ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးစတုတ္ထနေ့ကျင်းပ

နေပြည်တော် ၅ ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

်ါနမန

 

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ဗိုလ်မှူး ဇဝန အစားဗိုလ်မှူးချုပ်ဇော် မြင့်စန်းအားလည်းကောင်း၊ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးကြီးကောင်းကျော် အစားဗိုလ်မှူးချုပ် နေမျိုးအောင်အားလည်းကောင်း အစားထိုးပြင်ဆင် ဖွဲ့စည်းခြင်းကိုလွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၏ လုပ်ပိုင်ခွင့် ဖြည့်စွက်ပြင်ဆင်ခြင်းကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက်ရယူသည်။

 

ထို့နောက် ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန်၏ တီးတိန်မြို့နယ်၊ ဖာရ်တလန်းကျေးရွာ (ရွာသစ်) နယ်စပ်ဈေးနှင့် တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာ နယ်စပ်ဈေးစီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖာရ်တလန်းကျေးရွာ(ရွာသစ်) စီမံကိန်းနှင့် ခင်မန်းကျေးရွာနယ်စပ်ဈေး စီမံကိန်းတို့သည် ချင်းပြည်နယ်အတွင်း ဖွင့်လှစ်ရန် လျာထားခဲ့သည့် နေရာ (၅)နေရာတွင် ပါဝင်ပါကြောင်း၊ အဆိုပါ ဖွင့်လှစ်ရန်လျာထားသည့် (၅)နေရာအနက် (၄)နေရာဖြစ်သည့် ထန်တလန်မြို့နယ်၊ ထာအိုကျေးရွာ၊ ဖလမ်းမြို့နယ်၊ လေးလက်ကျေးရွာ၊ တီးတိန်မြို့နယ်၊ ဖါရ်တလန်းကျေးရွာနှင့် တွန်းဇံမြို့နယ်၊ ဒါရ်ခိုင်းကျေးရွာတို့တွင် နယ်စပ်ဈေးဖွင့်လှစ်နိုင်ရေးအတွက် တီအိုချောင်းနှင့် ကုလားတန်မြစ် (ဘွေနူး)မြစ်ကိုဖြတ်၍ နှစ်နိုင်ငံနယ်စပ်ဈေးများအကြား တံတား(၄)စင်းတည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာတွင် နယ်စပ်ဈေးကနဦး စတင်ဖွင့်လှစ်လိုကြောင်း အကြောင်းကြားချက်ကို ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးသို့ သံတမန်စာအဖြစ် အကြောင်းကြားခဲ့ပြီး ဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်စပ်ဈေးများ ဖွင့်လှစ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နယ်စပ်ဈေးများ စီမံခန့်ခွဲရေးနည်းလမ်းမူကြမ်းကို နှစ်နိုင်ငံ အပြန်အလှန် ညှိနှိုင်းပြင်ဆင် ရေးဆွဲလျက်ရှိပါကြောင်း။

 

