ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော်  ၁၆   စက်တင်ဘာ 


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် သံတွဲမဲဆန္ဒနယ်မှ ဦးမင်းကြည်၏ သံတွဲမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရန်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအပေါ် မည်ကဲ့သို့ အထူးကြပ်မတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဆောက်အဦ၊ လမ်း၊ တံတား လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ဒီဇိုင်းများနှင့်အညီ စံချိန်စံညွှန်းများ ပြည့်မီစေရေးအတွက် အသုံးပြုမည့် လုပ်ငန်းခွင့်သုံးပစ္စည်းများအား သတ်မှတ်အရည်အသွေးပြည့်မီမှု ရှိ၊ မရှိ သုတေသန ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးခြင်း၊ တည်ဆောက်ပုံ နည်းစနစ်များ မှန်ကန်စေရန်နှင့် အတိုင်းအတာများ မှန်ကန်စေရန်၊ တည်ဆောက်ပုံ နည်းစနစ်များ မှန်ကန်မှုရှိစေရန်နှင့် အတိုင်းအတာများ မှန်ကန်မှုရှိစေရန်၊  သက်ဆိုင်ရာ ကွင်းအင်ဂျင်နီယာများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း။


နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေများဖြင့် လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်းများ၊ လျှပ်စစ်စွမ်းအင် ရရှိရေးလုပ်ငန်းများ၊ အိမ်ရာဆောက် လုပ်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သော တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးများမှ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ် လုပ်ငန်းစိစစ်ရေး ကော်မတီများ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်း စိစစ်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိပါက ပြင်ဆင်ဆောင်ရွက်စေခြင်း၊ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း ထောက်ခံချက်များပါရှိမှသာ ရန်ပုံငွေထုတ် ပေးခြင်းများပြုလုပ်၍ တင်ဒါအောင်မြင်သော ကုမ္ပဏီများကို အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။    


အရည်အသွေးစစ်ဆေးရေးအဖွဲ့ Third Party များ၏ အဓိကတာဝန်မှာ ခန့်မှန်းခြေ စာရင်းပါလုပ်ငန်းနှင့် အတိုင်းအတာ၊ အရေအတွက် မှန်ကန်မှုရှိ၊ မရှိ စစ်ဆေးခြင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးနည်းပညာ  အဆင့်မီမှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးမှု ရှိ၊ မရှိ စစ်ဆေးခြင်း များဆောင်ရွက်ပြီး အထပ်မြင့်စာသင်ကျောင်း၊ တက္ကသိုလ်၊ ဆေးရုံကဲ့သို့သော အဆောက်အဦ များအတွက် လုပ်ငန်းခွင့်တွင် Third Party များက အချိန်ပြည့် ရုံးထိုင်၍ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအနေဖြင့်လည်း ခရိုင်၊ မြို့နယ်များသို့ ကွင်းဆင်းစစ်ဆေး၍ တည်ဆောက်ရေးကုမ္ပဏီများအား  အစည်းအဝေးခေါ်ယြူ့ပီး လုပ်ငန်းအရည်အသွေး ပြည့်မီရန်နှင့်အချိန်မီ ပြီးစီးစေရန် ကုမ္ပဏီတစ်ခုခြင်းအလိုက် ညွှန်ကြားခြင်း၊ သတိပေးခြင်း၊ ကတိကဝတ်ရယူခြင်းတို့ဖြင့် ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။


မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မင်းဘူး(စကု)မြို့နယ်တွင် ဖျက်ပုံထားသော တံတားဟောင်းမှ ပစ္စည်းများ လေလွင့်ဆုံးရှံးမှု မရှိစေရေးအတွက် မင်းဘူး(စကု)မြို့နယ်   အတွင်း အမှန်တကယ် လိုအပ်နေသော နေရာများတွင် တံတားငယ်များ တည်ဆောက်ပေး နိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မင်းဘူး(စကု)မြို့နယ်တွင် တံတားဟောင်းမှ ဖျက်ပုံထားသည့် ပစ္စည်း များဆိုသည်မှာ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းချောင်းဘေလီတံတားအား သံကူကွန်ကရစ် တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် တံတားဟောင်းမှ  ဖြုတ်သိမ်းထားသော တံတားပစ္စည်းများဖြစ်ပြီး လမ်းဦးစီးဌာန မင်းကူး(စကု)ရုံးတွင် သိမ်းဆည်း ထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ဘေလီတံတားပစ္စည်းများအနက်မှ ဘေလီသံဘောင်များကို သံလွင်မြစ်ကူး ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) တည်ဆောက်ရာတွင် အသုံးပြုခဲ့ပါကြောင်း၊ ကျန်ရှိနေသည့်အစိတ်အပိုင်းများကို မကွေးတိုင်းဒေသကြီးနှင့် အခြား တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော တံတားများနေရာ၌ ယာယီဘေလီတံတား တည်ဆောက်ရာတွင် အသုံးပြုရန်အတွက် ထိန်းသိမ်းထားခြင်းဖြစ်ပါကြောင်း။


