ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော်   ၆   မတ်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

           

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၏ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာကို တရားဝင်အမည်ပေါက် ကျေးရွာဖြစ်စေရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က အောင်သုခ ကျေးရွာသည် အင်းဒင်ကျေးရွာအုပ်စုအတွင်း၌ နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့် ၂၀၁၈ ခုနှစ် တွင် တည်ထောင်ခဲ့ရာ အိမ်ခြေ ၁၂၄လုံး၊ လူဦးရေ ၅၂၂ ဦးနေထိုင်လျက်ရှိပြီး ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါကြောင်း၊

 

အဆိုပါကျေးရွာသည် မြေပြင်တွင် အမှန်တကယ်တည်ရှိနေသော်လည်း တရားဝင် အမည်မ ပေါက်သေးသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး ၂၀၁၇ခုနှစ် အကြမ်းဖက် ဖြစ်စဉ်ကြောင့် လတ်တလောအခြေအနေအရ တိုင်းရင်းသားကျေးရွာများ အသစ် တည်ဆောက်နေရခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျေးရွာနေရာများ ရွှေ့ပြောင်းခြင်းများ ရှိနေသဖြင့် ၎င်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက အောင်သုခကျေးရွာအပါအဝင် ကျန်ရှိသည့် ကျေးရွာများအားလုံးကို စုစည်းပြီး တရားဝင်အမည်ပေါက် ကျေးရွာဖြစ်စေရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

           

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၏ မြို့နယ်များတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော (OSS) ရုံးများအား အများပြည်သူအသုံးများသော နေရာများတွင် ဖွင့်လှစ်ရန်နှင့် (OSS) လုပ်ငန်းများ ယခုထက်ပိုမိုအောင်မြင်စေရန် မည်သို့စီမံ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြည်သူ့ဝန်ဆောင်မှုရုံး အများစုသည် လက်ရှိအခြေအနေတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းတွင် ဖွင့်လှစ်ထားရှိပြီး အချို့မြို့နယ်များတွင် မြို့နယ်စုပေါင်းရုံးများ၌ ဖွင့်လှစ်ဆောင် ရွက်လျက်ရှိကာ အများစု အနေဖြင့် ဝင်ထွက်သွားလာရ လွယ်ကူသည့် နေရာများ ဖြစ်ပါကြောင်း၊ သီးခြားရုံး အဖြစ် ဖွင့်လှစ်ဆောင်ရွက်သည့်အခါတွင် အဆောက်အဦ ဆောက်လုပ်ရန် မြေနေရာနှင့် ဘတ်ဂျက်လိုအပ်ချက်များ ရှိလာနိုင်ပြီး လက်ရှိတွင် လိုအပ်သည့် ဘတ်ဂျက်ကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ချထားပေးနိုင်ခြင်းမရှိသေးသည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေအတွင်းမှသာ လိုအပ်ပါက ကျခံဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

           

ပြည်သူ့ဝန်ဆောင်မှုရုံးများ ယခုထက်ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်သူ အရာရှိအဖြစ် ဆောင်ရွက်နေသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးများအတွက် မွမ်းမံသင်တန်းများကိုလည်း  ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ကျန်ဖွင့်လှစ်ထားသည့် ဌာနများအတွက်လည်း သင်တန်းများ ပေးရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စိတ်ဝင်စားစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ဖွဲ့စည်းထားသည့် ပြည်သူ့ ဝန်ဆောင်မှုရုံးများ ထူထောင် ဖွင့်လှစ်အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်း ညှိနှိုင်းပေါင်းစပ်ပေးလျက်ရှိပါကြောင်း။

           

