ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၃

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မောင်တော မဲဆန္ဒနယ်မှ ဦးလှထွန်းကျော်၏ မောင်တောမြို့ (၄)မိုင် ရပ်ကွက်သို့ မြကန်သာကန်တော်ကြီးမှ သောက်သုံးရေဖြန့်ဝေပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မောင်တောမြို့၊ ဗောဓိကုန်းဆည်မှ  မြကန်သာ ဆည်အထွက်ပိုက်အထိ အချင်း ၁၀ လက်မရှိ PVC Pipe ၄ ဒသမ ၅ ကီလိုမီတာကို ခွင့်ပြုငွေကျပ်သန်း ၂၉၀ ဖြင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းအား ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ မောင်တောမြို့၊ လေးမိုင်ရပ်ကွက်သို့ မြကန်သာကန်တော်ကြီးမှ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းအား ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်ပေးခဲ့သော Type-C ယာယီ ကျောင်းဆောင်များအား အပြီးသတ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော် ကိုယ်စားလှယ်မေးသည့် မေးခွန်းတွင်ပါသည့်အတိုင်း မေးခွန်းတင်ပြချိန်နှင့် ယခု ဖြေကြားချိန်သည် အချိန်များစွာ ကွာဟနေကြောင်းကို တင်ပြသွားပါကြောင်း၊ ကွာဟနေသည့် အချိန်အတွင်းတွင် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်မှုများစွာရှိခဲ့ပါကြောင်း၊ ပဲခူးတိုင်း(အရှေ့ခြမ်း)တွင် ကျန်ရှိသည့် ကျောင်း ၅၅ ကျောင်း၊ ပဲခူးတိုင်း(အနောက်ခြမ်း)တွင် ကျန်ရှိသည့်ကျောင်း ၃၂ ကျောင်း စုစုပေါင်း ၈၇ ကျောင်းရှိပါကြောင်း၊  အခြေခံပညာဦးစီးဌာနအနေဖြင့်  Type (A) အဖြစ် အပြီးသတ်လုပ်ငန်းများဆောင်ရွက်ရန် ကျန်ရှိသည့် အခြေခံပညာကျောင်းပေါင်း ၈၇ ကျောင်းအတွက် ရန်ပုံငွေ ငွေကျပ် ၁၃၅၇ ဒသမ ၄၂၅ သန်း ကို ၂၀၁၉ ခုနှစ်  အောက်တိုဘာ ၂၂ ရက်တွင် လုပ်ငန်းများဆောင်ရွက်ရန် ခွဲဝေဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၏ မြန်မာ့ပညာရေးပြုပြင် ပြောင်းလဲမှု အရှိန်အဟုန် မြှင့်တင်နိုင်စေရန် သတ်မှတ်ပေးထားသည့် ပညာရေးအသုံး စရိတ်များ စနစ်တကျသုံးစွဲစေရန်နှင့် ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်းများကို ပုံနှိပ်စာအုပ်များ ရိုက်နှိပ် ဖြန့်ဝေမည့်အစား Digital Text များအဖြစ် ပြောင်းလဲဖြန့်ဝေသုံးစွဲနိုင်ရန် မူဝါဒ အစီအမံများ စတင်ရေးဆွဲပြီး အဆင့်လိုက် အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက KG+ 12 အစီအစဉ်ဖြင့်  ဆောင်ရွက်လျက်ရှိသည့် အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှု တွင်  သင်ရိုးသစ် Grade -1, Grade-2, Grade-3 နှင့် Grade-6 အတန်းများအတွက် ကျောင်းသုံးစာအုပ်များနှင့် ဆရာကိုင်လမ်းညွှန်များကို  Digital Format များဖြင့် ပြုစုပြီး Soft Copyများကို ပြန်ကြားရေးဝန်ကြီးဌာနသို့ ပုံနှိပ်ရန် ပေးပို့ဆောင်ရွက်လျက်ရှိပြီး သင်ရိုးသစ်အတန်းများအတွက်  Digital Text များ အသင့်ရှိနေပြီဖြစ်ပါကြောင်း။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် စတင်အသုံးပြုမည့် Grade-4, Grade-7 နှင့် Grade-10  အတန်းများအတွက် ကျောင်းသုံးစာအုပ်များနှင့် ဆရာကိုင်လမ်းညွှန်များကိုလည်း Digital Format ဖြင့် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် အတန်းများအတွက် သင်ခန်းစာများကိုလည်း Digital Format များ ရှိနေပြီဖြစ်သဖြင့် Tablet များတွင် ထည့်သွင်းအကောင်အထည်ဖော်ရန် အသင့်ရှိနေပြီဖြစ်ပါကြောင်း။

