ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော်  ၃၀  ဇန်နဝါရီ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်းချမ်း၏ ပေါင်မြို့နယ်အတွင်းရှိ စားကျက်မြေများကို နောင်အခါကျေးရွာတိုးချဲ့ရန်နှင့် ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးများတွင် အသုံးပြုခွင့်ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာကုမ္ပဏီနှင့် လူတစ်ဦးတစ်ယောက်ကို ဧကရာချီ နှစ်ရှည်လုပ်ပိုင်ခွင့်ပြုထားသည်ကို ပြန်လည်ရုပ်သိမ်းပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ အိမ်ခြေ ၆၇ လုံးတည်ရှိမှုအတွက် စားကျက်ဧရိယာ ၆ ဒသမ ၆၂ ဧကကိုလည်းကောင်း၊ မိုးနိုင်းရပ်ကွက်တွင် အိမ်ခြေ ၂၃၃ လုံး တည်ရှိမှုအတွက် စားကျက်မြေဧရိယာ ၂၈ ဒသမ ၈၈ ဧကကို လည်းကောင်း၊ ဥတ္တံတားကျေးရွာအုပ်စုတွင် အိမ်ခြေ ၁၈၆ လုံး တည်ရှိမှုအတွက် စားကျက်မြေဧရိယာ ၃၄ ဒသမ ၈၁ ဧကကိုလည်းကောင်း၊ ပန်းကုန်းကျေးရွာအုပ်စုတွင် အိမ်ခြေ ၁၇၀ လုံး တည်ရှိမှုအတွက် စားကျက်မြေ ဧရိယာ ၂၉ ဒသမ ၈၉ ဧကကိုလည်းကောင်း၊ သဲဖြူကုန်းကျေးရွာအုပ်စုတွင် မြေပြိုကျမှု သဘာဝဘေးဖြစ်စဉ်ကြောင့် နေအိမ်နှင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် မြေနေရာအစားထိုးချထားပေးရန်နှင့် စိုက်ပျိုးမြေအဖြစ် အသုံးပြုရန်အတွက် စားကျက်မြေဧရိယာ ၃၀ ဒသမ ၅၁ ဧက ကိုလည်းကောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စားကျက်မြေအဖြစ်မှ ထုတ်နုတ်၍ ကျေးရွာမြေနှင့် စိုက်ပျိုးမြေအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခုအခါ လက်ကျန်စားကျက်မြေ ဧရိယာအားလုံးကို အများပြည်သူအကျိုးစီးပွားအတွက် နိုင်ငံတော်၏ လိုအပ်ချက်ရှိ သည်မှအပ အများပြည်သူနှင့် မသက်ဆိုင်သည့် လုပ်ငန်းများအတွက် စားကျက်မြေအဖြစ်မှ ထုတ်နုတ်ခွင့်မပြုပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အနေဖြင့်လည်း လက်ရှိတွင် စားကျက်မြေများအား အများပြည်သူအကျိုးစီးပွားအတွက် နိုင်ငံတော်၏လိုအပ်ချက်ရှိမှသာ ပယ်ဖျက်ပေးလျက်ရှိပြီး တစ်ဦးတစ်ယောက် အကျိုးစီးပွား၊ ကုမ္ပဏီအကျိုးစီးပွားအတွက် လျှောက်ထားမှုများအပေါ် ထပ်မံခွင့်ပြုပေးခြင်း မရှိပါကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များနှင့်အတူ ရှင်းလင်းဖြေကြားသည်။

 

ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း၏ ရွှေကူမြို့နယ်တွင် လမ်းခင်းကျောက်များ ထုတ်လုပ်လျက်ရှိရာ နှစ်အလိုက် ကျောက်ထုတ်လုပ်မှု မည်မျှထုတ်လုပ်ထားသနည်းနှင့် ကျောက်လုပ်ငန်းရှင်များမှ တရားဝင်လျှောက်ထားသော ကျောက်ကျင်း အရေအတွက်နှင့် မြေပြင်တွင် အမှန်တကယ် ထုတ်လုပ်ခဲ့သော ကျောက်ကျင်းအရေအတွက်တို့ ကိုက်ညီမှု ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဘဏ္ဍာရေးနှစ်အလိုက် ကျောက်ထုတ်လုပ်မှုအနေဖြင့်  ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လျှောက်ထားမှု ကျင်း ၇၇၁ ကျင်း ထုတ်လုပ်မှုကျင်း ၇၇၁ ကျင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် လျှောက်ထားမှု ကျင်း ၈၀ဝ၊ ထုတ်လုပ်မှုကျင်း ၈၀ဝ ၊ ၂၀၁၇-၂၀၁၈ ခုနှစ် လျှောက်ထားမှု ကျင်း ၁၂၆၀၊ ထုတ်လုပ်မှုကျင်း ၁၂၆၀ နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် လျှောက်ထားမှု ကျင်းပေါင်း ၁၂၀ဝ၊ ထုတ်လုပ်မှုကျင်း ၁၂၀ဝ တို့ဖြစ်ပါကြောင်း၊ ကျောက်ထုတ်လုပ်ငန်းရှင်များမှ တရားဝင်လျှောက်ထားသည့် ကျောက်ကျင်း အရေအတွက်နှင့် ထုတ်လုပ်မှု ကျောက်ကျင်း အရေအတွက်တို့ ကိုက်ညီမှုရှိပါကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ကိုယ်စား ရှင်းလင်းဖြေကြားသည်။

 

ကနီ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ ကနီမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း၏ ဒုတိယအဆင့်တွင် ပင်မ 11 KV ဓာတ်အားလိုင်းနှင့် (၅)မိုင် အတွင်းတည်ရှိနေသော ထူးပေါက်ကျေးရွာအုပ်စုမှ (၃)ရွာ၊ မဲဒင်ကျေးရွာအုပ်စုမှ (၄)ရွာ၊ ယာကြီးကျေးရွာအုပ်စုမှ ကျန်(၃)ရွာ၊ လက်ပန်စု၊ ညောင်ရင်း၊ ကန်တော၊ သစ်ခက်နှင့် ဇီးပင်တွင်းကျေးရွာများအား NEP ဖြင့် လျှပ်စစ်မီးလင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ဝန်ကြီးဌာနအနေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး (NEP)တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာများ၏ ဓာတ်အားလိုင်းအကွာအဝေးအား တိုင်းတာသတ်မှတ်ရာတွင် ဓာတ်အားချိတ်ဆက် ရယူရမည့် ဓာတ်အားလိုင်းမှကျေးရွာသို့ အမှန်တကယ်မြေပြင်တွင် သွယ်တန်းတည်ဆောက်နိုင်သည့် ဓာတ်အားလိုင်း လမ်းကြောင်းအတိုင်း တိုင်းတာသတ်မှတ်ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ ကျေးရွာများသည် ဓာတ်အားချိတ်ဆက်ရယူနိုင်မည့် ဓာတ်အားလိုင်းမှ (၅)မိုင်အထက် ကျော်လွန်နေခြင်းကြောင့် NEP ဒုတိယအဆင့်တွင်  ထည့်သွင်းလျာထားနိုင်မှုမရှိခြင်း ဖြစ်ပါကြောင်း။

 

ကန်တော၊ လက်ပန်စု၊ ညောင်ရင်းကျေးရွာ(၃)ရွာ လျှပ်စစ်ဓာတ်အားရရှိရေး လုပ်ငန်းများအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဘတ်ဂျက်တွင် လျာထားပြီးဖြစ်ပါကြောင်း၊ ကျန်ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ မင်းကင်းမြို့နယ်ရှိ ဝေးလံခေါင်ဖျားဒေသတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် ဒေသစရိတ်မညီမျှမှုများကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးတင်မြင့်က လည်းကောင်း၊ ပေါက်တော မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပေါက်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဆောလျင်စွာ ဖြန့်ဖြူးပေးနိုင်ရန် အလို့ငှာ သပြေကန်ကျေးရွာကို အခြေ ပြု၍ 33/11KV (5)MVA  ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုခြင်း မေးခွန်း၊ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေအားလျှပ်စစ်စက်ရုံမှ မကြာခဏပျက်နေသော ဂျင်နရေတာ အမှတ်(၁)အား အသစ်တပ်ဆင်ခြင်း သို့မဟုတ် အမြန်ပြင်ဆင်ပေးခြင်း ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် မြန်အောင် မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်၏ အင်ပင်မြို့တွင် လျှပ်စစ်ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းကလည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပေးပို့သော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍  ပြင်ဆင်ချက်အဆိုအပေါ် ပြင်ဆင်ချက်တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက တင်သွင်းသည့် အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ထားသည့် အချက် ၁၃ ချက်ကို ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက  အဆိုတင်သွင်းရာ  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

mdn

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများ တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဖေဖော်ဝါရီ ၃ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)