ယခုအခါ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း လမ်းညွှန်စာအုပ် ရေးဆွဲဆောင်ရွက်နိုင်ရန်အတွက် ဝန်ဆောင်မှုပေးရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာဌာနများမှ အတည်ပြုပေးပို့ထားရှိပြီး ဖြစ်သည့်အတွက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း လမ်းညွှန်စာအုပ်အား ထုတ်ဝေနိုင်ရေးဆောင်ရွက်လျက် ရှိပါကြောင်း၊ စာအုပ်ထုတ်ဝေပြီးပါက ယင်းစာအုပ်၏ သတင်းအချက်အလက်များကို ပြည်သူများအကြား အလျင်အမြန် ရောက်ရှိ၍ ဝန်ဆောင်မှုများ ပေးနိုင်စေရန် Mobile Phone Application ဖြင့် စီစဉ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ယခုထက်ပိုမိုအောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစိုင်းအုန်းကျော်၏ ရှမ်းပြည်နယ်၊  မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ တောင်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ လယ်ဧက(၉၀၀) ကျော်အား ရေပေးဝေနေသော ဗမုံဆည်မြောင်းမကြီး မြောင်းပေါင်အား ဖောက်ထုတ်ပြီး (အခြေချ) စစ်ဗျူဟာမှ ငါးကန် ၂ ကန်အတွင်းသို့ရေများ သွယ်ယူနေခြင်းအား တားဆီးပိတ်ပင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် က ဗမုံဆည်သည် တပ်မြေအတွင်း ပါဝင်မှုရှိပြီး ဆည်မှ ရေကို ဖြတ်သန်းစီးဆင်းခွင့် ပြုထားခြင်း၊ မိုးမိတ်မြို့နယ်တွင် ငါးဈေးနှုန်းကြီးမြင့်မှုကြောင့် ၀ ဒသမ ၃၅ ဧကရှိ ငါးကန်(၂) ကန်အား ၂၀၁၉ ခုနှစ်  ဇွန်လတွင် စတင်တူးဖော်၍ ငါးကန်ရေရရှိရန် စစ်ဗျူဟာမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဦးစီးမှူးများဖြင့် ၂၀၁၉ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ခြင်း၊ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလတွင် ငါးကန်အတွက် လိုအပ်သည့် ရေပမာဏအား နေ့စဉ်သွယ်ယူခြင်းမဟုတ်ဘဲ တစ်ပတ်လျှင် (၁)ကြိမ် ရေဂါလန် ၂၈၀၀ ခန့်သာ အသုံးပြုခြင်း၊ တပ်နယ်မှ ငါးမွေးမြူခြင်းဖြင့် ဒေသအတွက် ကုန်ဈေးနှုန်း တည်ငြိမ်မှုကို အထောက်အကူပြုစေခြင်း၊ တောင်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ လယ်ဧက ၉၀၀ ကျော်အတွက် ရေပေးဝေသည့် မြောင်းပေါင်အား ဖောက်ချအသုံးပြုခြင်း မဟုတ်ဘဲ လိုအပ်သည့် ရေပမာဏရရှိရန် အဖွင့်အပိတ် စနစ်ဖြင့် သွယ်ယူအသုံးပြုခြင်းနှင့် တောင်ကိုင်းကျေးရွာအုပ်စု အနေဖြင့် စိုက်ပျိုးရာသီတွင် မိုးစပါး လျာထား ဧကများအတိုင်း ထိခိုက်မှုမရှိဘဲ စိုက်ပျိုးနိုင်ခဲ့ ပါကြောင်း ဖြေကြားသည်။

           

