ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

နေပြည်တော် ၁၄ ဇူလိုင်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြင်းခြံမဲဆန္ဒနယ်မှ ဦးစိန်မြင့်၏ မြင်းခြံမြို့နယ်ရှိ နည်းပညာကောလိပ်အား နည်းပညာတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မြင်းခြံနည်းပညာကောလိပ်သည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ နည်းပညာနှင့်သက်မွေးအတွက်သာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသဖြင့် အဆင့်မြင့်ပညာ ကဏ္ဍအောက်တွင်ရှိသည့် နည်းပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၏ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းအုပ်ရာထူးလစ်လပ်ပါက အမြန်ဖြည့်ဆည်းနိုင်ရန်အတွက် မည်သို့သော မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပြင်ဆင်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာဦးစီးဌာန အောက်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအုပ်ရာထူးရွေးချယ်ရာတွင် BED ဘွဲ့ရပြီး အထက်တန်းပြလုပ်သက် ၃ နှစ် ပြည့်ပြီးသော အထက်တန်းပြဆရာ၊ ဆရာမများအား ပြန်တမ်းဝင်အရာရှိ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများအား ယှဉ်ပြိုင် စာမေးပွဲစနစ်ဖြင့် ဆောင်ရွက်ရပါကြောင်း၊ ဖြေဆိုထားသည့် စာမေးပွဲရမှတ်နှင့် လုပ်သက်ပေါင်းပြီး ဦးစားပေးတန်းစီဇယား ရေးဆွဲရပြီး ဆန္ဒပြုရာထူး နေရာလစ်လပ်မှုအပေါ် မူတည်ပြီး ရာထူးတိုးရန် ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း။

 

ထို့ပြင် ဘဏ္ဍာရေးနှစ်တစ်ခုအတွင်း ခန့်ထားမည့် ကျောင်းအုပ်ကြီးအရေအတွက်ကို ဘတ်ဂျက်ပါ ရန်ပုံငွေ နှင့် လုံလောက်မှုရှိ၊ မရှိ စိစစ်ရပါကြောင်း၊ အတည်ပြုချက်ရရှိပါက ပြည်ထောင်စုဝန်ကြီးရုံးမှတစ်ဆင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အတည်ပြုချက်ကို ရယူဆောင်ရွက်ရပါကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်းများအတွက် ကျောင်းအုပ်များ ရွေးချယ်ရာတွင် BED ဘွဲ့ သို့မဟုတ် အလယ်တန်းကျောင်းအုပ် လုပ်သက် ၂ နှစ်ပြည့်ပြီးသော အလယ်တန်းကျောင်းအုပ်များကို လုပ်သက်ရမှတ် ကြီးစဉ်ငယ်လိုက် တန်းစီဇယားရေးဆွဲပြီး တိုးမြှင့်ခန့်ထားမည့် အရေအတွက်အား ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ရပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာ ဦးစီးဌာနရှိ အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းများအတွက် ကျောင်းအုပ် ရာထူးများကို ရာထူးတိုး၊ ရာထူးပြောင်းရွှေ့အစီအစဉ်များ ကျောင်းဖွင့်ရက်မတိုင်မီ သက်ဆိုင်ရာ ဦးစီးဌာန၏ ရန်ပုံငွေလျာထားချက်အရ လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်း၍လည်းကောင်း တစ်နှစ်လျှင်တစ်ကြိမ် ဆောင်ရွက်ပေးနေသော်လည်း ယခုကဲ့သို့ ကျောင်းအုပ်များ လိုအပ်ချက်အပေါ် မူတည်ပြီး ထပ်မံစိစစ်၍ ရာထူးတိုးမြှင့်ခြင်း ဆောင်ရွက်မှု အကြိမ်ရေတိုး၍ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

 

