ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၅ မတ်

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်က ပုဒ်မ ၆ ပုဒ်မခွဲ(ဃ) နှင့် ပုဒ်မ ၇ တို့အတွက် ပြင်ဆင်ချက်အနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်၀သော ပါတီစုံဒီမိုကရေစီစနစ်ဆိုသည့် စကားရပ်ကို စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ဆိုသည့် စကားရပ်နှင့် အစားထိုးရန်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ၏ ဝိသေသလက္ခဏာများထဲတွင် တရားဥပဒေ စိုးမိုးရေးဆိုသည်မှာ ပါဝင်ပြီး ၎င်း၏အဓိပ္ပာယ်သည် စည်းကမ်းရှိခြင်း၊ ဥပဒေလိုက်နာခြင်းဆိုသည်ထက် မကဘဲ စည်းကမ်းများ၊ ဥပဒေများကိုယ်တိုင်က တရားခြင်းနှင့် မျှတခြင်းဆိုသည့် အဓိပ္ပာယ်များ ပါဝင်နေသည့်အတွက် စည်းကမ်းပြည့်၀သောဆိုသည်ထက် ပိုမိုအနှစ်သာရပြည့်ဝပါကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီထွန်းကားစေရန် အမှန်တကယ် ရည်ရွယ်ပါက စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ဆိုသည့် စကားရပ်ကိုသာ သုံးစွဲရန်သင့်ပါကြောင်း ဆွေးနွေးသည်။

 

မြေပုံ မဲဆန္ဒနယ်မှ ဦးဖေသန်းက ပုဒ်မ ၈ ကိုထောက်ခံဆွေးနွေးလိုပါကြောင်း၊ မူလပြဋ္ဌာန်းချက်တွင် နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဖြစ်ပြီး ပြင်ဆင်ချက်အနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်သည် ဖြစ်ပါကြောင်း၊ ယင်းအချက်သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်တစ်ချက်လည်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံဖြစ်သည့်အတွက် ဖက်ဒရယ် ပြည်ထောင်စုကို မတည်ဆောက်နိုင်ပါက မည်သည့်အခါမှ ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာမည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ပြင်ဆင်ချက်ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးက မိမိတို့နိုင်ငံ၏ အခြေအနေ၊ ခေတ်ကာလနှင့်လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်မှာ မှန်ကန်သော်လည်း နိုင်ငံ၏ ပကတိအခြေအနေ၊ အတိတ်သမိုင်းကပေးသည့် သင်ခန်းစာ၊ ဖြစ်စဉ်များကို သုံးသပ်ပြီး တစ်စုတစ်ဖွဲ့၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အခြေအနေဖန်တီးနိုင်ခွင့်တစ်ခုအတွက် ပြင်ဆင်ခြင်းမျိုးမဖြစ်စေဘဲ နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် တိုင်းရင်းသားပြည်သူ လူထုအကျိုးစီးပွားအတွက် အမှန်တကယ် လိုအပ်သည့် ပြင်ဆင်မှုမျိုးဖြစ်စေရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

 

ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်းက ပုဒ်မ ၃၉၆ ပုဒ်မခွဲ(ခ)တွင် သက်ဆိုင်ရာ မဲဆန္ဒနယ် မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ဖော်ပြထားပါကြောင်း၊ မူလပြဋ္ဌာန်းချက်တွင် အနည်းဆုံး တစ်ရာခိုင်နှုန်းဆိုသည့် စကားရပ်အစား အနည်းဆုံး ၂၀ ရာခိုင်နှုန်းဟု ပြင်ဆင်သင့်ပါကြောင်း၊ ထို့ပြင် မဲဆန္ဒရှင်နှင့် မဲဆန္ဒနယ်များအတွက် နစ်နာဆုံးရှုံးမှုမရှိစေရန်၊ ပြည်သူလူထုအတွင်း စိတ်ဝမ်းကွဲမှု မရှိစေရန်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလည်း မပြိုကွဲစေရန်၊ ပါတီစုံစနစ်ကျင့် သုံးနေပြီဖြစ်သည့်အတွက် ပါတီအချင်းချင်းလည်း စိတ်ဝမ်းမကွဲစေရန်နှင့် ရွေးကောက်ပွဲ ကော်မရှင်လည်း ဝန်မပိစေရန်အတွက် မနည်းလွန်း မများလွန်းဖြစ်သော ၂၀ ရာခိုင်နှုန်းသော မဲဆန္ဒရှင်များက တိုင်တန်းရန် ပြင်ဆင်ချက်သာလျှင် အသင့်တော်ဆုံးဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

ယင်းဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အေးကျော်လင်း၊ ချောင်းဆုံ မဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၇)မှ နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအားကာမိုး၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်း၊ တန့်ယန်း မဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ညီညီလွင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိမ်းဆွေ၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ နမ့်စန်မဲဆန္ဒနယ်မှ ဦးဌေးလွင် (ခေါ်) ဦးဒီလုံး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦး၊ တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်၊ တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး လှဝင်းအောင်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်၊ ဒေါပုံမဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင် (ခေါ်) ပြုံးချို၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန်နှင့် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးရည်မွန် (ခေါ်) မောင်တင်သစ်တို့က ဆက်လက် ဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၄၇ ဦး၏ ဆွေးနွေးခြင်း အစီအစဉ် ပြီးဆုံးပြီဖြစ်ပါကြောင်း၊ အထက်ပါ ဥပဒေမူကြမ်းပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၁)အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် မတ် ၁၀ ရက် အင်္ဂါနေ့တွင် စတင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ကို မတ် ၁ဝ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ- စိုးဝင်းထွန်း