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက်၏ ချင်းပြည်နယ်၊ ပလက်မြို့နယ်၊ တိုင်၀ကျေးရွာအုပ်စုနှင့် တွီကင်း၀ကျေးရွာအုပ်စုကြား ရှိ ပါး- -ရိန်းရောင်း - ဟားလာ၀ - ကန့်လာ၀ - တွီကင်း၀ ကျေးရွာချင်းဆက်လမ်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က အဆိုပါ ကျေးရွာချင်းဆက် လမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသော လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေးပါသဖြင့် အဆိုပါ လမ်းပိုင်းအား ဆောက်လုပ် ရေးဝန်ကြီးဌာနလမ်းအဖြစ် သိမ်းသွင်းနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ စတင်တင်ပြရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာ             အားကာမိုး၏ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၏ သာမိုးတောင်ကျေး ရွာအုပ်စုအတွင်းရှိ ကယ်ပယ်ကျေးရွာနှင့် ထမုံကျေးရွာ အုပ်စုအတွင်းရှိ ခပေါင်းပင် ကျေးရွာ (ဒေသအခေါ်အဝေါ် ထမုံဥယျာဉ်ကျေးရွာ)နှစ်ရွာကို ၂၀၁၈ခုနှစ် ပြည်ထဲရေး မှတ်တမ်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၏ ကျွဲရိုင်းပြင်ကျေးရွာအုပ်စုသို့ ဖွဲ့စည်းထည့်သွင်းခြင်းအား ပြန်လည်ပြင်ဆင်သတ်မှတ်ပေး နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၏ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၊ ကြေးနီသတ္တုတွင်း (မုံရွာ)အား လက်ပတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်း လုပ်ဆောင်ရန်အတွက် လယ်မြေနှင့် ယာမြေ၊ မြေငှားရမ်းခနှုန်းထားများအား ပြင်ဆင် တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယနေ့တိုင် မြေယာ၊ သီးနှံလျော်ကြေး ထုတ်ယူခြင်းမရှိသေးသော တောင်သူများအား ယနေ့ဖြစ်ပေါ်နေသော ကာလ ပေါက်ဈေးဖြင့် ပေးလျော်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊         ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂)မှ စောသန်းထွဋ်၏ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စုအနီးရှိ ကျေးရွာတချို့တွင် ရေတွင်း ရေကန်နှင့် အင်းအိုင်များ၌  သောက်သုံးရေများ အမည်းရောင်ပြောင်းလဲမှုနှင့် စပ်လျဉ်း၍ သိရှိလိုခြင်း မေးခွန်းနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်၏ နယ်မြေခံခြေမြန်တပ်ရင်းမှ သိမ်းဆည်းထားသော မြေတချို့ကို ပြန်လည်စွန့်လွှတ်ပေးရေးကိစ္စနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းတို့ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း ၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ မာရာတောင်ကြောရှိ ကျေးရွာအုပ်စု (၃)စု၏ ကျေးရွာ ချင်းဆက်လမ်းများအား ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်း က လည်းကောင်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘော်ရယ်စိုးဝေ ၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စုအတွင်းရှိ လျှပ်စစ်ဓာတ်အားမရရှိသေး သော ကျေးရွာများအား မည်သည့်အချိန်တွင် လျှပ်စစ်ဓာတ်အားရရှိမည်ကို သိရှိလိုခြင်း မေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးငွန်ဟေး၏ ချင်းပြည်နယ်ရှိ မဏိပူရ်မြစ် ရေ အားလျှပ်စစ်စီမံကိန်းအား BOT စနစ်ဖြင့် ချင်းပြည်သူများ၏ လျှပ်စစ်ဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လည်းကောင်း၊ သဘာဝသစ်တောပြုန်းတီးခြင်းမှ ကာကွယ် ခြင်း တစ်ခုဖြစ်၍လည်းကောင်း၊ နိုင်ငံတော်အတွက် အရေးတကြီးလိုအပ်နေသော လျှပ်စစ် ဓာတ်အားများကို အချိန်တိုအတွင်း ရရှိရန်ဖြစ်ခြင်းကြောင့်လည်းကောင်း ပြန်လည် အကောင် အထည်ဖော်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ်၏ ချင်းပြည်နယ်၊ ဟားခါးမြို့မှ ၈၆ မိုင် ကွာဝေးသော ဂန့်ဂေါမြို့ ဓာတ်အား ခွဲစက်ရုံမှ မတူပီမြို့နယ်၊ ရေဇွာမြို့သို့ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းပေးဝေခြင်း ပြုမည့်အစား ဟားခါးမှ မိုင် ၆၀ အကွာ၌ ရှိသော လေအွမ် (ခ) ဓာတ်အားခွဲရုံမှ မိုင် ၄ဝခန့်ဝေးသော ဆူရ်ခွါးမြို့သို့ အရင် သွယ်တန်းပေးဝေပြီးမှ ရေဇွာမြို့ (ဆူရ်ခွါးမှ ၅၃မိုင်) သို့လည်းကောင်း၊ ထန်တလန်မြို့နယ် နှာရိန်မြို့ (ဆူရ်ခွါးမှ ၅၁မိုင်)သို့လည်းကောင်း သွယ်တန်းပေးဝေပါက နိုင်ငံတော်အတွက် ကုန်ကျစရိတ်အမြောက်အမြား သက်သာမည် ဖြစ်ပါသဖြင့် ထိုသို့ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းကလည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

