ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော်  ၃  စက်တင်ဘာ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

9

 

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်အား ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌအဖြစ် လည်းကောင်း၊  ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်အား ယင်းကော်မတီ၏ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊  ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ပန်းပဲတန်းမဲဆန္ဒနယ်မှ ဦးနေဖူးဗဆွေအား ယင်းကော်မတီ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းအား ကော်မတီဥက္ကဋ္ဌအဖြစ်မှ ပယ်ဖျက်ခြင်း တို့နှင့်စပ်လျဉ်း၍  လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

ပေါက်တော မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ၏ ပေါက်တောမြို့လူထု၏ သောက်သုံးရေ သိုလှောင်ရာ နတ်တောင်ပြင်ဆည်ကို ၄င်းနှင့် ဆက်စပ်တည်ရှိသော ဆည်ငယ်များနှင့် ပေါင်းကာ ရေပိုမို သိုလှောင်နိုင်ရန်အတွက် ကျန်တာပေါင်တစ်ဖက်ကို မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က သောက်သုံးရေ ရှားပါးခက်ခဲသော ပေါက်တောမြို့နယ်အတွင်း နတ်တောင်ပြင်ဆည်နှင့် ဆက်စပ်တည်ရှိသော သန်းတင်ကန်အား ကန်ပေါင်မြှင့်ပြုပြင်ရန် တည်ဆောက်မှု ကုန်ကျစရိတ်များပြားပြီး ရေထုထည်ပမာဏ အနည်းငယ်သာ သိုလှောင်နိုင်မည်ဖြစ်သောကြောင့် သောက်သုံးရေရရှိရေး အခြားနည်းလမ်းတစ်ခုအနေဖြင့် လျှိုပိတ်တမံ အသစ်တစ်ခု တည်ဆောက်နိုင်ခြင်း ရှိ၊ မရှိ စူးစမ်းလေ့လာရှာဖွေပြီး ဖြစ်မြောက်နိုင်စွမ်းရှိပါက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ပခုက္ကူ မဲဆန္ဒနယ်မှ ဦးပိုက်ကို၏ ပခုက္ကူမြို့နယ် အစိုးရ နည်းပညာအထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်နေသော ကျောင်းအိပ်ဆောင်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးတွင် အစိုးရ နည်းပညာအထက်တန်းကျောင်း (ပခုက္ကူ)အား ဖွင့်လှစ်ထားရှိပြီး ပုံမှန်အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ သင်တန်းများနှင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကာလတို သက်မွေးပညာသင်တန်းများအား ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးလျက် ရှိပါကြောင်း။

ထို့ပြင် အစိုးရနည်းပညာ အထက်တန်းကျောင်း (ပခုက္ကူ)၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ သင်တန်းများအတွက် သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင် ၈၀ ဦးဆံ့ သံကွန်ကူကရစ် ၂ ထပ် (၁၅၂x၃၄) ပေ ၁ လုံး တည်ဆောက်နိုင်ရေး ရန်ပုံငွေအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းတွင် လျာထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ အခြေခံပညာကျောင်းများတွင် ပုံမှန်သင်ရိုးဖြင့် သင်ကြားခြင်းအပြင် ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏ တန်းတူတိုးတက်စေရန်နှင့် အထွေထွေဗဟုသုတများ ရရှိစေရန် အောင်မြင်သော ပညာရှင်၊ လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ဟောပြောပွဲများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံပညာကျောင်းများတွင် ပုံမှန်သင်ရိုးဖြင့် ကျောင်းသင်ခန်းစာများကို သင်ကြားခြင်းအပြင် ကျောင်းသား၊ ကျောင်းသူများအတွက် ကာယ၊ ဉာဏ တန်းတူတိုးတက်စေရန် သာမက ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကြောင်းကျိုးဆက်စပ် စဉ်းစားတွေးခေါ် ဆင်ခြင်သုံးသပ် ဆုံးဖြတ်နိုင်သော အရည်အချင်းများ၊ စူးစမ်းလေ့လာ တီထွင်ဖန်တီမှု စွမ်းရည်များ၊ စီမံခန့်ခွဲမှု အရည်အသွေးများနှင့် စိတ်ဓာတ်၊ အတွေးအခေါ်ခံယူချက် မြင့်မားတိုးတက်စေရန်အတွက် ကင်းထောက် အခြေခံသင်တန်းများကို အခြေခံပညာအဆင့်၊ အဆင့်မြင့် ပညာအဆင့်နှင့် ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားပို့ချမှုများကို ယနေ့အထိ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

