ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

နေပြည်တော်  ၂၅   နိုဝင်ဘာ

 

           

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

           

အစည်းအဝေးတွင် မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာလင်းလင်းကျော်၏ မြစ်သားမြို့တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးမှုဒဏ်ကို ခံစားနေရသော ဘူတာရပ်ကွက်နှင့် ယွေး ကျေးရွာရှိ ပြည်သူများအတွက် ရေကြီးရေလျှံမှုများမှ ကာကွယ်တားဆီးရန် လုပ်ငန်းအစီအမံများ အမြန်ဆုံး ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မြစ်သားမြို့၊ ဘူတာရပ်ကွက်တွင် မိုးရာသီရေများချိန်၌ နှစ်စဉ်ရေလွှမ်း မိုးလေ့ရှိပါကြောင်း၊ ယခုနှစ်တွင် ရုတ်တရက်ရေကြီးရေလျှံမှု ကာကွယ်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစ်ကြောင်းတိုင်းတာရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  တိုင်းတာတွေ့ရှိချက်များအရ ဆောင်ရွက်သင့်သည့် အစီအမံများရေးဆွဲပြီး ခန့်မှန်းကုန်ကျစရိတ်များ တွက်ချက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် လျာထားပေးမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

21

 

           

လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်း၏ လက်ပံတန်းမြို့နယ်ရှိ ကမ်းရင်းတာ ဟောင်းအား ကျေးရွာချင်းဆက်လမ်းအဖြစ် လမ်းအဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် အတွင်းရှိ ဧရာဝတီမြစ်အရှေ့ဘက်  ကမ်းရင်းတာဟောင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လယ်ယာမြေများနှင့် ကျေးရွာများကို ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်ပေးထားသည့် မြစ်ရေထိန်းကမ်းရင်းတာဖြစ်ပြီး အဆိုပါ တာဟောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးနိုင်ခြင်း မရှိပါသဖြင့် ကျေးရွာချင်းဆက်လမ်းအဖြစ် သတ်မှတ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

           

ဆက်လက်၍ မြေပုံ မဲဆန္ဒနယ်မှ ဦးဖေသန်း၏ မြေပုံမြို့နယ် (အငူ-ထူးချေ) ကျေးရွာချင်းဆက် ပင်လယ်ကမ်းခြေပတ်လမ်းလှိုင်းကာ ကျောက်စီနံရံ အရှည် (၂၈၀ဝ)ပေ၏ အမြင့်အား (၂)ပေ ထပ်မံမြှင့်တင်ပေးရန်၊ မြေသားလမ်း (၂)မိုင်အား ကျောက်ချောလမ်းခင်းပေးရန်၊ ရွာနှစ်ရွာကြားရှိ မတ်စောက်၍ အန္တရာယ်များသော တောင်အား ဖြတ်တောက်ပြီး လမ်း နှင့်ရွာအကြား တစ်ဆက်တစ်စပ်တည်းဖြစ်စေရန် မြေသားဖို့ပေးခြင်းနှင့် လိုအပ်နေသော ရေပြွန်များအတွက် မြေထိန်းနံရံများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိတို့ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးကျော်မျိုးကလည်းကောင်း၊   ပေါက်တော မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ၏ ကစ္စပနဒီ(ကုလားတန်) မြစ်ကူးတံတားကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ပြီး ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း ယခုတိုင် မဆောက်လုပ်နိုင်ခြင်းကို သိလိုခြင်း မေးခွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ ကျောင်းကုန်းမြို့နယ်ရှိ အစုကြီး-ကွမ်းခြံကုန်းလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မင်းဘူး(စကု)မြို့နယ်၊ အိုင်းမရွာနှင့် အိုးပြင်မဲ ရွာတို့ကို ဆက်သွယ်သောနေရာတွင် ရာသီမရွေးသွားလာနိုင်သော မန်းချောင်းတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ပူတာအို မဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ ပူတာအိုမြို့နယ်အတွင်းရှိ ပမ္မတီး-နမ်ရှယ်-မလိ ခေါင်လမ်းတွင် ကျောက်ချောလမ်းခင်းရန် ကျန်ရှိနေသော (၂)မိုင်၊ (၁)ဖာလုံ အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျောက်ချောလမ်း ဆက်လက်ခင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးကျော်လင်းက လည်းကောင်း ရှင်းလင်းဖြေကြားသည်။