အခြေခံပညာဦးစီးဌာန၏ DBE Box ဆောင်ရွက်ရာတွင် ရှေ့ပြေးအစီအစဉ်အဖြစ် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၀)၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၂၀)၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၀) စုစုပေါင်း ကျောင်းပေါင်း (၆၀)တို့တွင် တပ်ဆင်အသုံးပြုနေပြီဖြစ်ပါကြောင်း၊ အင်တာနက် ဆက်သွယ်ရေး ကောင်းမွန်မှုမရှိသော၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသော ကျောင်းများကိုလည်း ဦးစားပေးအစီအစဉ်ဖြင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  ဆရာ၊ ဆရာမများအနေဖြင့်  ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများနှင့် သင်ကြားသင်ယူရေး အရင်းအမြစ်များအား Touch Screen ဖုန်းများ၊  Tablet  များဖြင့် အလွယ်တကူ လေ့လာကြည့်ရှုအသုံးပြုနိုင် မည်ဖြစ်ပါကြောင်း၊ စမ်းသပ်တပ်ဆင်ထားသည့် ကျောင်းများ၏ နေ့စဉ်အသုံးပြုမှု အခြေအနေများကို  စစ်တမ်းကောက်ယူခြင်း၊ သုံးစွဲစဉ်တွေ့ကြုံရသည့် အခက်အခဲ များနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်များအား ပြန်လည်စိစစ်ခြင်း၊  နိုင်ငံတော်အစိုးရမှ ပညာရေးဝန်ကြီးဌာနအတွက် ချမှတ်ပေးသည့် ဘဏ္ဍာရန်ပုံငွေ အပေါ်မူတည်၍ Digital Text စီမံကိန်းကို တစ်နိုင်ငံလုံးအနေဖြင့် နှစ်စဉ်အလိုက် ရေရှည်အစီအမံများအဖြစ် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

a

 

