ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ကျင်းပ 

နေပြည်တော် ၁၅ နိုဝင်ဘာ 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း ၄ ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ခုနှင့် ပြင်ဆင်ချက်အဆိုတစ်ခု ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။

 

ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီး၏ တိုင်းပြည်အနာဂတ် အကျိုးစီးပွားအတွက် မသန်စွမ်းမှု လျော့ချရေး၊ ကူညီထောက်ပံ့ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုးမြှင့်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှေးဦးအရွယ် ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးတိုင်းတာ စစ်ဆေးပံ့ပိုးမှု (Early Childhood Intervention – ECI ) လုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ်အတွင်း တိုင်းဒေသကြီး ၃ ခုနှင့် ပြည်နယ် ၁ ခုတို့ရှိ မြို့နယ် ၈ မြို့နယ် ၏ နေရာ ၉ ခုတွင် ECI Program pilot project အနေဖြင့် စတင်ဆောင်ရွက်သွား မည်ဖြစ်ပြီး ၂၀၁၈-၂၀၂၀ ခုနှစ်တွင် နိုင်ငံနှင့်အဝန်း လွှမ်းခြုံနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

 

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဘတ်ဂျက်ရရှိမှုအပေါ် မူတည်၍ လစဉ်ထောက်ပံ့မှုများကို ကလေးသူငယ်အရွယ်နှင့် အရွယ်ရောက်ပြီး မသန်စွမ်းသူများကို မသန်စွမ်းအမျိုးအစားပေါ် မူတည်၍ သက်ကြီးရွယ်အို လူမှုရေးပင်စင် ပေးသကဲ့သို့ အဆင့်ဆင့်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ မိုင်းကြောင့် ထိခိုက်ခံစားရသူများအား ငွေကြေးထောက်ပံ့ရေး အစီအစဉ်ကိုလည်း ဆောင်ရွက်လျှက်ရှိပါကြောင်း၊

 

နိုင်ငံတော်အနေဖြင့် မသန်စွမ်းမှုအလိုက် မသန်စွမ်းသင်တန်းကျောင်း ၈ ကျောင်း တည်ထောင်၍ နိုင်ငံတော် ဘတ်ဂျက်ဖြင့် မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားရေး ကိစ္စများ ဆောင်ရွက်ပေးနေသကဲ့သို့ အစိုးရဝန်ကြီးဌာန အချင်းချင်းသော် လည်းကောင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်နှင့် ပြည်တွင်းပြည်ပ စေတနာ့ဝန်ထမ်း မသန်စွမ်းအသင်းအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်း၍လည်းကောင်း ကာကွယ်စောင့်ရှောက်မှုများနှင့် ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေအရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် ၂၀၁၇ခုနှစ် စက်တင်ဘာ ၁၄ ရက် တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ တိုင်းပြည်အနာဂတ် အကျိုးစီးပွားအတွက် မသန်စွမ်းမှုလျော့ချခြင်း၊ ကူညီထောက်ပံ့ခြင်းနှင့် ကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းများကို ပိုမိုတိုးမြှင့်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

တွံ့တေးမဲဆန္ဒနယ်မှ ဦးမြင့်လွင် ၏ မြို့နယ်လက်စွဲစာအုပ်များ ထွက်ပေါ်လာစေရေး အတွက်လိုအပ်သော စီစဉ်ညွှန်ကြားမှု များပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒေသဆိုင်ရာ အချက်အလက်စာအုပ်သည် လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အချက်အလက်များ ပါဝင်သည့်အတွက် အဖျက်အမှောက်ပြုလုပ်လိုသည့် အဖွဲ့အစည်းများထံသို့ အဆိုပါ အချက်အလက်များရောက်ရှိ၊ ရရှိသွားပါက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်နိုင်ဖွယ်ရှိရာ ကန့်သတ်ရန်လိုအပ်သည့် အချက်အလက်များကို ချန်လှပ်၍ ကျန်အချက်အလက်များကို အများပြည်သူ အချိန်မရွေး လေ့လာသိရှိနိုင်ရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်)၏ Website ဖြစ်သည့် www.gad.gov.mm တွင် တစ်နိုင်ငံလုံးရှိ မြို့နယ်များ၏ အချက်အလက်များကို လွှင့်တင်ပေးလျက်ရှိရာ ၂၀၁၇ခုနှစ် နိုဝင်ဘာ ၁၄ ရက်အထိ မြို့နယ်ပေါင်း ၂၅၃ မြို့နယ်၏ အချက်အလက်များကို လွှင့်တင် ထားပြီးဖြစ်ပါကြောင်းနှင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင် ၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင်ရှိသော မြေကွက်လပ်များကို စီးပွားရေးအရ ဝင်ရောက် ကျူးကျော်သူများကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာစည်ပင်သာ ယာဝန်ထမ်းများက ကျူးကျော်ခွင့်ပြုနေခြင်းကို ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးနေလင်းထွန်း၏ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်များ၏ ကျွန်းအခြေစိုက် ကျေးရွာများ၊ ပင်လယ်ရေလုပ်ငန်းခွင်များတွင် တစ်နေ့တခြား ဆိုးရွားစွာ တိုးပွားဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲနေကြခြင်းကို အထူးစီမံချက်များရေးဆွဲ၍ တိုက်ဖျက်နှိမ်နင်းပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဖြေကြားသည်။