ထို့ကြောင့် မေးမြန်းချက်နှင့် ပတ်သက်၍ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ရန် အိန္ဒိယနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တီးတိန်မြို့နယ်၊ ဖါရ်တလန်းကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ရန်ကိစ္စနှင့် ပတ်သက်၍ တံတားတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက အိန္ဒိယနိုင်ငံနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပြည်သူ့ဆေးရုံ (Reception Counter) ရှိ ဧည့်ကြို နေ့စားဝန်ထမ်းများကို မည်သည့်အချိန်တွင် အတည်ပြုခန့်ထားပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မင်းတပ်ဆေးရုံတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခန့်ခဲ့သည့် နေ့စားဝန်ထမ်း (၆)ဦးအပါအဝင် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂ ရက် နောက်ပိုင်းခန့်ထားခဲ့သော နေ့စားဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးနိုင်ရေးအတွက် ကုသရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ ရက်စွဲပါ စာအမှတ်ဖြင့် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော နေ့စားစာရင်းများအား ပေးပို့ပေးပါရန် သက်ဆိုင်ရာ ဌာန၊ ဆေးရုံများသို့ အကြောင်းကြားထားခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကုသရေးဦးစီးဌာနရှိ ဆေးရုံများတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော နေ့စားများအား အမြဲတမ်းဝန်ထမ်းများအဖြစ် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ခန့်အပ်နိုင် ရေးစီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ရွှေကျွန်းမြေအားကစားရုံနှင့် ဆက်စပ်အဆောက်အဦများအား အသစ်ဆောက်လုပ်ပေးခြင်း သို့မဟုတ် အကြီးစား ပြင်ဆင်ထိန်းသိမ်းပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရွှေကျွန်းမြေအားကစားရုံကို ၁၉၉၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပါကြောင်း၊ ထို့ကြောင့် တည်ဆောက်ခဲ့သည့်အချိန် ကြာမြင့်၍ ဟောင်းနွမ်းပျက်စီးနေပါသဖြင့် အားကစားရုံအသစ် ဆောက်လုပ်နိုင်ရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ စာရင်းတွင် အဆိုပြုလျာထားတင်ပြထားပြီး ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာရန်ပုံငွေခွင့်ပြုချက် ရရှိပါက ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ခုတင်(၅၀)ဆံ့ စံကိုက်ဆေးရုံအတွက် လိုအပ်သောဆရာဝန်များနှင့် ဆေးဘက်ကျွမ်းကျင်(ဓာတ်ခွဲ) ဝန်ထမ်းခန့်ထားပေးရန်နှင့် သားဖွားမီးယပ်ဆောင် တစ်ဆောင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ၂၀၂၀ ပြည့်နှစ်တွင် ချင်းပြည်နယ်သို့ လက်ထောက်ဆရာဝန် စုစုပေါင်း (၈၈)ဦး ခန့်ထားပေးနိုင်ရန် စီစဉ်လျာထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ထောက်ဆရာဝန်များ ခန့်ထားနိုင်မည့်အချိန်တွင် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန် ခန့်ထားနိုင်ရေးကို ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ကန်ပက်လက်မြို့၊ ပြည်သူ့ဆေးရုံ၌ မူလဆေးရုံအဆောက်အဦသည် လူနာခုတင် (၃၀)ထားရှိနိုင်ပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်ကာလတွင် စတင်ဆောက်လုပ်ခဲ့သည့် တိုးချဲ့(၂)ထပ်လူနာကုသဆောင်တွင် ခွဲစိတ်ခန်း၊ မွေးဖွားခန်းများ ပါဝင်၍ ခွဲစိတ်ကုသလူနာနှင့် မိခင်ကလေးကုသ လူနာခုတင်(၅၀) ထားရှိနိုင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ဆောက်လုပ်ပြီးစီးချိန်တွင် လူနာခုတင်စုစုပေါင်း (၈၀)ဖြင့် လူနာများအား အဆင်ပြေစွာကုသပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် ကန်ပက်လက်မြို့ ခုတင်(၅၀)ဆံ့ စံကိုက်ဆေးရုံ၌ ဓာတ်ခွဲဌာန၏ လက်ရှိဖွဲ့စည်းပုံမှာ ဓာတ်ခွဲကျွမ်းကျင်(၁) ခွင့်ပြုသော်လည်း လစ်လပ်နေပါကြောင်း၊ ဓာတ်ခွဲကျွမ်းကျင် (၄) (၂)ဦးတွင် (၁)ဦးသာရှိပါကြောင်း၊ ထို့ကြောင့် လစ်လပ်နေသည့် ဓာတ်ခွဲကျွမ်းကျင်(၄) (၁) ဦးနေရာတွင် (၆၁)ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးသူ (ဒု) သင်တန်းဆင်း(၁)ဦးအား ၎င်းတို့သင် တန်းဆင်း၍ အလုပ်ဝင်သည့်အချိန်တွင် ခန့်ထားတာဝန်ပေးအပ်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်) ၏ ကမ္ဘာ့ဆေးဝါးလောကတွင် အသုံးပြုနေသည့် လစ်ကွာရွိုက် (Liquorice) ခေါ်နွယ်ချို ဆေးပစ္စည်းကို ကျန်းမာရေးလောကတွင် ဆက်လက်သုံးစွဲရန် သင့်/မသင့် သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သုံးသပ်ချက်အနေဖြင့် နွယ်ချို အပါအဝင် ပရဆေးပစ္စည်းများကို ဆေးမှုန့်အဖြစ် အသုံးပြုရာတွင် ဆေးဝါး၏ပုံစံ၊ ဆေးမှုန့်၊ ရေ(သို့မဟုတ်) solvent တစ်မျိုးမျိုးဖြင့် extract လုပ်ထားသော ပျော်ဝင်ဆေးနှစ်၊ ဆေးပစ္စည်းအသုံးပြုသည့် ပုံစံ၊ Pure compound တို့ အပေါ်တွင် မူတည်၍ အသုံးပြုရမည့် ဆေးပမာဏ၊ ဆေးအသုံးပြုသည့် ကာလအပိုင်းအခြားတို့သည် ရောဂါအမျိုးအစားနှင့် ရောဂါအနုအရင့်အလိုက် သက်ဆိုင်ရာဆေးပညာရှင်များမှ သုံးသပ်၍ ရောဂါသက်သာရန်နှင့် ရောဂါပျောက်ကင်းရန် ချင့်ချိန်ပြီး ဆေးညွှန်းပေးပါက လိုအပ်သောအကျိုးအာနိသင် ရရှိကာဘေးထွက် ဆိုးကျိုးနည်းနိုင်သမျှ နည်းမည်ဖြစ်ပါကြောင်း၊ မည်သည့်ဆေးမဆို သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေးဖြစ်နိုင်ကြောင်းကို မိမိတို့သိရှိထားပါကြောင်း၊ ထို့ကြောင့် ရောဂါတစ်ခုခုကို ဆေးဝါးတစ်မျိုးမျိုးဖြင့် ကုသရာ၌ သက်ဆိုင်ရာ ကျွမ်းကျင်သူ ဆေးပညာရှင်များ၏ ညွှန်ကြားချက်ဖြင့် အသုံးပြုသင့်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ မြန်မာတစ်နိုင်ငံလုံးနေရာ အနှံ့အပြားတွင် လမ်းဘေးနေရာများ၊ ဈေးများ၊ စာသင်ကျောင်းများ၌ ရောင်းချနေသော စားသောက်ဆိုင်များ စည်းစနစ်ကျန၍ ကျန်းမာရေးနှင့်ညီညွတ်စေရန် ပြင်ဆင်ရောင်းချနိုင်ရေးအတွက် သင်တန်းများဖွင့်လှစ် စီစဉ်ပေးရန်နှင့် သင်တန်းပြီးမြောက်၍ လက်မှတ်ရရှိမှသာရောင်းချခွင့်ပြုရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မိမိတို့အနေဖြင့် လမ်းဘေးဈေးသည်များကိုသင် တန်းပို့ချပေးလျက်ရှိပါကြောင်း၊ ယင်းသို့ သင်တန်းပို့ချရာတွင် ဦးစီးဌာနများနှင့် တွဲဖက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် သင်တန်းမစမီ ကြိုတင်ဆန်းစစ်မေးခွန်းလွှာကို ဖြေဆိုခြင်း၊ သင်တန်းပြီးဆုံးသည့်အခါတွင် သင်တန်းပြီးဆုံးကြောင်းစစ်ဆေးခြင်း မေးခွန်းလွှာများကိုဖြေဆိုခြင်း၊ ဖြေဆိုအောင်မြင်သည့် ပိုင်ရှင်မဟုတ်သော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ ဆိုင်ပိုင်ရှင်များအား သင်တန်းတက် ရောက်ပြီးစီးကြောင်း အသိအမှတ်ပြုဗီနိုင်းပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

