ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

နေပြည်တော်  ၃  ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

hjk2

 

အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာစိုင်းဆိုင် ကျောက်ဆမ်၏ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံဟော်လုံ (ဟော်နန်း) မြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းထားသည့် မြေနေရာသည် ဌာနအမည်ပေါက် မြေလွှဲရရှိထားပြီး အဆိုပါမြေပေါ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်(၂)ဦးကို နှစ်(၇၀)နှစ်ရှည်ငှားရမ်းထားသော ဟိုတယ်များ ဆောက်လုပ်တည်ရှိနေပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိနေပါကြောင်း၊ ထို့ကြောင့် ဌာနက တရားဝင်အငှားချထားသည့် စာချုပ်များ သက်တမ်းကုန်ဆုံးခြင်း မရှိသေးပါသဖြင့် ယင်းစာချုပ်များ သက်တမ်းကုန်ဆုံးချိန်တွင် ပြည်သူပိုင်သိမ်း အဆောက်အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ ဆက်ခံသူများက ပြန်လည်လျှောက်ထားသည့် ကိစ္စများနှင့်စပ်လျဉ်း၍ လိုက်နာရမည့် ညွှန်ကြားချက်များနှင့်အညီ စဉ်းစားဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင်း မြို့ရှောင်လမ်း ၁၈ ပေ အကျယ်မှ ပေ ၅၀ အကျယ် တာချဲ့ခြင်းအား ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဆမီးမြို့တွင်း မြို့ရှောင်လမ်းအား ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် မူလလမ်းအကျယ် ၁၈ ပေမှ ၃၄ပေ အကျယ် လမ်းတာချဲ့ခြင်းလုပ်ငန်းကို ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်   ချင်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူ တည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြေကြားသည်။

 

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင်၏ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ရွှေကျီးနားရပ်ကွက်မှ စင့်ကင်ကျေးရွာသို့ တာပိန်ချောင်းကိုဖြတ်၍ ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်တံတား ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက တာပိန်မြစ်ကူးတံတားသည် ချဉ်းကပ်လမ်း အပါအဝင် စုစုပေါင်းအရှည်ပေ ၂၀၀၀ ခန့် တည်ဆောက်ရမည်ဖြစ် သည့်အတွက် လာမည့် ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်ပညာရှင်များဖြင့် တံတားတည်ဆောက်ရန်အတွက် Feasibility Study ကို ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၏ နောက်ပိုင်းကာလများတွင် ရန်ပုံငွေများတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်၏ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့ရှောင် ကတ္တရာလမ်းအရှည်(၁)မိုင် (၇)ဖာလုံအား ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် လမ်းနယ်ကျူးကျော်အဆောက်အုံများကို စနစ်တကျ ဖယ်ရှားပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က မက်(စ်)ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ ထောက်ကြန့်မြို့ရှောင်လမ်းအား (၂၄)ပေ အကျယ် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် နှစ်စဉ်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတုရန်းပေ ၂၀၀၀၀ အား ကတ္တရာ ကွန်ကရစ်ဖြင့် လမ်းပေါက်ဖာထေးခြင်းလုပ်ငန်းနှင့် ကျောက် ကတ္တရာဖြင့် စတုရန်းပေ ၃၁၆၈၀ အား မျက်နှာပြင်ညှိလွှာခင်းခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ စတုရန်းပေ ၄၀၀၀နှင့် စတုရန်းပေ ၅၇၆၀ တို့ လုပ်ငန်းဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း။

 

ထောက်ကြန့်မြို့ရှောင်လမ်း မိုင်တိုင်(ဝ/၀)မှ (ဝ/၄)အကြား လမ်းဘေးဝဲ/ယာရှိ လမ်းနယ် ပေ(၃၀၀) တွင် ကျူးကျော်နေသည့် အဆောက်အအုံ (၄၄)လုံးအား ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် ပထမအကြိမ်၊ ဒီဇင်ဘာ ၃ရက်တွင် ဒုတိယအကြိမ် Notice စာပေးပို့ထားပြီး ဖြစ်ပါကြောင်းနှင့် ဒီဇင်ဘာ ၂၄ရက်တွင် ကျူးကျော်နေသူများအား တတိယအကြိမ် သတိပေးအကြောင်းကြားစာ ပေးပို့ပြီးဖြစ်၍ ဖယ်ရှားရှင်းလင်း ပေးခြင်းမရှိပါက လမ်းမကြီးများဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ လမ်းနယ်အတွင်း ကျူးကျော်ဝင်ရောက်မှုများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးပါက ထောက်ကြန့်မြို့ရှောင်လမ်းအားပိုမို အဆင်ပြေချောမွေ့စွာ သွားလာအသုံးပြုနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ ၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်း - တပ်တောင်လမ်းတွင် လမ်းချဲ့ရန် ကျန်ရှိနေသည့် ၂ မိုင် ၂ဖာလုံနှင့် လမ်းခင်းရန် ကျန်ရှိနေသော ၂မိုင် ၃ဖာလုံ၊ လုပ်ငန်းကျန် Over Lay ၄ ဖာလုံအား လာမည့်ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ဆောင်ရွက်ပေးရန်နှင့် အမ်းမြို့နယ်အတွင်း ၂၀၁၅ - ၂၀၁၆ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ လမ်းဦးစီးဌာနမှ နှစ်စဉ်ဘဏ္ဍာငွေ (ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာငွေ)မည်မျှ သုံးစွဲခဲ့သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ အမ်း - တပ်တောင်လမ်းအရှည် (၂၁)မိုင် (၃)ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ လမ်းအခြေအနေမှာ ကတ္တရာလမ်း (၁၈)မိုင် (၄)ဖာလုံနှင့် ကျောက်ချော လမ်း (၂)မိုင် (၇)ဖာလုံ ဖြစ်ပါကြောင်း၊ အဆိုပါ လမ်း၏ (၁)မိုင် (၄ ဒသမ ၅)ဖာလုံအား (၁၂)ပေအကျယ် ကတ္တရာလမ်းခင်းခြင်း၊ (၁)မိုင်အား ပေ(၄၀) အကျယ် မြေသားတာဘောင်ချဲ့ခြင်း၊ (၃)ဖာလုံအား ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းနှင့် အရှည်ပေ(၅၀) အထက် (တည်ဆောက်ဆဲ) တံတား(၄)စင်းတို့ကို ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း/ ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေကျပ် (၁၁၃၈ ဒသမ ၂၅)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ရန် ကျန်ရှိနေသည့် (၁)မိုင် (၂ ဒသမ ၅)ဖာလုံအား ပေ(၄၀)အကျယ်မြေ သားတာဘောင်ချဲ့ခြင်းနှင့် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

