ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၁၀ ဒီဇင်ဘာ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မယ်စဲ့ မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်း၏ မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စုရှိ ကျိုက်ထီးရိုးစေတီအနီး၌ သဘာဝအတိုင်း ဖြစ်ပေါ်နေသော မြေနန်းတောာ်(ခေါ်) နတ်တောင်ကို ခရီးသွားလုပ်ငန်း တွင်တွင်ကျယ်ကျယ် ဖွံ့ဖြိုးတိုးတက်လာနိုင်အောင် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ကယားပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်နိုင်ရန်အတွက် နယ်မြေဒေသအခြေအနေအပေါ် မူတည်ပြီး ကန့်သတ်နယ်မြေများ ဖြေလျော့ပေးနိုင်ရေးကိုလည်း ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါတွင် နယ်စပ်ဝင်ပေါက်ဖြစ်သည့် BP-13 အား အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်အဖြစ် (သို့မဟုတ်) ၆ ညအိပ် ၇ ရက် ခရီးစဉ်များအဖြစ် ဖော်ဆောင်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ သို့တင်ပြထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ နယ်စပ်ဝင်ပေါက် ခွင့်ပြုချက်ရရှိပါက တစ်ဖက်နယ်စပ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နှင့် ပူးပေါင်းပြီး ထိုင်းနိုင်ငံဘက်မှ ခရီးသွားဧည့်သည်များ ကယားပြည်နယ်သို့ လာရောက်လည်ပတ်နိုင်မည့် ခရီးစဉ်အသစ်များတွင်  မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု ကျိုက်ထီးရိုးစေတီအနီး၌ သဘာဝအတိုင်း ဖြစ်ပေါ်နေသော မြေနန်းတော်ခေါ် နတ်တောင်ကို ခရီးစဉ်ဒေသအသစ်တစ်ခုအနေဖြင့် ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ခရီးစဉ်အား ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်စေရေးအတွက် နယ်မြေဒေသ အခြေအနေ အပေါ်မူတည်၍ ကန့်သတ်နယ်မြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြ လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဝိုင်းမော် မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ ဝိုင်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးလာခြင်းကြောင့် ရေကျော်သော လမ်းမကြီးများနှင့် တံတားတို့ကို ရေမကျော်အောင် ပြန်လည်ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဝိုင်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးလာခြင်းကြောင့် လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသော မန္တလေး-လားရှိုး၊ ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ နန့်မြစ်ခချောင်းတံတား ချဉ်းကပ်လမ်းနှင့် ဝိုင်းမော် ဘက်ကမ်းရှိ ရေကျော်သောနေရာများအား အသေးစိတ်တိုင်းတာတွက်ချက်ပြီး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  ကချင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ တရုတ်ခရီးသွားများ အသုံးပြုသည့် အွန်လိုင်းငွေပေးချေမှုစနစ် (WeChat Pay နှင့် Alipay)ကို တားမြစ်ပိတ်ပင်ရန်နှင့် ဇီးရိုး ဘတ်ဂျက်တားဆီးနိုင်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်လတ်က လည်းကောင်း၊ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ ပဲခူး-စစ်တောင်း တူးမြောင်းတာပေါင် ဂဝံလမ်းအား ပြုပြင်ထိန်းသိမ်းပေးရန်နှင့် ကျောက်လမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ တန့်ဆည် မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၏ အစိုးရဌာနအဖွဲ့အစည်းများသည် ကန်ထရိုက်စနစ်ဖြင့် တင်ဒါလုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါအချို့အား ငြင်းပယ်သည့်အခါ ငြင်းပယ်ရသည့် အကြောင်းအရင်း၊ မရွေးချယ်ရသည့် အကြောင်းအရင်းကို