ဆက်လက်၍ ကန်ပက်လက်မဲဆန္ဒနယ်မှ   ဦးညွန့်ဝင်း၏ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ထွက်ပေါက်လမ်းပေါ်နှင့် ဆောမြို့နယ်၊ ကံကြီးရွာ-မင်းတပ်-မတူပီ ထွက်ပေါက်လမ်းပေါ်တို့တွင် ဝါးတားဂိတ်ပြုလုပ်၍  ဓာတ်သတ္တုခွန်ကောက်ခံခြင်းဟုဆိုကာ မကွေးတိုင်းဒေသကြီးမှ ကန်ပက်လက်မြို့၊ မင်းတပ်မြို့ အဝင်အထွက်ကားများအား မောင်းတံဂိတ်များ ဖွင့်လှစ်ကောက်ခံစစ် ဆေးခြင်းကို ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ကန်ကြီးထောင့် မဲဆန္ဒနယ်မှ ဦးရွှေလှကြိုင်၏ ကန်ကြီးထောင့်မြို့တည်ထောင်ခဲ့သည်မှာ (၂၄)နှစ် ကြာပြီဖြစ်သော် လည်း မြေပေးမိန့်ရရှိချိန်မှစ၍ ယနေ့အထိ နှစ်ပေါင်း (၂၀)အတွင်း နေအိမ်ဆောက် လုပ်နေထိုင်မှု မရှိသေးသော မြေကွက်ရယူထားသူများအား တည်ဆဲဥပဒေ၊ နည်း ဥပဒေနှင့်အညိီ အရေးယူဆောင်ရွက်ပေးရန်နှင့် မြေပေးမိန့်မချရသေးသော မြေကွက်များစွာ ကျန်ရှိရာ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအား ပြည်ထောင်စုအစိုးရမှ ဖိတ်ခေါ်လမ်းညွှန်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  နေပြည်တော် ကောင်စီဝင် ဦးညီထွန်းက လည်းကောင်း၊ မာန်အောင် မဲဆန္ဒနယ်မှ ဦးတင်နု(ခ) ဦးတင်နုအောင်၏ မာန်အောင်မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင်  တိုင်းရင်းသားဘာသာစာပေသင်ကြားရန် လိုအပ်လျက်ရှိသော ဆရာ၊ ဆရာမများအား ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ပခုက္ကူ မဲဆန္ဒနယ်မှ ဦးပိုက်ကို၏ ပခုက္ကူမြို့နယ်၊ တင်းဂေါတ်ကျေးရွာအုပ်စု၊ ထနောင်းကုန်း အခြေခံပညာမူလတန်းလွန် ကျောင်းမှ အခြေခံပညာအလယ်တန်း ကျောင်းခွဲအဖြစ်သို့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အမီ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်းက နိုင်ငံတော်၏ မျိုးဆက်သစ် လူငယ်များအား ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ခိုင်မြဲစွာရရှိစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်၏ အခြေခံနှင့် အဆင့်မြင့်ပညာ ရေးကျောင်းများတွင် အခြေခံအသင်းအဖွဲ့များ သတ်မှတ်ဖွဲ့စည်း၍ အသင်းအဖွဲ့အလိုက် အတန်းကိုယ်စားလှယ်များ၊ ကျောင်းကိုယ်စားလှယ်များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီနည်းကျ အဆင့်ဆင့်ရွေးချယ်ဖွဲ့စည်း၍ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သည့် စနစ်တစ်ရပ်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ အကောင်အထည်ဖော် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင်   မိမိတို့သည်  ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်ကို တည်ဆောက် လျက်ရှိသော်လည်း ၁၉၆၂ ခုနှစ်မှစ၍ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ဒီမိုကရေစီစနစ် ပျက်သုဉ်းပြီးနောက် နှစ် ၅၀ ခန့်အကြာမှသာ သမိုင်းသင်ခန်းစာများကို ရယူ၍ ဒီမိုကရေ စီစနစ်ဖြင့် နိုင်ငံတော်ကို တစ်ဖန်ပြန်လည်တည်ဆောက်နေရသောကြောင့် စိန်ခေါ်မှု များ၊ အခက်အခဲများစွာကို ကြုံတွေ့နေကြရသဖြင့် ထပ်မံ၍ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်မှ ဆန့်ကျင်သွေဖီပြောင်းလဲမသွားစေရန် မျိုးဆက်သစ်လူငယ်များအား ဒီမိုကရေ စီအလေ့အကျင့်ကောင်းများ စွဲမြဲခိုင်မာအားကောင်းစွာ ရရှိစေရန်အတွက် ပြုစုပျိုး ထောင်လေ့ကျင့်ပေးရန် အထူးလိုအပ်လျက်ရှိပါကြောင်း။