             

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသားလွှတ် တော်က အတည်ပြုပြီးပေးပို့ထားသော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြလက်မှတ်ရေး ထိုးပြီး အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

           

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်က ပြင် ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူသည်။

           

ဆက်လက်၍ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) မှ ဦးဆန်းမြင့် ကဆွေးနွေးသည်။

           

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမျိုးသား လွှတ်တော်ရုံး၊ ညွန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

           

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်ရွေးကောက် ပွဲနည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအလိုက် အသေးစိတ်ဖော်ပြလက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

53

           

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအလိုက် အသေးစိတ် ဖော်ပြလက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး၊ ညွန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

           

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း က မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်ဆီတန်ချိန် (၂)သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ရာ ယင်းဓာတ်ဆီနှင့်ရောသုံးသည့် အီသနော လောင်စာဆီကို ပြည်တွင်း၊ အရက်ချက် စက်ရုံများမှ ပြောင်း၊ ဆန်စသည့် ကုန်ကြမ်းများကို အခြေခံကာ ထုတ်လုပ်နိုင်ပြီး၊ ဘေးထွက်ပစ္စည်းများမှလည်း တိရစ္ဆာန်အစာများနှင့် ဇီဝဓာတ်ငွေ့၊ ဇီ၀မြေဩဇာအဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit) ကိုလျော့နည်းစေရန် အတွက် သဘာဝပတ်ဝန်းကျင် အထောက်အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော အီသနော (ခေါ်) ရေမဲ့အရက်ကို သင့်တော်မည့်  ရာခိုင်နှုန်း အချိုးအဆအား ဓာတ်ဆီဖြင့် ရောနှောသုံးနိုင်ရန်အတွက် လုပ်ငန်း ရှင်များအား လုပ်ပိုင်ခွင့်အမိန့် ထုတ်ပြန်ပေးခြင်း (Mandate) ကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး စီစဉ်ချမှတ်ဆောင်ရွက် သင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် အီသနော လောင်စာရေမဲ့အရက် ထုတ်လုပ်ခြင်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်း အင်ဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းစေခြင်း၊ ပြည်တွင်းစိုက်ပျိုးရေး ကဏ္ဍအတွက် အာမခံချက်ရရှိစေကာ လူမှုစီးပွားဘဝတိုးတက်စေ နိုင်ခြင်း၊ မွေးမြူရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် တိရစ္ဆာန်အစာကို ပြည်တွင်း၌ပါ ဖူလုံစေနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များပြားလာစေနိုင်ခြင်း၊ နိုင်ငံတကာဈေးကွက် လိုအပ်ချက်အရ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သည့် ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေသည့် မော်တော်ကားများကို ပြည်တွင်းတွင် သုံးစွဲစေနိုင်ခြင်း၊ ကမ္ဘာ့နည်းပညာ အပြောင်းအလဲနှင့်အတူ ပါဝင်ခွင့်ရရှိနိုင်ခြင်းစသည့် အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသောကြောင့် သင့်တော်သည့် အီသနော ရေမဲ့အရက် ရာခိုင်နှုန်း အချိုးအစားကို ဓာတ်ဆီဖြင့် ရောနှောသုံးစွဲရန်အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့် အမိန့်ထုတ်ပြန်ပေးခြင်း (Mandate) ခွင့်ပြုပေးပါရန် တိုက်တွန်းသည့် အဆိုကို အမြန်ဆုံးဆောင်ရွက်သင့်သည့်အတွက်  ပြည်ထောင်စုအစိုးရအား လေးစားစွာ တင်သွင်းရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

           

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦးက တိုင်းပြည်ကို များစွာအကျိုးရှိသည့် အဆိုကောင်း တစ်ရပ်ဖြစ်သည့်အတွက် ထောက် ခံပါကြောင်း ပြောကြားသည်။

           

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

           

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုကို ဆွေးနွေးမည့် လွှတ် တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

           

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ရပ်နားမည်ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြိုတင်အသိပေးမည် ဖြစ်ပါကြောင်း ကြေညာသည်။

 

အောင်ရဲသွင်၊ စိုးဝင်းထွန်း