အစီရင်ခံစာတွင် ရှင်းလင်းချက်များနှင့် တိကျစွာ ဖော်ပြပေးခြင်းရှိ၊ မရှိနှင့် တင်ဒါမအောင်မြင်သည့် လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအား မရွေးချယ်ရသည့် အကြောင်းအရင်းကို အကြောင်းကြားစာ ပေးနိုင်ခြင်းရှိ၊ မရှိ သိလိုခြင်း မေးခွန်း၊ မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ မင်းတပ်မြို့နယ် ကြာအိမ်နူးကျေးရွာနှင့် ဒါဒိုကျေးရွာအကြားရှိ ချယ်လောင်ချောင်းကို ဖြတ်ပြီး ကြိုးတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း၏ လက်ပံတန်းမြို့နယ်၊ ဝါးရုံပင်ဇင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၅)ရွာ အသုံးပြုနေသော (၅)ပေအကျယ် လူကူးသစ်သား တံတားအစား သံကူကွန်ကရစ် ကုန်ထုတ်တံတားအဖြစ် ပြည်ထောင်စုဘတ်ဂျက်မှ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ သိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးကျော်လင်းကလည်းကောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်က အသေးစားငွေရေးကြေးရေး ဥပဒေကြမ်း ကိုတင်သွင်းပြီး ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက အစီရင်ခံစာဖတ်ကြားတင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် နမ္မတူ မဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး တင်သွင်းသည့် ပြည်ထောင်စု တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်း ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတို့အတွက် တင်ဒါများကို ဖိတ်ခေါ်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများ၏ တည်နေရာ၊  Design၊ Drawing နှင့် Estimate (ခန့်မှန်းရန်ပုံငွေများ)ကို ပြည့်စုံစွာဖော်ပြပြီး သက်ဆိုင်ရာဌာနများ၏ Website များတွင် စတင်ဖိတ်ခေါ်သည်သာမက တင်ဒါအောင်မြင်သွားသည့် ကုမ္ပဏီများကိုပါ အတူယှဉ်တွဲပြီး လုပ်ငန်းပြီးစီးသည်အထိ သက်ဆိုင်ရာဌာန၏ Website များတွင် တရားဝင်ဖော်ပြပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မိုင်းကိုင် မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်မိုင်းက နိုင်ငံတော်၏ အမျိုးသားစီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းများကို လွှတ်တော်မှ သက်ဆိုင်ရာလုပ်ငန်းများနှင့် ကိုက်ညီသည့် ဘတ်ဂျက်ကို စိစစ်အတည်ပြုပြီးဖြစ်ပြီး အတည်ပြုထားသော လုပ်ငန်းများ  အရည်အသွေးပြည့်မီရေးအတွက် ဘဏ္ဍာငွေအလေအလွင့်မရှိစေရန် လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်၊ လုပ်ထုံးလုပ်နည်းများကိုလည်း ချမှတ်ထားပေးပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် တင်ဒါအောင်မြင်သူများအား ထုတ်ပြန်ကြေညာသည့်အချိန်တွင် တင်ဒါဆွဲစဉ်က ပါရှိသည့် လုပ်ငန်း၏ Estimate ကို တစ်ပါတည်း Website တွင် ဖော်ပြထားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းအတွက် တင်ဒါခေါ်ဆိုသည့်နေ့မှစ၍ လုပ်ငန်းပြီးစီးသည်အထိ Estimate ကို သက်ဆိုင်ရာဝန်ကြီးဌာန၏ Website တွင် တင်ထားခြင်းအားဖြင့် အဆင့်လိုက်လုပ်ငန်းပြီးစီးမှု အခြေအနေကို မှန်ကန်စွာသိရှိနိုင် မည်ဖြစ်သည့်အပြင် နိုင်ငံတော်ဘတ်ဂျက်အလေအလွင့် မဖြစ်အောင်လည်း ထိန်းချုပ်နိုင်မည်ဖြစ်ပါသောကြောင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

