ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

နေပြည်တော်  ၂၅   နိုဝင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာ ကျော်သန်းထွန်း(ကန်တုန်) ၏ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ကျေးရွာများ အနီးရှိ ကြက်မွေးမြူရေးခြံများအား လူနေဒေသအနီးမှ ပြောင်းရွှေ့ဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြင်ဦးလွင်မြို့နယ်အတွင်း ကြက်မွေးမြူရေးခြံများ စနစ်တကျ မွေးမြူနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ထိန်းသိမ်းကြပ်မတ်လျက်ရှိသည့်အပြင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့်လည်း ကြက်မွေးမြူရေးခြံများကို ကောင်းမွန်သည့် တိရစ္တာန်မွေးမြူရေး ကျင့်စဉ်နှင့်အညီ မွေးမြူခြင်း ရှိ/မရှိ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ အနေဖြင့် ပြည်သူလူထုကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ကြက်မွေးမြူရေးခြံများကို စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားရန် စီမံဆောင်ရွက်လျက် ရှိသည့်အတွက် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ကြက်မွေးမြူရေးခြံများကို လတ်တလောတွင် လက်ရှိ လူနေဒေသအနီး တည်ရှိနေမှုမှ ပြောင်းရွှေ့ဖယ်ရှားပေးရန်မှာ မြေနေရာရရှိမှု အပါအဝင် စီမံခန့်ခွဲမှုအပိုင်းကို ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

21

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း ၏ ရခိုင်ပြည်နယ်၊ကျောက် ဖြူမြို့နယ်၊ တဲချောင်းကျေးရွာအုပ်စု၊ ပြင်ဝန်းကျေးရွာ ဆားငန်ရေတားတာဘောင်အား ဆည်ဖို့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော် က လက်ရှိအခြေအနေတွင် ကွင်းဆင်းစိစစ်ချက်အရ မုန်တိုင်းဒီရေနှင့် ထူးကဲဒီရေမြင့်တက်မှုများကြောင့် အဆိုပါ တာသည် ကျိုးပေါက်ပျက်စီးလျက် ရှိသည့်အတွက် ပြန်လည်ပြုပြင်ရန် လိုအပ်သည့် အခြေအနေဖြစ်ပါကြောင်း၊ ပြင်ဝန်းရေငန်တားတာသည် အလျား ပေ (၁၂၀ဝ)ကို တာပုံစံကျ မြေဖို့ပြုပြင်ရန်နှင့် မိုးရာသီအတွင်း ရေထုတ်နိုင်ရန်အတွက် ကွန်ကရစ်ရေတံခါး တစ်ခု ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ် မည့် ရန်ပုံငွေကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေတွင် တင်ပြ တောင်းခံခဲ့ပါ ကြောင်း၊ သို့သော် ပြည်နယ်အတွင်း ဦးစားပေးလုပ်ငန်းများအလိုက် ရန်ပုံငွေစိစစ်ရာတွင် ထည့်သွင်းဆောင်ရွက်ရန် အခြေအနေမပေးသည့်အတွက် ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေး နှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထပ်မံထည့်သွင်း လျာထားတင်ပြ တောင်းခံသွားမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း  ဖြေကြားသည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် ၏ ရှေးရိုးစဉ်လာ အသက်မွေးဝမ်းကျောင်း အတတ်ပညာဖြစ်သော ယွန်းထည်လုပ်ငန်းကို နိုင်ငံခြား ဈေးကွက်ရှာပေးခြင်း အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သလို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း ၏ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည် ဂရန်မူရင်း ပိုင်ရှင်က အခြားသူတစ်ဦးသို့ ဂရန်နှင့်တကွ လွှဲပြောင်းရောင်းချထားပြီးကြောင်း ကန့်ကွက်သူရှိနေပါလျက် ဂရန်မိတ္တူမှန် ထပ်လျှောက်ထားခြင်းကို ခွင့်ပြုပိုင်ခွင့် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အမှတ်(၁) မြို့မဈေးကြီးအား အဆင့်မီ အထပ်မြင့်ဈေးအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က လည်းကောင်း ပြန်လည်ရှင်း လင်းဖြေကြား ခဲ့ကြသည်။