 

အမ်းမြို့နယ်အတွင်းရှိ မင်းဘူး - အမ်း - စစ်တွေလမ်းအရှည် (၆၄)မိုင် (၆)ဖာလုံ၊ အမ်း - တပ်တောင်လမ်းအရှည် (၂၁)မိုင် (၃)ဖာလုံ၊ အမ်း - ပဒဲကြော - မအီလမ်း အရှည် (၃၆)မိုင် (၅)ဖာလုံ၊ ညောင်ချောင်း - တပ်တောင်လမ်းအရှည် (၇)မိုင်၊ အမ်းမြို့ တွင်း လမ်းအရှည် (၁)မိုင် (၃)ဖာလုံနှင့် တပ်တောင် - ရူး - တမန်းဒူးလမ်းအရှည် (၂၆) မိုင် (၁)ဖာလုံ စုစုပေါင်းလမ်း(၅)လမ်းအတွက် အရှည်(၁၅၇)မိုင် (၂)ဖာလုံသည် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လမ်းပိုင်းများဖြစ်ပါကြောင်း။

 

 အမ်းမြို့နယ်အတွင်းရှိ အဆိုပါ လမ်းပိုင်းများအတွက် ၂၀၁၅ - ၂၀၁၆ဘဏ္ဍာ ရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံနှင့် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၈ ဒသမ ၄၁၅ ဘီလီယံ စုစုပေါင်း ရန်ပုံငွေကျပ် ၃၅ ဒသမ ၉၁၅ ဘီလီယံ ရရှိခဲ့ပြီး မြေစီခင်းခြင်း(၃)ဖာလုံ၊ ကွန်ကရစ်လမ်းခင်းခြင်း (၆)ဖာလုံ၊ ကတ္တရာလမ်းခင်းခြင်း(၁၃)မိုင်၊ (၁၈)ပေနှင့်အထက် ကတ္တရာလမ်းချဲ့ခြင်း (၁၀)မိုင် (၆ဒသမ၅)ဖာလုံ၊ ကျောက်ချောလမ်းနှင့် အမာခံလမ်းခင်းခြင်း (၁၈)မိုင် (၁ ဒသမ ၅)ဖာလုံ၊ မြေသားတာဘောင် တည်ဆောက်ခြင်း (၄၂)မိုင် (၇ ဒသမ ၅)ဖာလုံ၊ မြေထိန်းနံရံ တည်ဆောက်ခြင်း (၆၇၆၀)ပေ၊ ပေ(၁၈၀)အောက် တည်ဆောက်ပြီး တံတား (၆၄)စင်းနှင့် တည်ဆောက်ဆဲတံတား (၃)စင်း၊ ပေ(၁၈၀)အထက် တည်ဆောက်ပြီး တံတား(၁)စင်းနှင့် တည်ဆောက်ဆဲတံတား(၂)စင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် နှစ်စဉ်လမ်း၊ တံတားများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း ၏ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ပလက်၀ - အဘောင်သား - ခဝဲ ကားလမ်းပေါ်ရှိ ရုပ်ချောင်းကြိုးတံတား ဟောင်းအား အသစ်ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ် လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လွှတ်တော်ကိုယ်စားလှယ် မေးမြန်း ထားသည့် ရုပ်ချောင်း ကြိုးတံတားသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၃) လမ်းပေါ်တွင် တည်ရှိသော တံတားဖြစ်သည့်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီအေး က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဖေဖော်ဝါရီ(၅)ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ စိုးဝင်းထွန်း