ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော်  ၇  ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၂)ထပ်ဆောင်အား ဖျက်သိမ်းပြီး RC(၂)ထပ်ဆောင်အဖြစ် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ကထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ပေ(၁၄၀/၃၀) RC (၂)ထပ် ဆောင်အသစ် ဆောက်လုပ်ပေးရန် လိုအပ်သောရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေတွင် ဦးစားပေးအစီအစဉ်အရ ထည့်သွင်းလျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း ၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)အဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က မလော့ချောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ယခုနှစ် ပညာသင်နှစ်အတွင်း စုစုပေါင်း အလယ်တန်းအဆင့်သင်ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦးရှိပါကြောင်း၊ အနီးဆုံး အထက်တန်းအဆင့်သင် ကျောင်းဖြစ်သည့် မုက္ခမူအခြေခံပညာအထက်တန်းကျောင်းနှင့် (၂)မိုင်ခရီးအတွင်းရှိပါကြောင်း၊ ထို့ပြင် လက်ရှိ ကျောင်းအဆင့် သက်တမ်းတိုးပေးထားသည်မှာလည်း (၁)နှစ်သာရှိသေးသည့်အတွက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တွင် အဆင့်တိုးမြှင့်ရန် သတ်မှတ်ထားသည့် ဦးစားပေးကျောင်းစာရင်းတွင် မပါရှိသေးပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ရွာကြပ်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အရာတော်မြို့နယ်၊ ရွာကြပ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၏ သက်တမ်းမှာ (၄)နှစ်ခန့်သာရှိပါကြောင်း၊ ယခုနှစ်ပညာသင်နှစ်စာရင်းအရ စုစုပေါင်း အထက်တန်းအဆင့်သင် ကျောင်းသား၊ ကျောင်းသူ (၅၈)ဦးသာ ရှိပါကြောင်း၊ လက်ရှိအားဖြင့်လည်း အထက်တန်းပညာရပ်များ သင်ကြားခွင့်ရရှိနေသည့် အခြေအနေ ရောက်ရှိနေသည့်အတွက် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် အဆင့်မြှင့်တင်ခြင်းအတွက် ဦးစားပေးအဆင့်အနေဖြင့် သတ်မှတ်ထားခြင်း မရှိပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် သင်္ဂနက်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတို့တွင် RC တစ်ထပ်ကျောင်းဆောင် တစ်ဆောင်စီနှင့်ရွာမပြင် ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းတွင် RC နှစ်ထပ်ကျောင်းဆောင် တစ်ဆောင်တို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် ပေ(၁၂၀/၃၀) RC  တစ်ထပ်ဆောင်တစ်ဆောင်၊ သင်္ဂနပ်ကျေးရွာအခြေခံ ပညာမူလတန်း(လွန်)ကျောင်းတွင် ပေ (၆၀/၃၀) RC တစ်ထပ်ဆောင်အသစ်တစ်ဆောင်၊ ရွာမပြင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ပေ(၁၀ဝ/၃၀) RC နှစ်ထပ်ဆောင် အသစ်တစ်ဆောင်တို့ကို ဆောက်လုပ်ပေးရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း ရန်ပုံငွေအောက်တွင် ဦးစားပေးအစီအစဉ်အရ ထည့်သွင်းလျာထား ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတက္ကသိုလ်ဝင်း အတွင်း ဆောက်လုပ်နေသော ပေ(၆၀ဝ / ၄၀ဝ)  ရှိ မီတာ(၄၀ဝ) ပြေးလမ်းပါ အားကစားကွင်းအား စံချိန်ကိုက် ဘောလုံးကွင်းနှင့် ပြေးလမ်းများအဖြစ် ပြင်ဆင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆင့်မြင့်ပညာ ဦးစီးဌာနအနေဖြင့် တည်ဆောက်လျက်ရှိသော ဘောလုံးကွင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၆)လနှင့် (၁၂)လ ဘတ်ဂျက်၏ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေအောက်မှခွင့်ပြု ငွေကျပ်သန်းပေါင်း (၈၅၉ ဒသမ ၅၅)ဖြင့် လုပ်ငန်းများဆောင်ရွက်ရန် ဘတ်ဂျက်လျာထား၍ ချထားပေးခဲ့ပါကြောင်း၊ အဆိုပါ ဘောလုံးကွင်းအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် Kay Golden Myanmar Co.Ltd မှ တာဝန်ယူဆောက် လုပ်လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တင်ပြသကဲ့သို့ စံချိန်နှင့်မကိုက်သည့် အချက်အလက်များကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဟင်္သာတတက္ကသိုလ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးကုမ္ပဏီ Kay Golden Myanmar Co.Ltd တို့မှ တာဝန်ယူ၍ စံချိန်ကိုက်ဘောလုံးကွင်းနှင့် ပြေးလမ်းများအဖြစ် ပြင်ဆင်ရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ဖြေကြားသည်။

 

5

 

မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ တယ်လီဖုန်း အော်ပရေတာကုမ္ပဏီများမှ မိုဘိုင်း တယ်လီဖုန်း အသုံးပြုသူများ၏ ကြိုတင်ပေးသွင်းထားသော ဖုန်းဘေလ်များထဲမှ အခြားသောဝန်ဆောင်မှု အမျိုးအစားများအတွက်ဟု ဆိုကာ ကာယကံရှင်၏ သဘောတူခွင့်ပြုချက်မဟုတ်ဘဲ အခကြေးငွေများ ဖြတ်တောက် ယူငင်မှုများ များပြားလာ၍ သုံးစွဲသူပြည်သူများ ဆုံးရှုံးနစ်နာနေပါသဖြင့် ထိရောက်စွာ တားဆီးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသာဦးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ ပိုမိုဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သုံးစွဲသူပြည်သူများအတွက် ဈေးနှုန်းသင့်တင့် မျှတစွာဖြင့် ကြိုက်နှစ်သက်ရာ ဝန်ဆောင်မှုအစီအစဉ်များကို ရွေးချယ်အသုံးပြုနိုင်စေရန် စီစဉ်ဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ အဆိုပါဝန်ဆောင်မှု အစီအစဉ်များနှင့် ပတ်သက်၍ သုံးစွဲသူပြည်သူများ နစ်နာဆုံးရုံးမှု မရှိစေရေး အတွက် ဆက်သွယ်ရေးအော်ပရေတာများအား ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးအော်ပရေတာများ၏ ဝန်ဆောင်မှုအစီအစဉ်များနှင့် စပ်လျဉ်း၍ သုံးစွဲသူပြည်သူ များ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးအတွက် Facebook Page မှဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားလာမှုများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း ဖုန်းဘေဖြတ်တောက်ခံ ရမှုကြောင့် တိုင်ကြားလာမှုများအားလုံးကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာသည့် အမှုများကိုလည်း စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ဆက်သွယ် ရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ သုံးစွဲသူပြည်သူများအား ထိခိုက်နစ်နာအောင် ဆောင်ရွက်မှုများနှင့် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနသို့လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားလာမှုများကို ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ၊ နည်းဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင်က အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ စိုးဝင်းထွန်း