ကနီ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ ကနီမြို့နယ်ရှိ မုဋ္ဌော-ချိုင်-သရက်ပင်-မင်းမ ကျေးရွာချင်းဆက်လမ်းအား လမ်းတာချဲ့နိုင်ရေးနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ကနီမြို့နယ်အတွင်းရှိ မုဋ္ဌော- ချိုင်- သရက်ပင်- မင်းမကျေးရွာချင်းဆက်လမ်း အရှည် ၁၄ မိုင် ၂ ဖာလုံသည် ကနီ-ချောင်းမလမ်းနှင့် ဆက်သွယ်သော လမ်းဖြစ်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် အပိုင်းနှစ်ပိုင်းပါပါကြောင်း၊ ပထမတစ်ပိုင်းသည် မုဋ္ဌော-ဒဟတ္တော-ချိုင်-သရက်ပင် မင်းအိုလမ်း ၇ မိုင် ၂ ဖာလုံဖြစ်ပြီး လမ်းအဆင့် သတ်မှတ်ချက် Class (A) ဦးစားပေးအဆင့်(၂) ဖြစ်ပါကြောင်း၊ ဒုတိယတစ်ပိုင်းသည် မင်းမ- ကျွဲသောက်ကန်- မင်းအိုလမ်း အရှည် ၇ မိုင်ဖြစ်ပြီး လမ်းအဆင့် သတ်မှတ်ခြင်း Class (A) ဦးစားပေးအဆင့် (၃) ဖြစ်ပြီး အဆိုပါ လမ်းနှစ်လမ်းပေါင်းနှင့် မုဋ္ဌော- ချိုင်- သက်ရက်ပင်- မင်းမ ကျေးရွာချင်းဆက်လမ်းသည် ကျေးရွာပေါင်း ၁၅ ရွာ၊ လူဦးရေ ၁၅၀၀၀ ကျော်ကို အကျိုးပြုသည့်လမ်းဖြစ်ပါသဖြင့် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်  ၅ ဖာလုံကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် ကွန်ကရစ်လမ်းဆောင် ရွက်မည်ဖြစ်ပြီး ၇ ဖာလုံကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လျာထားတင်ပြထားပါကြောင်းနှင့် ကျန်အပိုင်းများကို လာမည့်ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတောင်းခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မင်းဘူး(စကု)မြို့နယ်တွင် သင့်လျော်သော မြေနေရာ၌ အစိုးရစက်မှုလက်မှု သိပ္ပံ GTI ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လည်းကောင်း၊  မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ မင်းတပ်-မတူပီလမ်းဖြစ်သည့် မင်းတပ်မြို့တွင်းလမ်းအား ဆက်လက်ချဲ့ပေးရန်နှင့် လမ်းတာချဲ့ရန်အတွက် နောက်ဆုတ်ပေးခဲ့သော အိမ်နှင့် လမ်းမကြီးအကြား ဖြစ်ပေါ်နေသည့် ချောက်နေရာများအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်း၊ တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၏ တောင်ကုတ်မြို့နယ်၊ ပန်းတင်းကျွန်းပေါ်ရှိ အရှေ့ဘက်- ပိန္နဲကိုင်း- ငမုန်း တိုင်းကျေးရွာချင်းဆက်လမ်းအား မြေသားအမာခံလမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စဉ့်ကူးမဲဆန္ဒနယ်မှ ဒေါက်တာဇော်ဝင်းမြင့်၏ စဉ့်ကူးမြို့နယ် အတွင်းရှိ ရွှေပြည်-ထုံးကြမ်းလမ်းပိုင်းအား ရာမသီမရွေးသွားလာနိုင်သော ကျေးရွာချင်းဆက်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းကလည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

 

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က တရား မကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းပြီး ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်စိန်က အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်း တင်သွင်းသည့် နိုင်ငံတော်၏ မျိုးဆက်သစ်လူငယ်များအား ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ခိုင်မြဲစွာ ရရှိစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်၏အခြေခံနှင့် အဆင့်မြင့်ပညာရေး ကျောင်းများတွင် အခြေခံအသင်းအဖွဲ့များ သတ်မှတ်ဖွဲ့စည်း၍ အသင်းအဖွဲ့အလိုက် အတန်းကိုယ်စားလှယ်များ၊ ကျောင်းကိုယ်စားလှယ်များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီနည်းကျ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်း၍ ကိုယ်တိုင် ပါဝင်ဆောင်ရွက်သည့် စနစ်တစ်ရပ်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ အကောင်အထည်ဖော် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်းက အခြေခံပညာကျောင်းများတွင် ကျောင်းကောင်စီများ ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လက်တွေ့ကျကျ ဒီမိုကရေစီနည်းလမ်းအရ အကောင်အထည်ဖော်ရန်အတွက်သာ လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များတွင် အထူးတာဝန်ရှိပါကြောင်း၊ သက်ဆိုင်ရာပညာရေးမှူးများကလည်း ကျောင်းကောင်စီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ ပေါက်မြောက်အောင် အကောင်အထည်ဖော်ရန်အတွက် ကြီးကြပ်ပေးသင့်ပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများတွင် အခြေခံပညာကျောင်းများကဲ့သို့ အသင်း ၅ သင်းဖွဲ့စည်း၍ ကျောင်းကောင်စီဖွဲ့ရမည်ဆိုသည့် ကိစ္စသည် စိန်ခေါ်ချက်တစ်ခု ဖြစ်နေပါသောကြောင့် ယခုအဆိုအား မှတ်တမ်းအဖြစ်သာ တင်သင့်ပါကြောင်း ဆွေးနွေးသည်။