 

ထို့ပြင် သင်တန်းတက်ရောက်ပြီးသော လမ်းဘေးဈေးဆိုင်များအား လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိကို နှီးနွယ်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ လမ်းဘေးဈေးသည်များ မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် စာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊ လိုအပ်ချက်ရှိပါက ပြုပြင်ရန် ညွှန်ကြားခြင်း၊ ကောင်းမွန်သောရေအလုံ အလောက်ရရှိရေးနှင့် အမှိုက်သိမ်းစနစ် ကောင်းမွန်စွာရရှိရေးအတွက် သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနများနှင့် ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဈေးကွက်အတွင်းကုန်စည်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ စားသုံးသူ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေသည့် လုပ်ငန်းများဆောင်ရွက်ခြင်း စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက်မှစ၍ ဈေးကွက်အတွင်းရှိ ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာ ဆောင်ရွက်ခြင်းမရှိသော စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ကို တင်ပြထားပါကြောင်း။

 

ထို့ကြောင့် ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းဘေးဈေးသည်များ၊ ဈေးများ၊ စာသင်ကျောင်းများ၌ ရောင်းချသော စားသောက်ဆိုင်များ စည်းကမ်းကျန၍ ကျန်းမာရေးနှင့် ညီညွှတ်စွာ ပြင်ဆင်ရောင်းချနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ပေးခြင်း၊ သင်တန်းဆင်း လက်မှတ်ရရှိမှသာ ရောင်းချခွင့်ပြုခြင်းတို့အား စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားပါက ပိုမိုသင့်လျော်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်က ကျန်းမာရေးမှူးကောင်စီဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်လှဌေး(ခေါ်) ဒေါ်အုန်းကြည်က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဖေဖော်ဝါရီ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ စိုးဝင်းထွန်း