ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော်  ၁၃ ဇူလိုင်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများက ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် လွှတ်တော်အစည်းအဝေးများကို ရပ်နားထားစဉ်ကာလအတွင်း လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေအသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံပြီး လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းခြင်း၊ ပြည်သူများ၏ လိုအပ်ချက်နှင့် အခက်အခဲများ ကို သိရှိနိုင်ရေးအတွက် ကွင်းဆင်းလေ့လာခြင်းနှင့်အတူ ဒေသဖွံ့ဖြိုးရေးအတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် ခဲ့ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခု(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်းတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံ များမှ တင်သွင်းလာသော သကြားသွင်းကုန်ပမာဏ များပြားလာသည့်အခါ ပြည်တွင်းသကြား ထုတ်လုပ်သူများနှင့် ကြံစိုက်တောင်သူများအပေါ် ထိခိုက်နစ်နာဆုံးရှုံးနေရခြင်းများအား လျော့နည်းသက်သာစေရန် မည်ကဲ့သို့ စီမံ ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြည်တွင်းစက်မှုလုပ်ငန်းများတွင် လိုအပ်သည့် သန့်စင်သကြားများကို အကန့်အသတ်ဖြင့်သာ စိစစ်တင် သွင်းခွင့်ပြုခြင်း၊ ကြံနှင့် ကြံထွက်ပစ္စည်းများကို ပြည်ပသို့ လွတ်လပ်စွာတင်ပို့ခွင့်ပြုခြင်း၊ တရားမဝင် သကြားတင်သွင်းမှုများကို တားဆီးဆောင်ရွက်ခြင်းနှင့် ကြံစိုက်ပျိုးသည်မှ ဈေးကွက်သို့ရောက်သည်အထိ ဟန်ချက်ညီညီဆောင်ရွက်နိုင်ရန် ကာလတို၊ ကာလလတ်နှင့် ရေရှည်မူဝါဒများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း စသည့်နည်း လမ်းများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဆဘောင်းတယ်ကျေးရွာတွင် နယ်စပ်ဈေး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်ထူး က လွှတ်တော် ကိုယ်စားလှယ်မေးမြန်းသည့် ဆဘောင်းတယ်ကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ရန် ကိစ္စနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ ဘက်သို့ညှိနှိုင်း အကြောင်းကြားထားဆဲဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဈေးများ စီမံခန့်ခွဲမှုနည်းလမ်းကို သဘောတူ လက်မှတ်ရေးထိုးပြီးပါက စစ်ကိုင်းတိုင်းဒေသကြီး၊ ပန်ဆောင်တွင်နယ်စပ် ဈေးတစ်ခုကို ကနဦးစတင်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပန်ဆောင်တွင် နယ်စပ်ဈေးဖွင့်လှစ်ခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးရရှိမှု အပေါ်အခြေခံ၍ အခြားနေရာများတွင် နယ်စပ်ဈေးများ ဆက်လက်ဖွင့်လှစ်သွားနိုင်ရေး အိန္ဒိယနိုင်ငံဘက်နှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း မတူပီမြို့နယ်၊ ဆဘောင်းတယ် ကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်နိုင်ရေးအတွက် မကြာမီပေါ်ပေါက်လာမည့် နယ်စပ်ဈေးများ စီမံခန့်ခွဲမှုနည်းလမ်း နှင့်အညီ အခြေခံအဆောက်အဦများကို ချင်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ကြိုတင်စီမံထားရှိရန် လိုအပ်မည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် ၏ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာအုပ်စု၊ ကွင်းသုံးဆင့်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ပျက်စီးယိုယွင်းနေသော အန္တရာယ်ရှိ ကျောင်းဆောင်အား ဖျက်သိမ်း၍ ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ကွင်းသုံးဆင့်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ အန္တရာယ်ဆောင် ဖျက်သိမ်းခွင့်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ၎င်း ကျောင်းဆောင်အစား ပေ (၁၀၀×၃၀) RCC (၂)ထပ်ဆောင်တစ်ဆောင် ဆောက်လုပ် ရန်အတွက် လိုအပ်သောရန်ပုံငွေကို လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေခေါင်းစဉ် အောက်တွင် စိစစ်လျာထားပြီးဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင် ၏ ကျောက်တော်မြို့နယ်အတွင်း ခွဆုံ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၊ မတင်မှိုင်ချောင်း အခြေခံပညာ မူလတန်း(လွန်)ကျောင်းနှင့် ကောက်ကျိုက် အခြေခံပညာမူလတန်း ကျောင်းတို့တွင် ကျောင်းဆောင်သစ် တစ်ဆောင်စီကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က မတင်မှိုင်ချောင်း အခြေခံပညာမူလတန်းလွန် ကျောင်းတွင် ပေ(၁၂၀×၃၀) RCC တစ်ထပ်ဆောင် တစ်ဆောင် ဆောက်လုပ်ပေးရန် အတွက် လိုအပ်သော ရန်ပုံငွေကို လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး)ရန်ပုံငွေ ခေါင်းစဉ်အောက်တွင် လျာထားဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ခွဆုံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကောက်ကျိုက် အခြေခံပညာ မူလတန်းကျောင်းတို့တွင် ပေ(၁၂၀×၃၀) RCC တစ်ထပ်ဆောင်တစ်ဆောင်စီကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ထပ်မံခွဲဝေလျာထား ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ ၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ပေ(၁၂၀×၃၀×၂၀) RC နှစ်ထပ်ကျောင်းဆောင်အသစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လွှတ်တော်ကိုယ်စားလှယ် တင်ပြသည့် ရေးမြို့နယ်၊ ကော့ဒွတ် ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် ပေ(၁၂၀×၃၀) RCC နှစ်ထပ်ဆောင် ဆောက်လုပ်ပေးရန်အတွက် လွှတ်တော် ကိုယ်စား လှယ်၏ မြို့နယ်၌ ယခုနှစ်ဦးစားပေးတွင် မပါဝင်ပါကြောင်း၊ သို့သော် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေလျာထား ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၏ ပညာသင်ထောက်ပံ့ကြေးများကို အခြေခံပညာရေးကဏ္ဍ၊ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေး ကဏ္ဍတို့တွင် မည်သို့ လျှောက်ထားရွေးချယ်ပြီး မည်မျှပေးသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကျန်းမာရေးမှူး ကောင်စီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇူလိုင် ၁၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်