 

မိုင်းရှူး မဲဆန္ဒနယ်မှ ဦးစိုင်းဝင်းအေး (ခ) ဦးစိုင်းထွန်းအေးက အဆိုရှင်၏ တင်ပြချက်များထဲတွင် သမိုင်းသင်ခန်းစာယူပြီး ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်ကို ပြန်လည်တည်ဆောက်နေရသောကြောင့် စိန်ခေါ်မှု အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မှ သွေဖီမသွားစေရန် မျိုးဆက်သစ်လူငယ်များကို ဒီမိုကရေစီအလေ့အကျင့် ခိုင်မာစေရေးအတွက် ပြုစုပျိုးထောင်ပေးရန် အထူးလိုအပ်လျက်ရှိကြောင်း၊ ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ရရှိလာပါက နိုင်ငံတည်ဆောက်ရေးတွင် များစွာအကျိုးကျေးဇူး ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ကျောင်းများတွင် အသင်းအဖွဲ့များကို ဒီမိုကရေစီနည်းကျ ဖွဲ့စည်းဆောင်ရွက်စေခြင်းအားဖြင့် နိုင်ငံတော်က လက်ရှိပြောင်းလဲကျင့်သုံးနေသည့် ပညာရေးစနစ်ကို ပိုမိုအားကောင်းလာစေမည် ဖြစ်ကြောင်းကို ဖော်ပြထားပါကြောင်း၊ ဒီမိုကရေစီစနစ် ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရေးသည် နိုင်ငံသူနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါကြောင်း၊ နောင်လာမည့် မျိုးဆက်သစ်များအတွက် စဉ်းစားပြီး ဒီမိုကရေစီ ရှင်သန်လာစေရန်နှင့် ဒီမိုကရေစီ အခြေခံအုတ်မြစ် ခိုင်ခံ့စေရန်တို့အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

အလားတူ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ဓနုဖြူ မဲဆန္ဒနယ်မှ ဦးတင်လှ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်၊ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ မော်လိုက် မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းနှင့် သထုံ မဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်တို့က ဆွေးနွေးကြသည်။

 

ထို့နောက် အဆိုနှင့်စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ မျိုးဆက်သစ်လူငယ်လူရွယ်များအား ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ခိုင်မြဲစွာရရှိစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံပညာကျောင်းများတွင် အခြေခံအသင်းအဖွဲ့များ သတ်မှတ်ဖွဲ့စည်းပြီး အသင်းအဖွဲ့အလိုက် အတန်းကိုယ်စားလှယ်များ၊ ကျောင်းသားကိုယ်စားလှယ်များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီ နည်းကျကျ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်သည့် ဒီမိုကရေစီစနစ် တစ်ရပ်ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ ကျောင်းကောင်စီဖွဲ့စည်းခြင်း လက်စွဲစာအုပ်များကို ဖြန့်ဝေထားပြီး ၎င်းလက်စွဲစာအုပ်ပါ လုပ်ငန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်ကတည်းက ဆောင်ရွက်ခဲ့သည့် နည်းလမ်း၊ ကျင့်စဉ်များဖြစ်သဖြင့် အဆိုသည် ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ကိုက်ညီသည့်အတွက် အဆိုအား အတည်ပြုသင့်ပါကြောင်း ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဇူလိုင် ၁၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)