 

78

 

ထို့နောက် စက်မှုဇုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေတို့က ဆွေးနွေးကြသည်။

 

 

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်း ၏ မြန်မာနိုင်ငံတွင် တစ်စတစ်စ ပြုန်းတီးလျက်ရှိသော ကြိုးဝိုင်း၊ ကြိုးပြင်တောများ အပါအဝင် သစ်ပင်သစ်တောများ ပြန်လည်ရှင်သန် စိုပြေလာစေရေးနှင့် သစ်ပင်သစ်တောများကို အခြေခံပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် World Bank, ADB, WWF စသည့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးနှင့် နည်းပညာ ကူညီထောက်ပံ့မှုများဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity) လုပ်ငန်းစဉ်များ (Functions) နှင့် ကျင့်ဝတ်သိက္ခာ (Ethics) များ ပိုမိုအဆင့်အတန်း မြင့်မားလာစေရန် အထူးသင်တန်းများပေးပြီးအား ပေးစည်းရုံးပညာပေးသင်ကြားရန်နှင့် ၄င်းသစ်တောဝန်ထမ်းများ လိုအပ်လျက်ရှိသော ခေတ်မီလက်နက်ကိရိယာ Facilities and equipments များကို စနစ်တကျတပ်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် က ယခင်က သစ်တောဝန်ထမ်းများကို သေနတ်၊ ကားနှင့် အခြားခေတ်မီလက်နက်ကိရိယာများ အပြည့်အစုံ တပ်ဆင်ပေးခဲ့သော်လည်း ယခုအခါ သစ်တောဝန်ထမ်းများအတွက် ရှိသင့်ရှိထိုက်သည့် ခေတ်မီလက်နက်ကိရိယာများ မရရှိတော့သည့်အတွက် သစ်တောများထိန်းသိမ်းနိုင်မှု လွန်စွာအားနည်းနေပါကြောင်း၊ သစ်တောဝန်ထမ်းများကို ခေတ်မီနည်းပညာများ တတ်မြောက်အောင် သင်တန်းပေးခြင်း၊ ထောက်လှမ်းရေး ဒရုန်းယာဉ်များ၊ စီစီတီဗီများ၊ လမ်းကြမ်းသွား မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ခေတ်မီသော လက်နက် အစရှိသည့် ကိရိယာတို့ကို ထောက်ပံ့ တပ်ဆင်ပေးသင့်ပါကြောင်း၊ သို့မှသာ သစ်တောများကို ထိန်းသိမ်းနိုင်မည် ဖြစ်သည့်အတွက် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးခင်မောင်ဝင်း က သစ်တောများကို ရေရှည်တည်တံ့နိုင်စေရန်အတွက် ထိန်းသိမ်းစီမံခန့်ခွဲခြင်း၊ သစ်တောများ တည်ထောင်စိုက်ပျိုးခြင်း၊ သစ်တောများအား ကာကွယ်ခြင်း၊ သစ်တောများပြန်လည်ပြုစု ပျိုးထောင်ခြင်း၊ သစ်တောများစိုက်ပျိုးခြင်း၊ သစ်တောအခြေခံဇီဝလောင်စာများ အစားထိုး ထုတ်လုပ်သုံးစွဲခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် သစ်တောများကို ပြန်လည်ပြုစုပျိုးထောင်ရာတွင် အစိုးရပိုင်းသာမက ပြည်သူများ ပိုမိုပူးပေါင်းလာစေရေး စည်းရုံးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒေသခံ ပြည်သူအစုအဖွဲ့ ပိုင်သစ်တောများ တည်ထောင်ခြင်းစသော လုပ်ငန်းများကို ဒေသခံ ပြည်သူများအကြား ရှင်းလင်းတင်ပြပြီး ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာသော ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများကို ရင်ဆိုင်နိုင်ပြီး နိုင်ငံတော်၏ သစ်တောကဏ္ဍကြီးတစ်ခုလုံး ရေရှည် တည်တံ့ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

ယင်းအဆိုကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းသန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်းတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို နိုဝင်ဘာ ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်