 

           

ထို့နောက် နမ္မတူ မဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေးက ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊  ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတို့အတွက် တင်ဒါများကို ဖိတ်ခေါ်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများ၏ တည်နေရာ၊ Design Drawing နှင့်  Estimate (ခန့်မှန်းရန်ပုံငွေများ)ကို  ပြည့်စုံစွာဖော်ပြပြီး သက်ဆိုင်ရာဌာနများ၏ Website များတွင် စတင်ဖိတ်ခေါ်သည်သာမက တင်ဒါအောင်မြင်သွားသည့် ကုမ္ပဏီများကိုပါ  အတူယှဉ်တွဲပြီး လုပ်ငန်းပြီးစီးသည်အထိ သက်ဆိုင်ရာဌာန၏ Website များတွင် တရားဝင်ဖော် ပြပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် ယခု အဆိုသည် ဆောက်လုပ်ရေးဝန်ကြီးဌာန တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ မိမိတို့ နိုင်ငံတွင်ရှိနေသည့် ဝန်ကြီးဌာနတိုင်းကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး ၏ ညွှန်ကြားချက်(၁/၂၀၁၇)တွင် အစိုးရဌာနအဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်းများကို  မည်သို့ပင် ညွှန်ကြားထားစေကာမူ ကွဲလွဲစွာဆောင်ရွက်နေကြသည်ကို ဖြတ်သန်းခဲ့သည့် ဘဏ္ဍာရေးနှစ်များကို ပြန်လည် သုံးသပ်ခြင်းအားဖြင့် ငြင်းပယ်၍ မရနိုင်ပါကြောင်း။

 

           

တင်ဒါစတင်ခေါ်ကတည်းက Design Drawing နှင့်  Estimate များကို Website တွင် ဖော်ပြထားခြင်းဖြင့် တင်ဒါယှဉ်ပြိုင်ခွင့် ကန့်သတ်ချက်များကိုလည်း သိရှိနိုင်သည့် အပြင် အဂတိလိုက်စားမှုများနှင့် မလျော်သြဇာသုံးပြီး တစ်နည်းနည်းဖြင့် လွှမ်းမိုး ဆောင်ရွက်မှုများကိုလည်း အဟန့်အတားဖြစ်စေပါကြောင်း၊ တင်ဒါဖွင့်လှစ်ပြီးနောက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို လုပ်ငန်း၏  Design Drawing နှင့်  Estimate များကို ပူးတွဲပြီး Website တွင် တင်ပြထားခြင်းဖြင့် Estimate များကို ပြန်လည်ပြင် ဆင်ရေးဆွဲနေသည့် သံသယများ မှေးမှိန်ပြီး တင်ဒါအောင်မြင်သည့်ဈေးနှုန်းနှင့် ခွင့်ပြု ဘတ်ဂျက် ကွာဟချက်များကိုလည်း သိရှိနိုင်မည်ဖြစ်ပါကြောင်း။

 

ထို့ပြင် အဂတိလိုက်စားမှုလျှော့ချရေးအတွက် အနည်းငယ် အထောက်အပံ့ ဖြစ်နိုင်ရန်နှင့် လုပ်ငန်းများ၏ မူလစံချိန်စံညွန်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြင့်  လုပ်ငန်းအရည်အသွေး တိုးတက်စေရန်၊ ပြည်သူကို ဗဟိုပြုပြီး အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်ပြီး Website များတွင် တရားဝင် ကြေညာထားရန်အတွက်  အဆိုတင်သွင်းရခြင်းဖြစ်ပါကြောင်း  ရှင်းလင်းတင်ပြသည်။

 

           

ယင်းနောက် သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း က အဆိုအား ထောက်ခံ ဆွေးနွေးသည်။

 

           

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့်  လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

           

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

           

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းကို တင်သွင်းပြီး စိစစ်တွေ့ရှိမှု အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ဒေါ်မာမာခိုင်က  ဖတ်ကြားတင်ပြသည်။

 

           

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

           

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပေးပို့သော အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများ နှင့်စပ်လျဉ်း၍  ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်း တင်သွင်းထားသည့် အဆိုပြုပြင်ဆင်ချက်များအပေါ်  ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

           

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပေးပို့သော တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်း တင်သွင်းထားသည့်  အဆိုပြုပြင်ဆင်ချက်များအပေါ် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း အသိပေးတင်ပြသည်။

