ဒုတိယအကြိမ် အမျိုးသားလွှတ်တော်  (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော်  ၁၁  ဖေဖော်ဝါရီ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၏ နိုင်ငံတော်ယဉ်ကျေးမှု ကဇာတ်အနေဖြင့် တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအက တေးဂီတတို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း အပါအဝင် မြန်မာ့ရိုးရာယဉ်ကျေးမှု စစ်စစ်ပြသသည့် ပဒေသာကပွဲများ၊ ဇာတ်တော်ကြီးများ၊ ဒီမိုကရေစီစနစ် အပြောင်းတွင် ပြုမူကျင့်ကြံစရာ အသိသညာများကို အများပြည်သူတို့ထံ ရောက်ရှိရန် နိုင်ငံတစ်ဝန်း အထင်ကရ ဘုရားပွဲတော်များ၊ မြို့ကြီးများတွင် လှည့်လည်ကပြတင်ဆက်ခြင်း အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက အနုပညာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့သို့ ယခုထက်ပိုမို၍ ကပြနိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေး၊ တည်းခိုနေထိုင်ရေး၊ ဇာတ်ခုံနှင့် ဇာတ်ရုံရရှိရေး အပါအဝင် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအားလုံးအတွက် ရန်ပုံငွေနှင့် အနုပညာရှင် အင်အားတိုးမြှင့်ခန့်ထား ဖြည့်တင်းနိုင်ရန်လည်း လိုအပ်လျက်ရှိပါကြောင်းနှင့် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ မြို့ကြီးများတွင် ပိုမိုလှည့်လည်ကပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

0b

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကြို့ဝန်းကြီး ကျေးရွာအုပ်စု၊ တည်ဘိုကန်ကျေးရွာနေ တောင်သူ(၆၂)ဦး၏ လယ်မြေ (၁၅၉ ဒသမ ၅၀) ဧကအား ကြိုးပြင် ကာကွယ်တော ဧရိယာအတွင်းမှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သစ်တောနယ်မြေများအတွင်း နှစ်ကာလအတိုင်းအတာတစ်ခုအထိ အခြေချနေထိုင်သည့် ရွာစုနှင့် အိမ်ထောင်စုများကို သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေးနိုင်ရေးအတွက် မြေပြင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို သက်ဆိုင်ရာဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအထိ ကော်မတီအဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ စာရင်းများကောက်ယူမှုအရ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောမြေအဖြစ်မှ ပယ်ဖျက်ခြင်း လုပ်ငန်းစဉ်များကို အဆင့်ဆင့် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ တည်ဘိုကန်ကျေးရွာနေတောင်သူ (၆၂) ဦး၏ လယ်မြေ (၁၅၉ ဒသမ ၅၀) ဧကသည် အိမ်ခြေ ၅၀ အောက် ပြန့်ကျဲနေထိုင်သည့် အိမ်ခြေများနှင့် ပြင်ပမှနေထိုင်ပြီး ကြိုးဝိုင်းအတွင်း ဝင်ရောက်လုပ်ကိုင်သူမျာ စာရင်းတွင် ပါဝင်နေသည့်အတွက် အဆိုပါ လယ်မြေများကို သစ်တောမြေမှ ပယ်ဖျက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်၏ “စိမ်းမြညို” ဒေသခံအစုအဖွဲ့မှ ဦးဆောင်သူ တစ်ဦးလျှောက်ထားသော စိုက်ခင်းအကျယ် (၃၅၀)ဧကအား သစ်တောဦးစီးဌာန၏ စိုက်ခင်းများအဖြစ်မှ အမြန်ဆုံး ပယ်ဖျက်ခွင့်ပြုရန်နှင့် ဝါးစိုက်ပျိုးခွင့် ချထားပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက စိမ်းမြညိုအဖွဲ့မှ လျောက်ထားသည့် ဧရိယာ (၃၅၀) ဧကကို မြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ဒေသခံပါဝင်သည့်အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် လျောက်ထားမြေနေရာသည် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် ၁၉၈၆ ခုနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သည့် စီးပွားရေးကျွန်းစိုက်ခင်း ၄၂၀ ဧကအနက် လျော့နည်းပျက်စီးတင်ပြထားသည့် ဧရိယာ ၃၇၀ ဧကအတွင်း ပါဝင်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ် (၁၅/၂၀၁၀) ဆုံးဖြတ်ချက်အရ ပျက်စီးလျော့နည်း စိုက်ခင်းစာရင်းအား သစ်တောဦးစီးဌာနက မှတ်တမ်းတင်ထားရှိခြင်းနှင့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး (၁၀)နှစ်စီမံကိန်းအရ စီးပွားရေးစိုက်ခင်းဟောင်းများ ပြန်လည်ပြုစုထိန်းသိမ်းခြင်းကို ဆောင်ရွက်လျက်ရှိသည့်အတွက် လျော့နည်းပျက်စီးသွားသော စီးပွားရေးစိုက်ခင်းများအား သစ်တောဦးစီးဌာန၏ စိုက်ခင်းများအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် မရှိပါကြောင်း။

သို့သော် ဦးဆောင်လျှောက်ထားသူ ဦးတင့်ဝေအနေဖြင့် နိုင်ငံပိုင်သစ်တောစိုက်ခင်း ဧရိယာနှင့် သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိသည့် ဧရိယာနှင့် လွတ်ကင်းသည့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများတွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် လျောက်ထားလာပါက လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့နယ်၊ ပုလဲကိုင်းကျေးရွာကို ကျေးရွာအဖြစ် အသိအမှတ်ပြုပေးနိုင်ရန်အတွက် ကျေးရွာမြေမှာ သစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသဖြင့် သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ၂၀၁၃ ခုနှစ် သစ်တောမြေအတွင်း ကျူးကျော်ဝင်ရောက်လုပ်ကိုင်သူများ စာရင်းကောက်ယူမှုအရ ပုလဲကိုင်းကျေးရွာ၏ သစ်တောမြေအတွင်း ကျရောက်နေသည့် မြေနေရာကို ပယ်ဖျက်ပေးရာတွင် မြေပြင်နှင့် မြေပုံကွဲလွဲမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့သော် ကျောက်တော်မြို့နယ်၏ နယ်မြေဒေသအခြေအနေအရ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ရန် အခက်အခဲရှိပါကြောင်း၊ အခြေအနေပေးလာပါက အချိန်နှင့် တစ်ပြေးညီ ကွင်းဆင်းစစ်ဆေး၍ မြေအမျိုးအစားအလိုက် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတည်ထောင်ခြင်း၊ နှစ်ရှည်မြေငှားရမ်းလုပ်ကိုင်ခွင့် ချထားပေးခြင်း စသည်တို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ယင်းနောက် အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော်နှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးတို့က ဆွေးနွေးကြသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်က ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်းဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမျိုးအောင်က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအလိုက် အသေးစိတ် ဖော်ပြလက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ စိုးဝင်းထွန်း