အလားတူ ယင်းအဆိုနှင့်စပ်လျဉ်း၍ ညောင်ရွှေ မဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး (ခ) ဦးနေမျိုး၊ ဖားဆောင်း မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၊ ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်နှင့် လဲချား မဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာတို့က ဆွေးနွေးကြသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ယခုတင်သွင်းသည့်အဆိုသည် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ အစည်းအဝေးများတွင် အမြဲမပြတ် မှာကြားနေသည့် လမ်းညွှန်ချက်ဖြစ်ပါကြောင်း၊  ဝန်ကြီးဌာနများအနေဖြင့် E တင်ဒါစနစ်ဖြင့် မဆောင်ရွက်နိုင်သေးမီ ကာလတွင် တင်ဒါခေါ်ယူမှုများကို သတင်းစာများတွင် ကြော်ငြာသကဲ့သို့ Website များတွင် ကြော်ငြာရန်၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကို  Website များတွင် တရားဝင်ဖော်ပြရန်တို့ကို တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ အစည်းအဝေးများတွင် ဝန်ကြီးဌာနအားလုံးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အားလုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အကြိမ်ကြိမ် တိုက်တွန်းထားသော်လည်း e-Government လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ထမ်းတစ်ဦးချင်းစီ၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုအခက်အခဲနှင့် Capacity Building ဆိုင်ရာအားနည်းချက်များရှိကြောင်းကို အချို့ဌာနများက တင်ပြလာပါကြောင်း။ 

ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်သည့် တင်ဒါလုပ်ငန်းခေါ်ဆိုမှုများကို နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာသကဲ့သို့ ဝန်ကြီးဌာန Website နှင့် ဆိုရှယ်မီဒီယာတို့ တွင်လည်း ပုံမှန်ထည့်သွင်းကြော်ငြာခြင်း၊ တင်ဒါအောင်မြင်သူများကို ဝန်ကြီးဌာန Website နှင့် ဆိုရှယ်မီဒီယာတို့တွင် ကြော်ငြာခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တင်ဒါအောင်မြင်ပြီး ဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဆောင်ရွက်မည့်လုပ်ငန်း၊ တင်ဒါအောင်တန်ဖိုး၊ တာဝန်ခံ အင်ဂျင်နီယာ၊ လုပ်ငန်းဆိုင်ရာ အချက်အလက်များအား ပြည့်စုံစွာဖော်ပြစေပြီး ဆက်သွယ်နိုင်မည့်ဌာန၊ ကုမ္ပဏီဖုန်းနံပါတ်များကို တစ်ပါတည်း ထည့်သွင်းစိုက်ထူခြင်းများ ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ဖြစ်ပါသောကြောင့် အဆိုအား အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန်အတွက် လွှတ်တော်၏ သဘောထားမေးမြန်းရာ သဘောမတူသူ မရှိသဖြင့် အဆိုအား အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍  ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆယ်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာအား ကော်မတီအတွင်းရေးမှူး ဒေါ်ယဉ်မင်းလှိုင်က  ကော်မတီအနေဖြင့် မိမိတို့ကော်မတီနှင့် သက်ဆိုင်သော ဝန်ကြီးဌာနများ၏ မူဝါဒ၊ ရည်မှန်းချက်များ၊ ဘဏ္ဍာရေးနှစ်အလိုက် အမျိုးသားစီမံကိန်းများ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကိစ္စရပ်များကို စိစစ်လေ့လာသုံးသပ်ခြင်း၊ အကြံပြုတင်ပြခြင်းအပြင် ပယ်ဖျက်ရမည့် ဥပဒေများ၊ ပြင်ဆင်ရေးဆွဲသင့်သော ဥပဒေများကို ပြင်ဆင်ရေးဆွဲခြင်း၊ အသစ်ပြဋ္ဌာန်းသည့် ဥပဒေကြမ်းများကို လေ့လာသုံးသပ်အကြံပြု တင်ပြခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းနှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်းကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာအား ကော်မတီဝင် ဦးမျိုးဇော်အောင်က ဖတ်ကြားတင်ပြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါနှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို သဘောတူလက်ခံရန် ကော်မတီအတွင်းရေးမှူး ဒေါက်တာသန်းဝင်းက အဆိုတင်သွင်းသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှစ်ပတ်လည်အစီရင်ခံစာကို အတည်ပြုရန်အတွက် လွှတ်တော်၏ သဘောထားမေးမြန်းရာ သဘောတူသဖြင့် အတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)