဍာငွေများကို နှစ်စဉ်လျာထားအတည်ပြု ဆောင်ရွက်သင့်ပါကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်နားထားသော စက်ရုံများကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိက အခန်းကဏ္ဍကို လွှဲပြောင်းခြင်း၊ အကျိုးအမြတ် အလွန်နည်းပါးသော စက်ရုံများကို ရပ်နားပြီး ရောင်းချရန် စီစဉ်ဆောင်ရွက်သင့်ကြောင်းနှင့် စက်မှု လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် အသက်မွေးဝမ်းကြောင်း သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း။

 

လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး တိုးချဲ့တည်ဆောက်မည့် ဓာတ် အားပေးစက်ရုံများတွင် အခြေခံဝန်အားကို ထုတ်ပေးနိုင်သည့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၊ ကျောက်မီးသွေးသုံး စက်ရုံများသာမက အထောက်အကူပြု စက်ရုံများဖြစ်သည့် နေရောင်ခြည်သုံးစက်ရုံ၊ လေအားသုံး စက်ရုံများကိုပါ အချိုးကျရင်းနှီးမြှုပ်နှံ၍ စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နှစ်စဉ်တိုးတက် အသုံးပြုနေသည့် လျှပ်စစ်ဓာတ် အားလုံလောက်စွာ ရရှိနိုင်ရေး တည်ဆောက်ဆဲ ရေအားလျှပ်စစ် စီမံကိန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ဘဏ္ဍာငွေလျာထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အတွင်းတွင်ရှိသည့် ရနိုင်သမျှ ရေအား၊ လေအား၊ နေအား၊ အပူစွမ်းအင်နှင့် အခြားစွမ်းအင်အရင်းအမြစ်များကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

ရေနံလက်ယက်တွင်းများမှ တရားမဝင်ထွက်ရှိနေသည့် ရေနံစိမ်းများကို တရားဝင်တူးဖော် ထုတ်လုပ် နိုင်ရေးအတွက် လိုအပ်သော အစီအမံများ ရေးဆွဲဆောင်ရွက်ရန်  လိုအပ်ပါကြောင်း၊ ရေနံလက်ယက် တွင်း တူးဖော်ထုတ်လုပ်နေသည့် ဒေသများတွင် တရားဥပဒေစိုးမိုးရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ မှုခင်းလျော့နည်း ကျဆင်းရေး၊ ရေနံလက်ယက်တွင်းဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ အဂတိလိုက်စားမှု ကင်းရှင်းရေး တို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ထိရောက်စွာ ပူးပေါင်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ်အကြံပြုပါကြောင်း၊ နိုင်ငံ တော်၏ ဆောက်လုပ်ရေး ကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍများ တိုးတက်ရေးအတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့် အညီ ကော်မတီ၏ လုပ်ငန်းတာဝန်များကို နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ကျေပွန်စွာ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်