နေ့ထူးနေ့မြတ်များနှင့် သက်ဆိုင်သည့် ပြပွဲပြိုင်ပွဲများ၊ အသိပညာပေး ဟောပြောပွဲများကိုလည်း သက်ဆိုင်ရာ ကာလအလိုက် ကျင်းပဆောင်ရွက် လျက်ရှိပါကြောင်း၊  ပြည်ထဲရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး၊ ဥပဒေပညာရှင်များ၊ ကျောင်းကျန်းမာရေး အဖွဲ့ဝင်များအား ဖိတ်ကြား၍ ဟောပြောမှုများ ကိုလည်း ကျင်းပဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အောင်မြင်သော ပညာရှင်များ၊ လုပ်ငန်းရှင်များကိုလည်း ဖိတ်ကြားဟောပြောပွဲများအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

ထို့ပြင် မြန်မာစာရေးဆရာ ကလပ်၊ မြန်မာနိုင်ငံ ပြည်သူ့နီတိ ပြန့်ပွားထွန်းကားရေးကော်မတီမှ အခြေခံပညာကျောင်းများတွင် ပြည်သူ့နီတိ အသိပညာပေး ဟောပြောမှုများကို ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ ဦးစားပေးလုပ်ငန်း ၇ ခု ဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး၊ အရက်၊ ဘီယာ၊ ဆေးလိပ် အန္တရာယ် တားဆီးကာကွယ်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံ အသိပညာပေးခြင်း၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် ရင်ခွင်မဲ့ကလေး၊ မိခင်ကာကွယ်တားဆီးပေးရေး အသိပညာပေးခြင်းနှင့် ဂိမ်းအန္တရာယ် အသိပညာပေး ဟောပြောပွဲများကိုလည်း လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရန်အတွက် လူငယ်များ၊ ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များတို့နှင့် ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့မှ ဖြန့်ဝေသော ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ပေးရေး အစီအစဉ်နှင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း ဆရာကိုင် စာအုပ်များကို အချိုးကျ ခွဲဝေပေးပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းများတွင် သင်ကြားနိုင်ရေး အတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၏ ပုဏ္ဏားကျွန်းမြို့နယ် ခမီကြိမ်ချောင်း တာတမံမှ ပုဏ္ဏာကျွန်း စက်မှုဇုန်သို့ ရေပိုက်များ သွယ်တန်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၏  တန့်ဆည်မြို့ နယ်အတွင်းရှိ R.M.C လက်ယာမြောင်းမကြီး၏ ရွှေဂူရေငုပ်ပြွှန် အလျားပေ (၃၀ဝ)ကျော်၊ (၈)ပေ ပတ်လည် ပြွန်နှစ်လုံး ထပ်မံတည်ဆောက်ပေးရန်နှင့် R.M.C မြောင်းပေါင်များကို ပြုပြင်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က  လည်းကောင်း၊ တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၏ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်ဖြစ်ပွားနေသော ဒေသများမှ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် မည်သို့ စီစဉ်ဆောင်ရွက်ပေး မည်ကို သိလိုခြင်းနှင့်     မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ အဆင့်တိုးသော အခြေခံပညာကျောင်းများတွင် လိုအပ်သော ဆရာ၊ ဆရာမများ တစ်ပါတည်း ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