 

           

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ပေးပို့သော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ နှင့်စပ်လျဉ်း၍ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီက တင်သွင်းထားသည့် အဆိုပြုပြင်ဆင်ချက်များအပေါ် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း အသိပေးတင်ပြသည်။

 

           

ယင်းနောက် ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုး က ဖတ်ကြားတင်ပြရာတွင် အကြံပြုသုံးသပ်ချက် အနေဖြင့် ကော်မတီသည် လွှတ်တော်နှင့် လွှတ်တော် ကိ်ုယ်စားလှယ်များ ပိုမိုအကျိုးရှိနိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ရုံးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော် ဝန်ထမ်းများနှင့်ပူးပေါင်း၍ ပိုမိုအားစိုက်ဆောင်ရွက်ရန်၊ လွှတ်တော်ကိုယ်စားလှယ်များ ဆိုင်ရာကျင့်ဝတ်ကို ၂၀၁၉ခုနှစ် အတွင်း ပေါ်ပေါက်လာစေရန်အတွက် အလေးထား ဆောင်ရွက်ရန်နှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း။

 

 ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီသည် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များနှင့်အညီ ပြည်သူ့လွွှတ်တော်၊ လွှတ်တော်ကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ လွှတ်တော်၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးဆိုင်ရာဥပဒေများတွင် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် လိုအပ်မည့်အချက် အလက်များကို ရှာဖွေလေ့လာလျက်ရှိပြီး တွေ့ရှိချက်များကို လွှတ်တော်သို့ ဆက်လက်တင်ပြ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးဆိုင်ရာကိစ္စများနှင့် လွှတ်တော်က အခါအားလျော်စွာ  တာဝန်ပေးအပ်သည့် အခြားတာဝန်များကိုလည်း ကျေပွန်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အစီရင်ခံတင်ပြသည်။

 

           

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

           

ဆက်လက်၍ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို ကော်မတီဝင် ဦးစိုင်းဖိုးမြတ် က ဖတ်ကြား တင်ပြရာတွင် ကော်မတီသည် ကော်မတီလုပ်ငန်းတာဝန်များကို လက်တွေ့ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီသည်  နောင်လာမည့် ဥပဒေကြမ်းဆိုင်ရာ အစည်း အဝေးများတွင်လည်း ဆက်လက် တက်ရောက် ပူးပေါင်းဆောင်ရွက်သွားရန်၊ ကော်မတီသို့ တင်ပြစာများနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားရန်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင် ကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ သဘောတူအတည်ပြု ပါဝင်လက်မှတ်ရေးထိုး ထားသော အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်များနှင့် ဆက်စပ်လေ့လာ ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း။

 

ဆက်လက်၍ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံမှု အကြိမ်တိုးမြှင့်၍  နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုမြှင့်တင် ကာကွယ်ဆောင်ရွက်သွားရန်၊ နိုင်ငံသားများ၏  မူလအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ လိုအပ်ပါက ကွင်းဆင်းလေ့လာစုံစမ်းခြင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ခွင့်ပြုချက်ရယူပြီး ဒေသဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်  ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်၊ အချို့သော ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပြန်ကြားစာအချို့သည် ယေဘူယျဆန်သော ပြန်ကြားစာများ ဖြစ်နေသည့်အတွက် တိကျသေချာသော အဖြေများရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ပြန်ကြားမှုအားနည်းသော ဌာနဆိုင်ရာအဖွဲ့အစည်းများသို့ ထပ်မံနှိုးဆော် အသိပေး အကြောင်းကြားသွားရန်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီက စိစစ်ရမည့်ဥပဒေများနှင့် ပတ်သက်၍ ဆက်လက်ပိုမိုကြိုးပမ်း ဆောင်ရွက်သွားရန်တို့ ကိုသုံးသပ်ထားပါကြောင်း။

 

2

 

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရုံးဝန်ထမ်းများသည် မိသားစုစိတ်ဓာတ်အပြည့်အဝဖြင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို အားကြိုးမာန်တက် ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီအနေဖြင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် တိုးတက်စေရန် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစီရင်ခံတင်ပြသည်။

 

           

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစီရင်ခံစာနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေ ညာသည်။

 

           

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို နိုဝင်ဘာ ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)