ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

လွိုင်ကော်  ၁၁ ဖေဖော်ဝါရီ  

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကယားပြည်နယ်ဝန်ကြီးချုပ်မှ အဆိုပြုပေးပို့လာသည့် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးအမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ တင်ပြပြီး ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် လွိုင်ကော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာအတွက် လယ်ယာကုန်ထုတ်လမ်း ၃၃၀၀ ပေ ၁၂ ပေအား အဆင့်မြင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းနှင် စပ်လျဉ်းသည့် မေးခွန်းနှင့် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာ နတ်စင်လမ်းအား ကတ္တရာလမ်း ၁၁၀၀ ပေ ၁၂ ပေအဖြစ် အဆင့်မြင့်တင်ပေးရန် အစီအစဉ်ရှိမရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူနှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘောစ့်ကိုတို့က ပြည်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်ပြီး မယ်စဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်းဦးက လောပိတ လမ်းမကြီးနှင့် ကန္ဒရဝတီလမ်းမကြီး လမ်းလယ်သံပန်း၊ သံဇကာအချို့မှာ မြင်မကောင်းလောက်အောင် ပျက်စီးယိုယွင်းနေသောကြောင့် အမြန်ဆုံးပြုပြင်ပေးရန်နှင့် လတ်လောအတွက် ပိုမိုတောင့်တင်းခိုင်မာလှပအောင် အကာအရံများဖြင့် ပြောင်းလဲကာရံပေးရန် အစီအစဉ် ရှိ မရှိ၊ လွိုင်ကော်မြို့တွင် ပြည်နယ်လွှတ်တော် အဆောက်အဦနှင့် ပြည်နယ်အစိုးရအဖွဲ့၏ (၅)ထပ် ဧည့်ရိပ်သာအား ဆက်သွယ်ထားသော (၈)လမ်း၏ လမ်းဘေးဝဲယာ ပလက်ဖောင်းများမှာ အစအဆုံး ဆောင်ရွက်ထားခြင်း မရှိသောကြောင့် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ၊ လွိုင်ကော်မြို့နယ်၊ ရှမ်း/ကယားနယ်စပ်မှ မြို့ဝင်မုခ်ဦးအထိ ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေးဝဲယာ လမ်းနယ်နိမိတ်ပေါ်၌ လမ်းဘေးကျေးရွာများက အမှိုက်များ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားရှိမှုများအား မည်ကဲ့သို့ ရှင်းလင်းဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းနှင့် နောင်တွင် ဤကဲ့သို့မဖြစ်စေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း၊ လွိုင်ကော်မြို့နယ်ရှိ ခရီးသည်တင်ယာဉ်များရပ်နားရာ ကားဂိတ်အား စည်းစနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် လက်ရှိအချိန်တွင် မည်သည့်ဌာနမှ တာဝန်ယူဆောင်ရွက်နေပါကြောင်းနှင့် ယခုအချိန်တွင် ခရီးသည်တင် ယာဉ်ရပ်နားစခန်း တည်ထောင်ဖွင့်လှစ်ခြင်းနှင့် သက်ဆိုင်သည့်ဥပဒေကို ကယားပြည်နယ် လွှတ်တော်တွင် အတည်ပြုပြီးဖြစ်၍ တည်ဆဲဥပဒေများနှင့်အညီ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် သွားမည်ကို သိရှိလိုကြောင်း၊ လွိုင်ကော်မြို့နယ်၊ ရှမ်းကယားနယ်စပ်မှ မြို့ဝင်မုခ်ဦးအထိ ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေးဝဲယာတွင် စိမ်းလန်းစိုပြေစေရေးအတွက် သစ်တောဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ အနေဖြင့် သစ်ပင်များအား ရှင်သန်ကြီးထွားအောင် စည်းစနစ်တကျ စိုက်ပျိုးထိန်းသိမ်းသွားရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်းများအား သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများဖြစ်သော လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်နှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးတို့က ပြည်လည်ရှင်းလင်းဖြေကြားခဲ့သည်။ 

ထို့နောက် ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက မြေနေရာ ငှားရမ်းခြင်းနှင့် ပတ်သက်၍ သိရှိလိုခြင်း၊ လွိုင်ကော်မြို့အဝင် မြို့ဦးကျောင်းရှေ့လမ်းဆုံတွင် ဆောက်လုပ်ထားသော ရဲကင်းကို မည်သည့်ဘတ်ဂျက်ဖြင့် မည်မျှကုန်ကျခံ ဆောက်လုပ်ခဲ့ကြောင်း သိရှိလိုခြင်း၊ ကယားပြည်နယ်အတွင်း မြို့နယ် အလိုက်တရားဝင် စက်သုံးဆီ အရောင်းဆိုင်အရေအတွက် မည်မျှရှိသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊ ကန္ဒရဝတီတံတား (လွိုင်ကော်)၏ အသုံးစရိတ်များနှင့် စပ်လျဉ်း၍ မေးခွန်းများအား လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက ပြည်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ ဒီးမော့ဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာအုပ်စု၊ ဖဲလျားကျေးရွာအနီးရှိ ဖဲလျားဆည်အမှတ်(၁)နှင့် အမှတ်(၂)အတွက် ကွန်ကရစ်လိုင်နင်ခင်းပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ် ကျေးရွာချင်းဆက် လမ်း(၅မိုင်ခန့်)အား ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလပိုးကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာနေ တောင်သူများ၏ လယ်ယာမြေများအား သိမ်းဆည်းခံရခြင်းနှင့် စပ်လျဉ်းပြီး သိရှိလိုခြင်းမေးခွန်း၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျေးရွာအုပ်စု၊ ဒေါဆိုရှေ့ကျေးရွာ တောင်သူများ၏ လယ်ယာမြေများ သိမ်းဆည်းခံရခြင်းနှင့် စပ်လျဉ်းပြီး သိရှိလိုခြင်းမေးခွန်း၊ စားသုံးသူပြည်သူများ အစားအသောက်လုံခြုံမှုရှိစေရန် မည်သို့ဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းများကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက် ခွင့်ပြုငွေစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ရေးကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြည်နယ်လွှတ်တော်သို့တင်သွင်းခြင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း နှင့် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ စိစစ်ချက်အစီရင်ခံကို ဒီးမော့ဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က ရှင်းလင်းတင်ပြခြင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား ပြည်နယ်လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း၊ ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက်အစီရင်ခံစာကို ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက ရှင်းလင်းတင်ပြခြင်း၊ ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အပေါ် ဖရူဆိုမြို့နယ်၊ မဲဆန္ဒအမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းက အဆိုတင်သွင်းခြင်း၊ ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြင်ဆင်ချက် အဆိုတင်သွင်းခြင်းနှင့် ၎င်းဥပဒေ(မူကြမ်း)ကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းနှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေနှင့် စုငွေဥပဒေ(မူကြမ်း)ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလေး(ပြန်/ဆက်)