ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၁၆   ဒီဇင်ဘာ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြဝတီ မဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်၏ မြန်မာလျှပ်စစ်ဓာတ်အားကို မည်သည့်အချိန်တွင်  မြဝတီမြို့သို့ ပေးနိုင်မည်နည်း၊  ကျေးလက်တောရွာများအတွက် ကျေးလက်သုံးမီတာများ ဖြန့်ဝေပေးနိုင်ခြင်းရှိ၊ မရှိနှင့် မြို့ကြီးသုံးမီတာများ  (Digital Meters) လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက မြဝတီမြို့နယ်အတွင်း မီတာ ၂၄၇၇ လုံး တပ်ဆင်ပြီး နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားပေးနေပြီဖြစ်ပါကြောင်း၊  နိုင်ငံတော်ဓာတ်အားစနစ်ဖြင့်  ထပ်မံတိုးတက် ဓာတ်အားဖြန့်ဖြူး ပေးမည့် နေရာများအတွက် ကျေးလက်သုံးမီတာများ၊ မြို့နယ်ငယ်သုံး မီတာများနှင့် မြို့ကြီးသုံး မီတာများအား မီးသုံးစွဲသူပြည်သူများ၏ ဆန္ဒအတိုင်းရွေးချယ်၍ လျှောက်ထားသည့်အတိုင်း  လုံလောက်စွာ တပ်ဆင်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မဟာအောင်မြေ မဲဆန္ဒနယ်မှ ဦးငြိမ်းသစ်(ခ) ဦးသောင်းထွန်း၏  မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာမ (၄၀၃)ဦး နေထိုင်ရန်အတွက် သိမ်းဆည်းထားသော သူနာပြုအဆောင်အား ပြန်လည်ပေးအပ်ရန် သို့မဟုတ် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကုသရေးဦးစီးဌာနသည် မန္တလေးတိုင်းဒေသကြီးအတွင်းတာ ဝန်ထမ်းဆောင်နေသော သူနာပြုများ နေထိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မန္တလေးဗဟိုဆေးသိုလှောင်ရေး ဝင်းအတွင်း အခန်း ၆၀ ပါ ၃ ထပ်ဆောင် တစ်လုံး၊ ခုတင် ၃၀ဝ ဆံ့ သင်ကြားရေး ဆေးရုံဝင်းအတွင်း အခန်း ၈၀ ပါ  ၄ ထပ်ဆောင်တစ်လုံး ဆောက်လုပ်ရန် ရန်ပုံငွေခွင့်ပြု မိန့်ရပြီးဖြစ်၍ ဆောက်လုပ်နိုင်ရေးအတွက် ဆောက်လုပ်ဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းတွင်ပါဝင်သော မြေနှစ်ခုအနက် ၇၄×၇၅ လမ်းကြား၊ ၂၉×၃၀ လမ်းကြား မြေကွက်လပ် အလျား ပေ ၁၂၀၊ အနံ ပေ ၇၀ မြေနေရာတွင် အထပ်မြင့် အဆောက်အဦ ဆောက်လုပ်နိုင်မည့် အခြေအနေရှိ၊ မရှိ စိစစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၃၅ လမ်း ၄၆×၆၅ လမ်းကြား မြေနေရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကာလ၌ လေးခန်းတွဲ ၅ ထပ် ဝန်ထမ်းအိမ်ရာ နှစ်လုံးဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆေးရုံ၏ မြေနေရာ ရရှိမှုအခြေအနေအား စိစစ်လျက် စီမံကိန်းအစီအစဉ်များဖြင့် လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

