ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော်  ၂၈  ဇူလိုင်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်ဖြူလေဆိပ်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့် မြှင့်တင်တည်ဆောက် ပေးရန် သို့မဟုတ် ပြန်လည်ပြုပြင် မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ကျောက်ဖြူလေဆိပ်ကို လာမည့် ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံထားသည့် ရန်ပုံငွေ ခွင့်ပြုချက် ရရှိမှုအပေါ် မူတည်၍ အဆင့် မြှင့်တင် ပြုပြင်မွမ်းမံ ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူများ၏ တီထွင်ဖန်တီးမှု (Project) စွမ်းရည်ပြိုင်ပွဲများအား အစိုးရအစီအစဉ်ဖြင့် ကျင်းပပြုလုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာနတွင် ရှိသည့် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ တီထွင်မှု (Project) ယှဉ်ပြိုင်ပွဲများ ဆောင်ရွက်ရန် အစီအစဉ် ရှိပါကြောင်း ဖြေကြား သည်။

 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၏ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မင်းခေါင်းဆေးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) တွင် ပေ(၁၂၀×၃၀) RCC နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဘဏ္ဍာငွေလျာထား သတ်မှတ်ပြီး တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မင်းခေါင်း ဆေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လိုအပ်လျက်ရှိသည့် ဝန်ထမ်း အိမ်ရာ ပေ(၆၀×၃၀) Steel Structure (၁)ထပ်ဆောင် ကို ယခုလာမည့် ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် တင်ပြသည့် ပေ (၁၂၀×၃၀) RCC နှစ်ထပ်ကျောင်းဆောင် သစ် တစ်ဆောင်ကို လာမည့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး)ရန်ပုံငွေတွင် လျာထားဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း ၏ချင်းပြည်နယ်ရှိ လက်ရှိ မြို့နယ်အဆင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရှိသော ဟားခါးမြို့၊ မင်းတပ် မြို့နှင့် ဖလမ်း မြို့များတွင် ခရိုင်အဆင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနများ တိုးချဲ့ ဖွင့်လှစ်ပေးရန် နှင့် ကျန်မြို့နယ်များကို မြို့နယ်အဆင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနများ တိုးချဲ့ဖွင့်လှစ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဟားခါး၊ ဖလမ်းနှင့် မင်းတပ် မြို့နယ်ရုံး များကို ခရိုင်အဆင့်ရုံးများ အဖြစ် တိုးချဲ့ဖွင့်လှစ်ရန်နှင့် ကျန်မြို့နယ်များကို မြို့နယ်အဆင့်ရုံး များအဖြစ် တိုးချဲ့ဖွင့်လှစ် ပေးရန် အစီအစဉ်မှာ လတ်တလောဆောင် ရွက်ပေးနိုင်သေးခြင်း မရှိသေးပါကြောင်းနှင့် လူဦးရေသိပ်သည်းမှု၊ မြို့ပြဒေသဖွံ့ဖြိုးမှုအပေါ်မူတည်၍ ခရိုင် အဆင့်ရုံးများ အဖြစ်လည်းကောင်း၊ အိမ်ခန်းအရေအတွက်တိုး တက်လာပါက မြို့နယ်ဦးစီးမှူး ရုံးများအဖြစ် လည်းကောင်း ထပ်မံတိုးချဲ့ဖွဲ့စည်းရန်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးသို့ တင်ပြဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ မုံရွာ - အရာတော် - ရွှေဘို လမ်း မိုင်တိုင် ၃ မိုင် ၇ ဖာလုံနှင့် ၄ မိုင် ၂ဖာလုံအတွင်း အဝိုင်းပတ်အပါအဝင် ၃မိုင် အရှည် အား (၃၆)ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းခင်းရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက မုံရွာ - အရာတော် - ရွှေဘိုလမ်း၏ မိုင်တိုင် (၃/၇)မှ (၄/၂) အထိ ၃ဖာလုံအား (၃၆)ပေ အကျယ် နှင့် မိုင်တိုင် (၄/၂) မှ (၄/၇) အထိ ၅ဖာလုံအား ပေ (၃၀)အကျယ် ကတ္တရာ ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေတွင် တင်ပြတောင်းခံခဲ့သော်လည်း ရန်ပုံငွေကန့်သတ် ချက်အရ ပါဝင်ခဲ့ခြင်း မရှိသဖြင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေဆက် လက်တင်ပြလျာထားပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာမြသောင်း၏ ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်တွင် မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဖြူးမြို့ရှောင်လမ်းကို ဖောက်လုပ်မည် ဆိုပါက ပေ(၁၈၀) အထက်ရှိသည့် ဖြူးချောင်းတံ တား(၁)စင်း ထပ်မံတည်ဆောက်ရန် လိုအပ်မည် ဖြစ်သည့်အပြင် ဖြူးမြို့တွင်းလမ်းပိုင်း သည် ညောင်လေးပင်၊ ပြွန်တန်ဆာနှင့် ပဲနွယ်ကုန်း မြို့တွင်းပိုင်းကဲ့သို့ မီးရထားနှင့် ကားလမ်းဖြတ်သည့် Level Crossing ဖြတ်သန်းမှု မရှိခြင်းကြောင့် လတ်တလောယာဉ် ကြောပိတ်ဆို့မှု မရှိသေးသည့်အတွက် မြို့ရှောင်လမ်း ဖောက်လုပ်ရန်အတွက် လတ်တလော အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့၏ စီမံကိန်းအကောင်အထည်မဖော်ဖြစ်သော ကုန်သွယ်ရေး ဇုန် အဆိုပြု မြေနေရာရှိ အိမ်ရာခြံဝင်းများအတွင်း လူနေအိမ်များ ပြုပြင်ထိန်းသိမ်းခြင်း၊ အသစ်ဆောက်လုပ်ခြင်းများ ခွင့်ပြုပေးပြီး မူလပိုင်ရှင်များအား ဆက်လက်နေထိုင်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးကလည်းကောင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄) မှ ဦးလင်းတင်ဌေး ၏ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ် - ကတောင် စိန် တောင်ဖြတ်လမ်း နှင့် တကူပတီ - ကုလားဘီ လမ်းစသည့် လမ်းပိုင်းများအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာ လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ကလည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင်က ကျန်းမာရေးမှူး ကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက စိစစ်တင်ပြသည့် အစီရင်ခံစာ အပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမ နေ့ကို ဇူလိုင် ၃၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်