ဒုတိယအကြိမ် ဂျပန်-မြန်မာ ပတ်ဝန်းကျင်ရေးရာ မူဝါဒဆိုင်ရာဆွေးနွေးပွဲကျင်းပ 

နေပြည်တော် ၁၄ မတ် 


ဒုတိယအကြိမ် ဂျပန်-မြန်မာ ပတ်ဝန်းကျင်ရေးရာမူဝါဒဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ရန်အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့သည် မတ် ၁၁ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန (Ministry of Environment) မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်၍ ညစာစားပွဲတွင် ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန State Minister ဖြစ်သူ Mr. Minoru KIUCHI နှင့် ပြန်လည်သန့်စင်နိုင်မည့် နည်းလမ်းများ ဖြန့်ဝေရေး၊ ဒီရေတောများ ပြန်လည်ထူထောင်ရေး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောစိုက်ခင်းများ ထူထောင်ခြင်းနှင့် ရေရရှိရေးဆောင်ရွက်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ဒေသခံများ၏ လူမှုစီးပွားရေးကို ထိခိုက်မှုမရှိစေဘဲ ရွှေ့ပြောင်းတောင်ယာအစားထိုး စိုက်ပျိုးနည်းပညာတို့နှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီပေးနိုင်မည့် အစီအစဉ်များအား အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၁၂ ရက် နံနက်ပိုင်းတွက် အီဒိုဂါဝါရှိ စွန့်ပစ်အမှိုက်များ မီးရှို့ဖျက်စီးသည့် စက်ရုံသို့ သွားရောက်လေ့လာခဲ့ရာ စက်ရုံတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့မှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။ 


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် တိုကျိုမြို့၊ အင်ပီရီယာဟိုတယ် (Imperial Hotel) တွင် ကျင်းပသည့် ဒုတိယအကြိမ် ဂျပန်-မြန်မာ ပတ်ဝန်းကျင်ရေးရာ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး H.E. Mr. Yoshiaki HARADA နှင့် သံယဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီး ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနမှ State Minister, Mr. Minoru KIUCHI နှင့် Mr. Tsukasa AKIMOTO၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကျပြီး မြန်မာနိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ ဂျပန်-မြန်မာ ဒုတိယအကြိမ် ပတ်ဝန်းကျင်ရေးရာ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွင် ပင်လယ်ပြင်ရှိ စွန့်ပစ်ပလတ်စတစ်အမှိုက် (Marine Debris)များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ် (Environmental Impact Assessment Procedures) များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များ (JCM)၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ရေဆိုးသန့်စင်သည့် ဂျိုကဆိုး(Johkasou) နည်းပညာဆိုင်ရာ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)