ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၆

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင်        လေရှီး မဲဆန္ဒနယ်မှ ဦးကျော်ဌေး၏ လေရှီးမြို့နယ်၊ အောင်ဇေယျကျေးရွာ၊ အေးချမ်းဖြိုး ကျေးရွာ၊ ကူကီးစံပြ ကျေးရွာ၊ မြေနီကုန်းကျေးရွာနှင့် လှန်လိုင်လှကျေးရွာ တို့အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေ သွယ်တန်းဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အောင်ဇေယျကျေးရွာ၊ အေးချမ်းဖြိုး ကျေးရွာ၊ ကူကီးစံပြကျေးရွာ နှင့် မြေနီကုန်းကျေးရွာတို့သည်  နယ်မြေပိုင်းခြားခွဲဝေ သတ်မှတ်မှုအရ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်သည့် နယ်မြေများတွင်ပါရှိလျက်ရှိပါ ကြောင်း၊ လှန်လိုင်လှကျေးရွာ တစ်ရွာတည်း သာလျှင် နယ်စပ်ရေးရာဝန်ကြီးဌာန  ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်သည့် စီမံကိန်းမြေတွင်  ပါဝင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လေရှီးမြို့နယ် လှန်လိုင်လှကျေးရွာ သောက်သုံးရေရရှိရေး လုပ်ငန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင် ထည့် သွင်းလျာထားပေးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်  စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများနှင့် ကျေးရွာတာဝန်ရှိ သူများက မြေပြင်ကွင်းဆင်း စစ်ဆေး၍ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြပေးရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း သတ်မှတ်စီမံကိန်း အဆိုပြုလွှာပုံစံများဖြင့် စိစစ်ထောက်ခံတင်ပြလာပါ က ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၏ တောင်ကုတ်မြို့နယ်၊ ကျော်ကိုင်း ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ်အား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ကျော်ကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပေ(၁၂၀×၃၀) RCC တစ်ထပ်ကျောင်းဆောင်အသစ်တစ်ဆောင် ဆောက်လုပ်ပေးရန် လိုအပ်သည့် ရန်ပုံငွေ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထား ပေးမည် ဖြစ်ကြောင်း ရန်ပုံငွေရရှိသည်နှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

 

ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ ဦးရွှေကို၏ ကျောက်ပန်းတောင်းမြို့နယ်ရှိ လေးရွာအခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်း  အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက  ကျောက်ပန်းတောင်းမြို့နယ် လေးရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင်  အဆင့်မြှင့်ခြင်း ၄ နှစ်ရှိပြီဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း အထက်တန်းဆင့်သင် ကျောင်းသား၊ ကျောင်းသူ ၂၁၄ ဦးရှိပါ ကြောင်း၊ သို့သော် အနီးဆုံးအထက်တန်းဆင့် သင်ကျောင်းဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ၁ မိုင်ခန့် ဝေးကွာသည်ကို တွေ့ရပါကြောင်း၊ သို့သော် သတ်မှတ်မူကို ဖြေလျှော့၍လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျောင်းအဆင့်တိုးမြှင့် ခြင်းအတွက် စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

ဆက်လက်၍ မဘိမ်း မဲဆန္ဒနယ်မှ ဦးအောင်မြင့်ရှိန်၏ မဘိမ်းမြို့နယ်၏ ကျောင်းသား၊ ကျောင်းသူ (၄၄)ဦးမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ (၅)နှစ် သင်တန်းသို့ အဆိုပြု လျှောက်ထားမှုများကို လက် မခံငြင်းပယ်ခံရခြင်းသည် မည်သည့် မူဝါဒနှင့် ညွှန်ကြားချက်ကြောင့် ဖြစ်ရသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ကလည်းကောင်း၊ ပခုက္ကူ မဲဆန္ဒနယ်မှ ဦးပိုက်ကို၏ ပခုက္ကူမြို့နယ်၊ ဖောင်းကွဲ ကျေးရွာအုပ်စု၊ ဝါးကျွန်းတွင်းကျေးရွာ တွဲဖက်အခြေခံပညာ မူလတန်းကျောင်း(ခွဲ)အာ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊  ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျန်း ၏ ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသား စာပေသင်ကြားမည့် ဆရာ၊ ဆရာမများကို ခန့်ထားခြင်း မရှိသေးသော ကျောင်းများတွင် ဆက်လက်ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၏ ထီးလင်းမြို့  အ.ထ.က တွင် လိုအပ် လျက်ရှိသော  အထက်တန်းပြဆရာ (၆)ဦးအား ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်းကောင်း၊ ယင်းမာပင် မဲဆန္ဒနယ်မှ ဦးအောင်စိုး၏ ယင်းမာပင်ခရိုင်အတွင်းတည်ရှိသည့် အလောင်းတော်ကဿပဘုရား ဂေါပကအဖွဲ့၏ ဘဏ္ဍာနှစ်အလိုက် ရရှိသုံးစွဲခဲ့သည့် ဘဏ္ဍာငွေများ မည်ကဲ့သို့စီမံ ဆောင်ရွက်ထားရှိကြောင်းနှင့် ဂေါပကအဖွဲ့သစ်ကို လာမည့် ဘုရားပွဲတော်အချိန်မီ တရားဝင်ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက လည်းကောင်း ရှင်းလင်းဖြေ ကြားကြသည်။

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တင်သွင်းသည့် အမျိုး သားစာကြည့်တိုက် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဝေလှိုင် ထွန်းက ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၃၂ ချက်ကို တင်ပြ၍ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ သဘောထား ရယူ၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားစာကြည့်တိုက်ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော် ၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မတီဝင် ဦးမြင့်ငွေက  ၂၀၁၈ခုနှစ် ဇွန် ၂၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၉ ရက်အထိ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ  ဝင်များသည် ပြည်တွင်းပြည်ပမှ ပြုလုပ်သည့် Workshop,Training, Seminar များ တက်ရောက်ခြင်း၊ ပြည်တွင်းပြည်ပပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အကောင် အထည်ဖော် နေမှုကို ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် အရည်အသွေး ပြည့်ဝသည့် KG+12  ပညာရေးစနစ် အောင်မြင်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖတ်ကြားတင်ပြသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍  ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဖတ်ကြားတင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းနှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍  ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင် သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဝင် ဦးဇော်ဝင်းက  ကော်မတီသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်သွားမည် ဖြစ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းများဆောင်ရွက်ရာတွင် ကော်မတီရုံးဝန်ထမ်းများ၏ ပူးပေါင်းပါဝင် ပံ့ပိုးမှုများသည် ကော်မတီအတွက် များစွာ အထောက်အကူ ဖြစ်စေသည့် အတွက် ကော်မတီမှ အသိအမှတ်ပြုပါကြောင်း၊ စိစစ်ရန် ကျန်ရှိသည့် ဥပဒေများကို  လည်း ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိပြီး လွှတ်တော်ကပေးအပ်သည့် တာဝန်များ ကိုလည်း ကျေပွန်စွာ ဆောင်ရွက်သွားမည်ကို အစီရင်ခံတင်ပြအပ်ပါကြောင်း ဖတ်ကြား တင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ  နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)