ထို့နောက်  ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ၏ အခွင့်အရေးမျာ၊ ရပိုင်ခွင့်များ၊ အခက်အခဲများကို နိုင်ငံတော်အစိုးရမှ စနစ်တကျ ကျစ်လစ်ခိုင်မာစွာ လုပ်ဆောင်နိုင်ရန်၊ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် တောင်သူလယ်သမား မိသားစု၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာန တစ်ခုအား ပြည်ထောင်စုအဆင့်တွင် ထပ်မံတိုးချဲ့ ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၊ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၊ စိုက်ပျိုးရေးနည်းပညာ၊ သွင်းအားစုနှင့် ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီများ ရှိနေသော်လည်း အောက်ခြေတွင် တောင်သူ လယ်သမားများအတွက် လက်တွေ့အကျိုးရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာန အသစ်တစ်ခုကို ဖွဲ့စည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှ တောင်သူလယ်သမားများနှင့် သက်ဆိုင်သော ဦးစီးဌာနများကို စုပေါင်းပြီး ဝန်ကြီးဌာန အသစ်ဖွဲ့စည်းကာ တောင်သူလယ်သမားများအတွက် စနစ်တကျ စီမံလုပ်ဆောင်သင့်ပါကြောင်း။

တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းတို့မှ ထွက်ရှိသော လယ်ယာထွက်ကုန်များကို ထုတ်လုပ်မှုကုန်ကျစရိတ် ကာမိစေရန်နှင့် တောင်သူလယ်သမားများ တွက်ခြေကိုက်စေမည့် သင့်တင့်မျှတသော ဈေးနှုန်းနှင့် ခိုင်မာသော ဈေးကွက်ရရှိရန် တောင်သူလယ်သမားများ လက်လီလက်ကား ဈေးကွက်နှင့် ချိတ်ဆက်ပေးရန်၊ လယ်ယာထွက်ကုန်များ အာမခံထားရှိရေးစနစ် ပေါ်ထွန်းလာရေး၊ အဖွဲ့အစည်းများ၊ အထူးပြုကုမ္ပဏီများ၊ ထုတ်လုပ်သူ တောင်သူလယ်သမားများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း စသည့် ဆက်စပ်လုပ်ငန်းများကို အကောင်အထည်ဖော်ပေးရန် လွန်စွာလိုအပ်နေပြီ ဖြစ်ပါကြောင်း။

တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းခြင်းဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များကို အခြေခံပြီး တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ လယ်ယာထုတ်ကုန်များကို ပြည်တွင်းပြည်ပ ဈေးကွက်သို့တင်ပို့ရာတွင် စိုက်ပျိုးရေးနစ် စနစ်ကောင်းများ၊ ကောင်းမွန်သော လယ်ယာစိုက်ပျိုးရေးနှင့် ဈေးကွက်ပေါ်ထွန်းရေး၊ တိရစ္ဆာန် မွေးမြူရေးကို စနစ်တကျ လုပ်ဆောင်သင့်ပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ အခက်အခဲများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် တောင်သူလယ်သမား အခွင့်အရေးကာ ကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး၊ တောင်သူလယ်သမား မိသားစုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုတင်သွင်းခြင်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်က အဆိုအား လက်ခံ ဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။     