ဆက်လက်၍ ဒလ မဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၏ မီတာဖတ်ခြင်း၊ မီတာ ကောက်ခံခြင်းများတွင်  လျှပ်စစ်သုံးစွဲသူနှင့်  လျှပ်စစ်ဌာနတို့အကြား ပွင့်လင်းမြင်သာမှု ရှိရန်အတွက် လူမြင်နိုင်သောနေရာ သို့မဟုတ် အိမ်ခြံဝင်းများအတွင်းတွင် မီတာပုံးများထားရှိရန်  အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက လည်းကောင်း၊ ဗန်းမောက် မဲဆန္ဒနယ်မှ  ဦကျော်စိုး၏ ဗန်းမောက်မြို့နယ်ရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ လွှမ်းခြုံနိုင်ရန်အတွက် မည်သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်း၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေး မူ(ခ)ဒေါ်ရှားမီး၏ ကလေးမြို့နယ်၊ မောက်လင်းကျေးရွာအုပ်စု၊ လက်ပံချောင်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တိုက်နယ်ဆေးရုံ အဆောက်အဦအား အနီးဆုံး ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ သာယာဝတီ မဲဆန္ဒနယ်မှ ဦးအောင်မြင့်၏ သာယာဝ တီခရိုင် ပြည်သူ့ဆေးရုံကြီး အား ခုတင် (၂၀ဝ)ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် မတူပီ မဲဆန္ဒနယ်မှ ဦးပါထန်း၏ မတူပီမြို့နယ်၊ တန်ကူကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က  ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ပေးပို့သော အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများ နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုအပေါ် ပြင်ဆင်ချက် တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မိုးမြင့်အောင်နှင့် ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်တို့က ဆွေးနွေးကြသည်။

 

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်က  ကော်မတီသည် အမြဲတမ်း ကော်မတီတစ်ခု ဖြစ်သည်နှင့်အညီ အစီရင်ခံစာတင်ပြခြင်းကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း လေးစားလိုက်နာလုပ်ဆောင်ရန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ မှာကြားလမ်းညွှန်ထားသည့်အတိုင်း နောက်ထပ် တင်သွင်းမည့် အစီရင်ခံစာများကို  လွှတ်တော်ကော်မတီများ အချင်းချင်း မကြာခဏ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ကော်မတီများ၏ နှစ်ပတ်လည် အစီရင်ခံစာများကို လွယ်လင့်တကူရှာဖွေ ဖတ်ရှုလေ့လာနိုင်ရန် ပြည်သူ့လွှတ်တော် Website တွင် ဖော်ပြသင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

 

အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီအတွင်းရေးမှူး ဒေါက်တာလှမိုးက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ကော်မတီဝင် ဒေါက်တာမြင့်သိန်းက ယင်းနှစ်ပတ်လည် အစီရင်ခံစာကို  လွှတ်တော်မှ သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ယင်းနောက်က ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဟန်က ဆွေးနွေးသည်။

 

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဟန်က နောင်လာမည့် ၂၀၁၉-၂၀၂၀ နှစ်ပတ်လည်အစီရင်ခံစာတွင် ပြီးခဲ့သည့် အစီရင်ခံစာများနှင့် ချိတ်ဆက်မှုရှိသည့် ပြည်သူလူထုအတွက်  Financial Knowledge၊ Financial awareness ကို ရစေပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး၊ ဘဏ္ဍာရေးကဏ္ဍကို မည်သို့ခိုင်မာဖွံ့ဖြိုးတိုးတက်အောင် စောင့်ကြည့်ထိန်းညှိလုပ်နေသည်ကို ပြည့်စုံစွာ ဖော်ပြအစီရင်ခံနိုင်ရန်  အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

 

အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင် က လွှတ်တော်ကိုယ် စားလှယ်များ၏ ဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ကော်မတီအတွင်းရေးမှူး ဦးတင်ထွန်းနိုင်က ယင်းနှစ်ပတ်လည် အစီရင်ခံစာကို  လွှတ်တော်မှ သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ တပ်တော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ဝင်းမင်းထွန်းက ဆွေးနွေးသည်။

 

အဆိုပါ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်က  လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

ထို့နောက် ကော်မတီအတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးက ယင်းနှစ်ပတ်လည် အစီရင်ခံစာကို  လွှတ်တော်မှ သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာအား သဘောတူလက်ခံရန် ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့်(ခေါ်) ဦးအောင်ဇော်မြင့်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)