ထို့ပြင် နိုင်ငံတော်၏ အခြေခံနှင့် အဆင့်မြင့်ပညာသင်ကျောင်းများတွင် ဝါ၊ စိမ်း၊ နီ၊ ပြာ သို့မဟုတ် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗိုလ်တေဇ (သို့မဟုတ်) အောင်ဆန်း စသည်ဖြင့် အသင်းအဖွဲ့(၄)ဖွဲ့ကိုစုဖွဲ့ပြီး အတန်းအလိုက် အသင်းအဖွဲ့ တစ်ဖွဲ့လျှင် ခေါင်းဆောင်တစ်ဦးစီကို ရွေးချယ်ပြီး တစ်ကျောင်းလုံးရှိ အတန်းလိုက် အသင်းအဖွဲ့ခေါင်းဆောင်များသည်  မိမိ၏ အသင်းအဖွဲ့အလိုက်စုဝေးပြီး  အသင်းအဖွဲ့ တစ်ဖွဲ့လျှင် ၃ ဦးစီကို ကျောင်းကောင်စီဝင်များအဖြစ် ရွေးချယ်ကာ ကျောင်းကောင်စီ ဝင်များ၏ လျှို့ဝှက်မဲဖြင့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စသည်တို့ကို ရွေးချယ်ဆောင်ရွက် စေပြီး ကျောင်း၏အရေးကြီးတာဝန်အရပ်ရပ်ကို ဆောင်ရွက်ရာတွင် ကောင်စီဝင်များ ဆွေးနွေးတိုင်ပင်ပြီး သဘောထားကွဲလွဲမှုရှိပါက လျှို့ဝှက်ဆန္ဒမဲဖြင့်  အများစု၏ ဆန္ဒ သဘောထားနှင့်အညီ လိုက်နာဆောင်ရွက်ရသည့်  ဒီမိုကရေစီ နည်းလမ်းကို သတ်မှတ် ရွေးချယ်ဆောင်ရွက်စေ၍ အဓိက တာဝန်ယူထားသည့် ကောင်စီဝင်အားလုံးက ကျောင်းသားထုတစ်ရပ်လုံးကို စည်းရုံး၍ ဒီမိုကရေစီနည်းကျ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပါက မျိုးဆက်သစ်လူငယ်များသည် ဒီမိုကရေစီ အလေ့ အကျင့်ကောင်း များကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။

ထို့ကြောင့် ယနေ့ပြောင်းလဲကျင့်သုံးနေသော ပညာရေးစနစ်သည် ဆရာဗဟိုပြု ပညာရေးစနစ်မဟုတ်ဘဲ ကျောင်းသားဗဟိုပြုပညာရေးစနစ်ဖြစ်၍ ကျောင်းသား  ကိုယ်တိုင်ဖွဲ့စည်းဆောင်ရွက်မည့် စနစ်သစ်ကို ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ရရှိအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက နိ်ုင်ငံတော်အတွက် ဒီမိုကရေစီနည်းကျ တည်ဆောက်ရာတွင် ပိုမိုအကျိုးပြုမည်ဖြစ်ပါကြောင်း ရှင်းတင်းတင်ပြသည်။

ယင်းနောက် ရွှေကူ မဲဆန္ဒနယ်မှ ဦးဇာနည်မင်း က အဆိုအား ထောက်ခံ ဆွေးနွေးသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့်  လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ် ကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း၍ ဆွေး နွေးလိုသည့် လွှတ်တော်ကိ်ုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက အမျိုးသားလွှတ်တော်အတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင် အတည်ပြုချက်များအတိုင်းထားရှိမည့် အချက် ၅၈ ချက်နှင့် ဖျာပုံ မဲဆန္ဒနယ်မှ ဦးဝင်းထွဋ်က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် ၅၈ ချက်ကို အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်းထားရှိရန်တို့ကို တင်ပြကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥပဒေကြမ်းကော်မတီနှင့် ပညာရေးဝန်ကြီးဌာနတို့၏ သဘောထားရယူပြီး လွှတ်တော်၏ သဘောထားရယူအတည်ပြုသည်။    

ထို့နောက် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ ဝေဖြိုးအောင်က သဘောကွဲလွဲသည့် အချက် ၅၈ ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြ သင့်ကြောင်း အဆိုတင်သွင်းသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တင်ပြခဲ့သည့် အချက် ၅၈ ချက်နှင့် စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။    

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)