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ယင်းနောက် မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက “လယ်ယာသားငါးထုတ်ကုန်များ သင့်တင့်သော ဈေးနှုန်း၊ စဉ်ဆက်မပြတ် ဈေးကွက်များ တည်ရှိစေရန် မြို့နယ်အလိုက် တောင်သူလယ်သမား ဈေးကွက်စနစ်” (Farmer Market System) ထူထောင်၍ ပိုမိုဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် သင့်တင့်သော ဈေးနှုန်းရှိစေရန်၊ စဉ်ဆက်မပြတ် ဈေးကွက်ရှိ စေရန်၊ ရောင်းလိုအား ဝယ်လိုအား ဆက်သွယ်ဆောင်ရွက်ရန်၊ အရည်အသွေးကောင်း လယ်ယာသားငါးကဏ္ဍ ကုန်ထုတ်များ ထုတ်လုပ်နိုင်ရန်၊ အထွက်နှုန်း တိုးတက်ကောင်း မွန်လာစေရန်၊ လယ်ယာသားငါးကဏ္ဍ ထုတ်လုပ်မှု ပိုမိုများပြား၍ အကျိုးရှိစေရန်၊ တစ်နေ့ချင်း၊ နေ့အလိုက် ဈေးနှုန်းများ သိရှိ၍ စိုက်ပျိုးထုတ်လုပ်ချင်စိတ် ရှိလာစေရန်၊ Organic Products  များပိုမိုထုတ်လုပ်ရန်၊ Food Security & Nutration ဖူလုံပြည့်ဝမှုများ ပြည့်ဝလာစေရန်နှင့် မြို့နယ်အလိုက် လယ်ယာ သားငါးထုတ်ကုန် ပစ္စည်းများပြား၍ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များ အကျိုးရှိစေပြီး အရည်အသွေးမြင့် ပစ္စည်းများ ထုတ်လုပ်နိုင်ရန်တို့ကို ရည်ရွယ်၍ အဆိုတင်သွင်းရခြင်း ဖြစ်ပါကြောင်း။

Farmer Market System  ရှိထားခြင်းဖြင့် လယ်ယာထုတ်ကုန်များကို နိုင်ငံခြားသို့ အချိန်မှီတင်ပို့ဆောင်ရွက်နိုင်ပြီး ဈေးနှုန်း၊ ဈေးကွက်များတည်ငြိမ်တည်ရှိလာခြင်း နှင့် Organic Product များ ထုတ်လုပ်နိုင်သည့်အပြင် နေ့စဉ် လက်လီ၊ လက်ကား ဝယ်ယူသူအားလုံး နှစ်ဦးနှစ်ဖက် အကျိုးရှိစေပြီး ရောင်းဝယ်ဖောက်ကားမှု သွက်လက် ထက်မြတ်၍ ဈေးကွက်အစဉ်အမြဲ တည်ရှိလာမည်ဖြစ်ပါကြောင်း၊ Farmer Market System ဖော်ဆောင်ရာတွင် အရည်အသွေးအကဲ ဖြတ်ခြင်း၊ QC (Quality Control) ထားရှိခြင်း၊ လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးနှုန်း သတ်မှတ်ခြင်း၊ စံချိန်၊ စံညွှန်း အလေးချိန်တွယ်များ စနစ်တကျဆောင်ရွက်ခြင်းစသည့် ရောင်းဝယ်ဖောက်ကားမှု အထောက်အပံ့ဖြစ်စေသော အကူအညီများ တိုးတက်လာမည် ဖြစ်ပါ ကြောင်း။

Farmer Market System ကို မြို့နယ်အလိုက် သင့်တော်သော နေရာတစ်ခုတွင် တစ်ခုတည်းထားရှိဆောင်ရွက်မှသာ ပိုမိုအကျိုးရှိစေပါကြောင်း၊ ပထမဆုံး ဟင်းသီးဟင်းရွက်၊ သားငါးကို ပထမအဆင့် ဦးစားပေးသင့်ကြောင်း၊ ဒုတိယအဆင့် အဖြစ် ပဲမျိုးစုံ၊ စပါး၊ စက်မှုကုန်ကြမ်းများစသည့် ထွက်ကုန်နှင့် လိုက်လျောညီထွေဖြစ်စေသော Farmer Market System ကို တည်ထောင်ထားရန် လိုအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေက အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။     

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းနှင့် မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းတို့ တင်သွင်းသည့် အဆို ၂ ရပ်နှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသည့် စက်မှုဇုန်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဥပဒေကြမ်း၏ သက်ဆိုင်ရာ အပိုဒ်၊ အပိုဒ်ခွဲအလိုက် ဆွေးနွေးကြပြီး  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စက်မှုဝန်ကြီးဌာနနှင့် လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စက်မှုဇုန်ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို စက်တင်ဘာ ၅ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)