 

ထို့နောက် သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း တင်သွင်းသည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုနှင့် မူကြိုပညာရေးဆိုင်ရာ မဟာဗျူဟာ အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူက ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးသည် မြန်မာနိုင်ငံ၏ အထူးဦးစားပေး ရည်မှန်းချက် တစ်ရပ်ဖြစ်ပြီး အနာဂတ် လူသားအရင်းအမြစ်များ မဆုံးရှုံးစေရန် ထိန်းသိမ်းသည့် အစီအစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဟု ဆိုရာတွင် ကိုယ်ဝန်ဆောင်ကာလမှ အသက် ၈ နှစ်အရွယ်ထိရှိသည့် ကလေးများ ဘက်စုံဖွံ့ဖြိုးရန် ဆောင်ရွက်ပေးသည့် ပညာရေး၊ ကျန်းမာရေး၊ အဟာရ မြှင့်တင်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကာကွယ်စောင့်ရှောက်ရေး စသည်ဖြင့် အားလုံးအကြုံးဝင်ပါကြောင်း။

 

မွေးကင်းစမှ ၅ နှစ်အရွယ်ထိ နေ့ကလေးထိန်းကျောင်း၊ မူလတန်းကြိုကျောင်း၊ ရပ်ကွက်အခြေပြုနှင့် အိမ်အခြေပြုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သောပံ့ပိုးမှုများကို စဉ်ဆက် မပြတ်ပံ့ပိုးနိုင်ရန် များစွာ လိုအပ်နေပါကြောင်း၊ ကလေးသူငယ်များကို စောင့်ရှောက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများကို အချိန်ကာလ မရွေ့ဆိုင်းသင့်ပါကြောင်း၊ နောက်မကျသင့်ပါကြောင်း၊ ဝန်ဆောင်မှုရှိထားသည့် ကလေးနှင့် ဝန်ဆောင်မှုမရသည့် ကလေးများသည် ဖွံ့ဖြိုးမှုများစွာ ကွာခြားပါကြောင်း၊ မွေးစာရင်းအမြန်ရရှိရေးကိုလည်း အဆောင်တလျင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံအနာဂတ် ကလေးသူငယ်များ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် နည်းဥပဒေများ အရခွင့်ပြုချက်များ လျင်မြန်စွာပေးပြီး လိုအပ်သည့်ငွေကြေးများ ထောက်ပံ့မှုများကို လစဉ် သို့မဟုတ် နှစ်စဉ် ဖြည့်စွက်ပေးနိုင်ပါရန် အကြံပြုအပ်ပါကြောင်း ဆွေးနွေးသည်။

 

အဆိုနှင့်စပ်လျဉ်း၍ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှ၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်နှင့် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး တို့ပါဝင်ဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဆိုနှင့်စပ်လျဉ်း၍ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် အခြေခံအုတ်မြစ်သည် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုဖြစ်သည့်အားလျော်စွာ ရှေးဦးကလေးသူငယ်ဘဝ အရွယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုစုပျိုးထောင်ပေးခြင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် ပံ့ပိုးပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုတွင် ရှေးဦး အရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ကလေးသူငယ် တိုင်းအချိုးညီစွာဘက်စုံဖွံ့ဖြိုး တက်စေရန် ဌာနအခြေပြု၊ ရပ်ရွာအခြေပြု လုပ်ငန်းများတွင် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် ထူထောင်ထားသော ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို နှစ်စဉ်ငွေကြေးနှင့်နည်းပညာ အကူအညီပေးခြင်းနှင့် အသိပညာ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ တစ်ရပ် လိုအပ်လျက်ရှိရာ ၎င်းကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအခြေအ နေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုစနစ်တစ်ရပ်ကို အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၇-၂၀၁၈) ရေးဆွဲအကောင်အထည် ဖော်လျက်ရှိပါကြောင်း၊

 

ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် မူကြိုပညာရေး ဆိုင်ရာ မဟာဗျူဟာအစီအစဉ်များကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) တွင် ကဏ္ဍတစ်ရပ် အနေဖြင့် မဟာဗျူဟာများနှင့် အစီအစဉ်များရေးဆွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ကလေးသူငယ်များအားလုံး၏ အကျိုးကို စီမံကိန်းများချမှတ် ဆောင်ရွက်ပေးလျက်ရှိပြီး ပိုမိုကောင်း မွန်ထိရောက်သည့် အကောင်အထည်ဖော်မှုများဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်လျက်ရှိနေပါသဖြင့် အဆိုကို မှတ်တမ်းအဖြစ် ထားရှိသင့်ကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။  ယင်းနောက် အဆိုရှင် ဦးစိုင်းဦးခမ်း က အဆိုကို အတည်ပြုပေးနိုင်ရန် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ဆန္ဒရယူရာ ထောက်ခံမဲ ၁၇၃ မဲ၊ ကန့်ကွက်မဲ ၂၁၉ မဲ၊ ကြားနေမဲ ၂ မဲ ဖြင့် အဆိုကို မှတ်တမ်းအဖြစ် ထားရှိကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အနက် သဘောတူသင့်သည့် အချက် ၃၂ ချက်ကို လွှတ်တော်က အတည်ပြုပေးနိုင်ရန် ဖတ်ကြားတင်သွင်းသည်။


 
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း သည့် အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအနက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီကသဘောတူထားသည့် အချက် ၃၂ ချက်ကို အမျိုးသားလွှတ်တော်၏ ပြင်ဆင် ချက်များအတိုင်း အတည်ပြုနိုင်ရန် လွှတ်တော်၏ သဘောထားဆန္ဒကို ရယူပြီး အတည်ပြု ကြောင်းကြေညာသည်။

 

ဆက်လက်၍ ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ထားသည့် ပြင်ဆင်ချက်၂၆ ချက်ကို တင်သွင်းသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်အတိုင်း သဘောတူကြောင်း တင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်၂၆ ချက်ကို အတည်ပြုနိုင်ရန် လွှတ်တော်၏ သဘောထားဆန္ဒကိုရယူပြီး ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း ဥပဒေကြမ်း၏ အစိတ်အပိုင်း ဖြစ်ကြောင်း အတည်ပြု ကြေညာသည်။

 

ထို့နောက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ညီညီလွင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက်အဆို (အသစ်ဖြည့်စွက်ချက် ပုဒ်မ ၁၇၊ ပုဒ်မ ခွဲ (ခ) ) နှင့်စပ်လျဉ်း၍ တင်သွင်းသည်။

 

ယင်းနောက် ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက ပြင်ဆင်ချက်အဆိုနှင့် စပ်လျဉ်း၍ အသစ် ဖြည့်စွက်ရန် မသင့်ကြောင်း ရှင်းလင်းတင်သွင်းသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယခုဖြည့်စွက်ချက်ကို ဖြည့်စွက်ရန်မလိုအပ်သည့်အပြင် ထည့်သွင်းခြင်းဖြင့် ပြစ်မှုပေါ်ပေါက်မှုအပေါ် မည်သည့် ဥပဒေဖြင့် အရေးယူရမည်ကို ရှုပ်ထွေးလာနိုင်သည့်အတွက် အသစ်ထပ်မံဖြည့်စွက်ရန် မသင့်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြင်ဆင်ချက်အဆို (အသစ်ဖြည့်စွက်ချက် ပုဒ်မ ၁၇၊ ပုဒ်မ ခွဲ (ခ) ) နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ဆန္ဒရယူရာ ထောက်ခံမဲ ၂၆၆ မဲ၊ ကန့်ကွက်မဲ ၁၂၈ မဲ၊ ကြားနေမဲ ၃ မဲဖြင့် ဥပဒေကြမ်း ကော်မတီ၏ သဘောမတူကြောင်း တင်ပြချက်အတိုင်း အတည်ပြုကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းခြင်းနှင့် ဆွေးနွေးဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပြင်ဆင်ခြင်းမပြုသည့် အပိုဒ်နှင့် အပိုဒ်ခွဲ များကို မူလအဆိုပြုချက်အတိုင်း အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ထို့အတူ လွတ်တော်၏ ပြင်ဆင်ချက်များကြောင့် ပြောင်းလဲသွားသည့် အပိုဒ်၊ အပိုဒ်ခွဲနှင့် အမှတ်စဉ်များကိုလည်း တစ်ပါတည်း အတည်ပြုသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လွှတ်တော်၏ သဘောထားဆန္ဒကိုရယူကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်နှင့် အပိုဒ်ခွဲအတိုင်း အတည်ပြု ကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ - ၂၀ဝ အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

(သတင်းစဉ်)