လွှတ်တော်ကိုယ်စားလှယ်တင်ပြသည့် ဘေလီတံတားဆက်စပ်ပစ္စည်းများမှာ တံတားတည်ဆောက်ရန် ပြည့်စုံမှုမရှိတော့ပါသဖြင့် အခြားလိုအပ်သည့် နေရာများတွင် လွှဲပြောင်းအသုံးပြုသွားမည်ဖြစ်ပြီး  မင်းဘူး(စကု)မြို့နယ်အတွင်းရှိ တံတားများအတွက် လိုအပ်ပါက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၂-၅-၂၀၁၇ ရက်နေ့တွင် မေးမြန်းခဲ့သည့် မေးခွန်း၏ ဆက်စပ်မေးမြန်းချက်အား ပြန်လည်စိစစ်ပေးပါမည်ဟု ကတိပေးခဲ့သော်လည်း ယနေ့အထိ တိုးတက်မှုမရှိ၍ မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ငွေကျပ် ၃၈ ဒသမ ၉၆၄ သန်းဖြင့် ကတ္တရာလမ်း အရှည် ၂ ဒသမ ၆၁၄ ကီလိုမီတာ၊ ငွေကျပ် ၉၁ ဒသမ ၃၈ သန်းဖြင့် ဂျင်းလမ်းအရှည် ၂ ဒသမ ၂၁၂ ကီလိုမီတာနှင့် ရန်ပုံငွေ ကျပ် ၅၀ ဒသမ ဝ၇ သန်းဖြင့် Box Culvert (၇)စင်းနှင့် ကွန်ကရစ်တံတား (၁)စင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း။


၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ငွေကျပ် ၂၀၅ ဒသမ ၈၈ သန်းဖြင့် ဂျင်းလမ်းအရှည် ၉ဒသမ ၇ကီလိုမီတာအား ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကျေးလက်မြေသား လမ်းအရှည် (၂၂) ကီလိုမီတာ ဖောက်လုပ်ခြင်း လုပ်ငန်းအား ငွေကျပ် ၃၀ ဒသမ ၆၃ သန်းဖြင့် စက်သုံးဆီ၊ ယန္တရားနှင့် နည်းပညာအကူ အညီများပေး၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။


လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ဂျင်းလမ်း (၄)လမ်း အရှည် ၁၉ ဒသမ ၃၀၇ ကီလိုမီတာနှင့် Box Culvert (၂) စင်း ထည့်သွင်း လျာထားပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ကတ္တရာလမ်း အရှည် ၃ ဒသမ ၆၂ ကီလိုမီတာနှင့် ကျောက်ချောလမ်း ၈ ဒသမ ၈၄၉ ကီလိုမီတာတို့ကို ထည့်သွင်းလျာ ထား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဖြေကြားချက်နှင့်အတူ ရှင်းလင်း ဖြေကြားသည်။


ဆက်လက်၍ လေရှီး မဲဆန္ဒနယ်မှ ဦးကျော်ဌေး၏ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဦးစီးဌာန၊ ပြည်ထောင်စု၏ ငွေလုံးငွေရင်းခွင့်ပြုငွေ ခွဲဝေရာတွင် နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအတွင်း အဘယ်ကြောင့် နည်းနေရသနည်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စ၍ တိုးမြှင့်ပေးရန် ရှိ၊ မရှိသိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက လည်းကောင်း၊ နမ္မတူ မဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲဲရေး ဗဟိုအဖွဲ့ထံမှ (T&C Group Co;Ltd)လုပ်ပိုင်ခွင့်ရ မြေဧရိယာ၊ ခွင့်ပြုမိန့်၊ အမိန့်စာအမှတ်နှင့် ရက်စွဲ လွဲမှား ဖြေကြားခြင်းအပေါ် မည်သို့ တာဝန်ယူဆောင်ရွက်မည် နှင့် လုပ်ပိုင်ခွင့်ချမှတ်ထားသော မြေပုံအချို့ကို မြေပြင်၌ မည်သည့်အချိန်တွင် ကွင်းဆင်း စစ်ဆေးမည်တို့ကို သိလိုခြင်း မေးခွန်း၊ သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၏ သံတောင်ကြီးမြို့နယ် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် လုံလောက်သော ဝန်ထမ်းအင်အား ဖြည့် ဆည်းခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့် ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ ကျောက်ဖြူမြို့နယ်၊ ပင်လယ်နားကျေးရွာရှိ  ကွင်းအမှတ် (၆၆၀)ကြွင်းချိန် အနောက်၊ ဦးပိုင်အမှတ် (၂၇၃)ရှိ ၁ ဒသမ ၉၀ ဧက မြေပေါ်တွင် တိရစ္တာန်အစားအစာ ထုတ်လုပ်ရန် စက်ရုံတစ်ခု တည်ဆောက်နေသည်ကို တွေ့ရှိရာ အဆိုပါစက်ရုံနှင့် စပ်လျဉ်း၍ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း ရှင်းလင်းဖြေကြား ကြသည်။


ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးုသားလွှတ်တော်မှ ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့သော စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတင်ပြချက်အတိ်ုင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ကို ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏  သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ပြင်ဆင်ချက်ဖြင့် သဘောတူကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။


ယင်းနောက် မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း တင်သွင်းသည့် လယ်ယာ သားငါး ထုတ်ကုန်များ သင့်တင့်သော ဈေးနှုန်း၊ စဉ်ဆက်မပြတ် ဈေးကွက်များ တည်ရှိစေရန် မြို့ နယ်အလိုက် “တောင်သူလယ်သမား ဈေးကွက်စနစ်” (Farmer Market System) ထူ ထောင်၍ ပိုမိုဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆို ကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးနိုင်လင်းအောင်၊ ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်နှင့် ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦးတို့က ဆွေးနွေးကြသည်။


အဆိုနှင့်စပ်လျဉ်း၍ ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦးက ဆွေးနွေးရာတွင် အဆိုရှင်အနေဖြင့် ကျေးလက်နေတောင် သူများအတွက် ရည်ရွယ်ချက်ကောင်းများဖြင့် တင်သွင်းထားသည့် အဆိုဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ သင့်တင့်ရန်အတွက် တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများ၏ ဘဝမြင့်မားရန်အတွက် မြို့နယ်အလိုက် တောင်သူလယ်သမား ဈေးကွက်များ ထူထောင်ရုံဖြင့် အဆင်ပြေမည် မဟုတ်ပါကြောင်း၊  မိမိတို့နိုင်ငံတွင် လိုအပ်နေသည့် ဘက်စုံရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်နိုင်ရန်၊  စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းများကို သုတေသနပြုလုပ်နိုင်ရန်၊ ကျေးလက်နေတောင်သူများကို စိုက်ပျိုးရေး နည်းပညာများ ဖန်တီးပေးနိုင်ရန်၊ ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်များရရှိရန်အတွက် အထောက်အကူပြု သွင်းအားစုများကို ထောက်ပံ့ပေးနိုင်ရန်တို့သည် အဓိက လိုအပ်ပါကြောင်း၊ တောင်သူများအနေဖြင့် အောင်မြင်နေသည့် လုပ်ငန်းများကို အတုယူပြီး မိမိတို့လူမှုဘဝများ တိုးတက်ရန်အတွက် လယ်ယာလုပ်ငန်းပြုပြင် ပြောင်းလဲရေးကို ရဲရဲဝံ့ဝံ့ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြမှသာလျှင် တိုးတက်မည်ဖြစ်ပါ ကြောင်း အကြံပြု ဆွေးနွေးသည်။


ယင်းအဆိုနှင့် စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လယ်ယာနှင့် သားငါးလုပ်ငန်း ဆောင်ရွက်သူများနှင့် စားသုံးသူများအကြား နှစ်ဦးနှစ်ဖက် မနစ်နာစေဘဲ သင့်တင့် သည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန်အတွက် အခြေခံဈေးနှုန်းများ သတ်မှတ်နိုင်ရေး စီမံဆောင်ရွက်ပေးရန်နှင့် ထုတ်ကုန်အရည်အသွေးမြှင့်မားရေး၊ အစားအသောက် ဘေးကင်း လုံခြုံစိတ်ချနိုင်စေရေးနှင့် အာဟာရပြည့်စုံသည့် အစားအသောက်များ ထုတ်လုပ်နိုင် စေရေးအတွက် ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် အရည်အသွေးမြှင့်တင် နိုင်ရေး အတွက်လည်း အလေးထားဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း။


စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ထုတ်ကုန်များ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးမွေးမြူရေးနည်းပညာများ ရရှိစေရန်နှင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပဈေးကွက်တိုးချဲ့ရာတွင် တရားဝင်ဖြစ်ရေးအတွက် အစိုးရအချင်းချင်း ဆွေးနွေးညှိနှိုင်းခြင်း၊ လက်မှတ်ရေးထိုးခြင်းဖြင့် ပို့ကုန်ဈေးနှုန်းတိုးမြှင့်စေရေး တို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း (Farmer Market System) နှင့် အလားသဏ္ဍာန်တူသည့် ကုန်စည်ဒိုင်များအား ပြည်နယ်/တိုင်း ဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်း၊ မွန်၊ ကချင်၊ ကယား၊ ရခိုင်ပြည်နယ်တို့တွင် (၆၅)ဒိုင် ဖွင့်လှစ်ထားပြီး လယ်ယာထွက်ကုန် များအား လက်လီလက်ကား ရောင်းဝယ်ခွင့်ပြုပေးလျက်ရှိရာ တောင်သူလယ်သမားများ သင့်တင့်သော ဈေးနှုန်းနှင့် ဈေးကွက်ရရှိရေး အထောက် အကူပြုနိုင်လျက်ရှိ နေသည်ကို တွေ့ရပါကြောင်း။


မြို့နယ်အလိုက် တောင်သူလယ်သမားဈေးကွက်စနစ်(Farmer Market System) ထူထောင်ဆောင်ရွက်ရန်အတွက် ခိုင်မာသော တောင်သူလယ်သမားအစုအဖွဲ့ ပေါ်ပေါက်လာရန် အဓိကကျသည့် အချက်တစ်ရပ်အဖြစ် လိုအပ်ပါကြောင်း၊ အဆိုပါ ခိုင်မာသော အဖွဲ့အစည်းများရှိမှသာ ဈေးကွက်ထိန်းကျောင်းရေးလုပ်ငန်းများ စီစဉ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် စုပေါင်းဆောင်ရွက် နိုင်စွမ်း ရှိသော၊ စုပေါင်း ရင်းနှီးမြှုပ်နှံနိုင်စွမ်းရှိသော အလေ့အကျင့်ကောင်းများ ဆောင်ရွက်နိုင် မည့် တောင်သူ အစုအဖွဲ့များ ပေါ်ပေါက်လာ စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကာလလည်း ဖြစ်ပါကြောင်း။


နိုင်ငံတော်၏ လက်ရှိကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေးစနစ်တွင်  တောင်သူ လယ်သမားဈေးကွက်စနစ် ဖော်ဆောင်ပေးရန် သိုလှောင် ထိန်းသိမ်း ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်များသည် အရေးပါပြီး ယင်းအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသည့် သိုလှောင်ရုံ ကဲ့သို့သော အခြေခံအဆောက်အဦများ တည်ဆောက်ခြင်း၊ ဈေးနှုန်းနှင့် စဉ်ဆက်မပြတ် ဈေးကွက်ရရှိရေးအတွက် ရောင်းဝယ်သည့်စနစ်များ သတ်မှတ်ပြဋ္ဌာန်းကာ လေ့ကျင့်ပြု စုပေးရန်လည်း အချိန်ကာလတစ်ခု လိုအပ်လျက်ရှိပါကြောင်း။


ထို့ကြောင့် အဆိုသည် အဆိုကောင်းတစ်ရပ်ဖြစ်သော်လည်း လက်ရှိအခြေအနေ အချိန်အခါနှင့် အခြေအနေပေးမှု အနေအထားအရ မြို့နယ်အလိုက် တောင်သူ လယ်သမား ဈေးကွက်စနစ်( Farmer Market System) ထူထောင်နိုင်ရန်အတွက် မိမိ တင်ပြခဲ့သည့် လုပ်ငန်းစဉ်များကို  တစ်ဆင့်ပြီးတစ်ဆင့် လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်သည့်အတွက် အဆိုအား မှတ်တမ်းတင်ထားရှိသင့်ပါကြောင်း ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က မှတ်တမ်းတင်ပေးပါရန် ပြောကြားသည်။


ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား မှတ်တမ်းတင်ရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် မှတ်တမ်းတင်ကြောင်း ကြေညာသည်။ 


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို စက်တင်ဘာ ၁၈ တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။


အေးအေးသန့်၊ ကျော်ဇင်ထိုက်

 

 u kyaw htay