ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၁၅ နိုဝင်ဘာ 


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး (ခ) ဒေါ်အုန်းကြည်၏ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာအနီး အရှေ့သာဂရ-ဆည်ကုန်း ဇော်ဂျီမြစ်ကူး တံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာ အနီးရှိ ဇော်ဂျီမြစ်ကူးတံတား သည် အရှေ့သာဂရ-ဆည်ကုန်း-ဈေးရွာလမ်းပေါ် ဆည်ကုန်းရွာနှင့် ဈေးရွာကြားတွင် တည်ရှိပါကြောင်း၊ တံတားအား တည်ဆောက်ပေးမည်ဆို ပါက ကျေးရွာ ၇ ရွာ၊ အိမ်ခြေ ၁၄၇၇၊ လူဦးရေ ၇၁၀ဝ ဦးခန့် အကျိုးပြုမည်ဖြစ်၍ သံကူ ကွန်ကရစ်တံတား အဖြစ် တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆည်ကုန်း ကျေးရွာအနီးရှိ ဇော်ဂျီမြစ်ကူး တံတားသည် ဟံမြင့်မိုရ်-ရွာငံလမ်းမကြီးနှင့် ချိတ်ဆက် ထားသော အရှေ့သာဂရ-ဆည်ကုန်း-ဈေးရွာ လမ်းပေါ်တွင် တည်ရှိသော တံတားဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။


ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၏ ချင်းပြည်နယ် ပလက်ဝမြို့နယ် အပ်စကျေးရွာအုပ်စု ဓာတ်ချောင်းဝအနီးရှိ ဒိုင်လောင် ချောင်းလူကူးကြိုးတံတားနှင့် ထိုးနူးကျေးရွာအုပ်စု ရှရွာအနီးရှိ ရန်လောင်ချောင်း လူကူးကြိုးတံတားတို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပလက်ဝမြို့နယ် အပ်စကျေးရွာအုပ်စု ဓာတ်ချောင်းဝ အနီးရှိ ဒိုင်လောင်ချောင်း လူကူး ကြိုးတံတားသည် ဆမီး-မတူပီလမ်းမကြီးနှင့် ဆက်သွယ်ထားသော ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော ပါမောင်-ဘောင်ကုန်း-မီးဟူး-လောင်တန်း-အပ်စ-ပေါက်စိုင်-ရန်ချောင်းဝ-အောက်ချိုင့်စလမ်းပေါ်တွင် တည်ရှိသည့် ကျေးလက်နေ ပြည်သူများမှ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော လူကူးကြိုးတံတားဖြစ်ပါကြောင်း၊ ရန်လောင်ချောင်း လူကူးကြိုးတံတားသည် ကိုဖေရှေ-ကိုဖြေကြီး-အလယ်ဒိန်ကင်း-မောစုန်းကြီး-ငဆောင်-ထိုးနူး-မှုံးတနူး-နန်းပိုင်-ချိုင့်စနူး-ဘွောတောင်း-လုံဒူး-ထိန်းခေါင်လမ်းပေါ်တွင် တည်ရှိပြီး ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော လူကူးကြိုး တံတားဖြစ်ပါကြောင်း၊ တံတားများ၏ လက်ရှိအခြေအနေမှာ လူသွားလမ်း များပေါ်ရှိ လူကူးကြိုးတံတားများသာ ဖြစ်ပါကြောင်း၊ လူကူးကြိုး တံတား ၂ စင်းအား ခိုင်ခံ့စေရန် အသစ်ပြန်လည် တည်ဆောက်ပေးမည်ဆိုပါက ကျေးရွာ ၉ ရွာ၊ အိမ်ခြေ ၂၅၀၊ လူဦးရေ ၁၇၃၄ ဦးတို့ကို အကျိုး ပြုမည်ဖြစ်ပါကြောင်း၊ တံတား ၂စင်းအနက် ဆမီး-မတူပီလမ်းနှင့် ဆက်သွယ်ထားသော ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် ဒိုင်လောင်ချောင်း လူကူးကြိုးတံတားအား ခိုင်ခံ့သော သံကူကွန်ကရစ်တံတားအဖြစ် လည်းကောင်း၊ ပလက်ဝမြို့နယ် ရန်လောင်ချောင်းအား ခိုင်ခံ့သော မော်တော်ဆိုင်ကယ် ကူးကြိုးတံတား အဖြစ်လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် မတိုင်မီ ကာလအတွင်း တည်ဆောက်ပေးမည်ဖြစ်ပြီး တံတား ၂ စင်းအနက် ရန်လောင်ချောင်းကူး တံတားကို ဦးစားပေး တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။


ဆက်လက်၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြားသည်။


ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇) အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ပြင်ဆင်ချက်အတည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။


ယင်းနောက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာအာကာမိုး တင်သွင်းခဲ့သည့် “ MICA (Myanmar International Cooperation Agency)” အဆိုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ကွင်းဆင်း လေ့လာ စိစစ်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာကို အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ဖတ်ကြားတင်သွင်းရာတွင် ၂၀၁၅ ခုနှစ် အမျိုးသား လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၉၃ မှ ၁၀၁ အထိ ပြဋ္ဌာန်းချက်များကို တိကျစွာလိုက်နာကျင့်သုံးပြီး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ကျန်ရှိသော လုပ်ငန်းများဖြစ်သည့် MICA သို့ လွှဲပြောင်းလုပ်ငန်းလုပ်ကိုင်စေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခြံစက်ရုံ ၄၉ ခုရှိပြီး MICA နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့သော ခြံ၊ စက်ရုံ ၆ ခုအနက် ၅ ခုအား ကော်မတီမှ ကွင်းဆင်းစိစစ်ပြီးဖြစ်ပါကြောင်း၊ MICA နှင့် စာချုပ်မချုပ်ဆိုဖြစ်ဘဲ ဌာနနှင့်သာ ချုပ်ဆိုခဲ့သော ခြံ၊ စက်ရုံ ၇ ခုရှိပါကြောင်း၊ ငှားရမ်းစာချုပ်ချုပ်ဆိုပြီး ခြံ၊ စက်ရုံပေါင်း ၁၃ ခုနှင့် ငှားရန် ကျန်ရှိနေသည့် ခြံ၊ စက်ရုံ ၃၆ ခု ရှိပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနပိုင် MICA နှင့် စာချုပ်ချုပ်ဆိုထားသည့် လုပ်ငန်း ၆ ခုကို ကော်မတီမှ ကွင်းဆင်းစိစစ်ပြီးဖြစ်ပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ MICA သို့ လွှဲပြောင်းပြီး မလုပ်နိုင်သေးသည့် လုပ်ငန်း ၁၀ ခုအား မြေပြင်အခြေအနေအရ ကွင်းဆင်းစိစစ်ပြီး လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးများရှိ ကတိ၊ ကဝတ်ဖြစ်ပေါ်ခဲ့သော မေးခွန်း၊ အဆိုများနှင့်အတူ ထပ်မံသွားရောက်၍ ကွင်းဆင်း စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖတ်ကြားတင်သွင်းသည်။


ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ကြားဖြတ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်တင်သွင်းနိုင်ကြောင်းကြေညာသည်။


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို နိုဝင်ဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အေးအေးသန့်