ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၁၀  မတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိသည့်အနက်  ၆၃၃ ဦး တက်ရောက်ပြီး ၂၁ ဦး ခွင့်တိုင်ကြားသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများအပေါ် ဆွေးနွေးချက်အချို့ကို လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ခြင်းနှင့် စပ်လျဉ်း၍ ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း များပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူရန် ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်း တင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများတွင် ပါရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)နှင့် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၅၅ခုအတွက် ဆန္ဒမဲလက်မှတ် ၄ စောင်နှင့် ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)နှင့် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၈၀ ခုအတွက် ဆန္ဒမဲလက်မှတ် ၅ စောင်သတ်မှတ်ပြီး နမူနာပုံစံများကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း။

 

အဆိုပါ ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအတွက် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များကို တာဝန်ယူကြီးကြပ် ဆောင်ရွက်မည့် ပြည်ထောင်စုလွှတ်တော် နာယကအား အထောက်အကူပြုရန်အတွက် လွှတ်တော်ရုံး ဝန်ထမ်းအဖွဲ့ (၈)ဖွဲ့ကို ကြိုတင်ဖွဲ့စည်းထားပြီး တစ်ဦးချင်းအလိုက် တာဝန်များလည်း သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ရှင်းလင်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက်လည်း အစည်းအဝေးခန်းမအတွင်း ထိုင်ခုံနေရာ ချထားမှု အကန့်အလိုက် နေရာသတ်မှတ် ဆောင်ရွက်ထားရှိပါကြောင်း၊ မိမိ၏ ဘယ်ဘက်အစွန်အကန့်ကို အကန့်(၁) အဖြစ် သတ်မှတ်ထားပြီး အစဉ်အလိုက် အကန့်(၂)၊ အကန့်(၃)နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အကန့်(၄)ဖြစ်ပါကြောင်း၊ ဆန္ဒမဲပေးရန် ဖိတ်ခေါ်သည့်အခါတွင် အကန့်(၁)နှင့် အကန့်(၂)တွင်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်များက မိမိတို့၏ ညာဘက်ခြမ်းနှင့် အကန့်(၃)နှင့် အကန့်(၄)တွင်ရှိသည့် ကိုယ်စားလှယ်များက မိမိတို့၏ ဘယ်ဘက်ခြမ်းမှ ထွက်ရမည်ဖြစ်ပါကြောင်း၊ သတ်မှတ်နေရာများတွင် တစ်ဦးချင်း လက်မှတ်ရေးထိုးပြီး ဆန္ဒမဲလက်မှတ် ထုတ်ယူခြင်း၊ လျှို့ဝှက်ဆန္ဒပြုခြင်းတို့ ဆောင်ရွက်မည် ဖြစ်ပါကြောင်း။

 

ဆန္ဒပြုသည့်နေရာတွင် အသုံးပြုရန်အတွက် မင်အပြာရောင် ဘောပင်များလည်း ထားရှိပေးထားပါကြောင်း၊ လျှို့ဝှက် ဆန္ဒပြုပြီးပါက ဆန္ဒမဲလက်မှတ်များကို ခေါက်ချိုးချိုးပြီး မိမိရှေ့တွင်ရှိသည့် သင့်လျော်ရာ မဲပုံးတစ်ခုခုအတွင်းသို့ ကိုယ်တိုင်ထည့်ကြရန် ဖြစ်ပါကြောင်း၊ ဆန္ဒမဲများ ရေတွက်ခြင်းကို လွှတ်တော်ရုံးအဖွဲ့က ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီအစုအဖွဲ့အလိုက် အမည်စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အနီးကပ် လာရောက်စောင့်ကြည့်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်း၊ ဆန္ဒမဲလက်မှတ်များကို သတ်မှတ်ထားသည့် နေရာတွင် ထုတ်ယူပြီး လျှို့ဝှက်ဆန္ဒပြုရန်နေရာတွင် ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ထောက်ခံပါက အမှန် အမှတ်အသား၊ ကန့်ကွက်ပါက ကြက်ခြေအမှတ်အသားကို မင်ဖြင့်ပြုရမည်ဖြစ်ပါကြောင်း၊ ဆန္ဒမဲလက်မှတ်အပေါ်တွင် မှားယွင်း ဆန္ဒပြုခြင်း၊ မှားယွင်းရေးသားမိခြင်းရှိပါက ယင်းဆန္ဒမဲလက်မှတ်ကို လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် မိမိရှေ့မှောက် တွင် ဖျက်ဆီးပြီး ဆန္ဒမဲလက်မှတ်အသစ် လဲလှယ်ပေးရန် တောင်းခံနိုင်ပါကြောင်း၊ ဖျက်ဆီးသည့် မဲလက်မှတ် အရေအတွက်ကို သက်ဆိုင်ရာ ဒုတိယညွန်ကြားရေးမှူးချုပ်က နာယကထံ တင်ပြအတည်ပြုချက်ရယူပြီး မှတ်တမ်း ထားရှိမည် ဖြစ်ပါကြောင်း။

 

ဆက်လက်၍ ပယ်မဲအဖြစ် ဆုံးဖြတ်သတ်မှတ်နိုင်သည့် ဆန္ဒမဲလက်မှတ်များနှင့် ပုဒ်မ၊ ပုဒ်မခွဲများကို ရှင်းလင်း တင်ပြမည်ဖြစ်ပါကြောင်း၊ LED ဘုတ်တွင်လည်း ပြသထားပါကြောင်း၊ ဆန္ဒမဲပုံးထဲသို့မထည့်ဘဲ ဆန္ဒမဲပုံးပြင်ပတွင် ထားခဲ့သော ဆန္ဒမဲလက်မှတ်၊ ပြည်ထောင်စုလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုး ထားခြင်း မရှိသည့် ဆန္ဒမဲလက်မှတ်၊ အတုပြုလုပ်ထားသည့် ဆန္ဒမဲလက်မှတ်၊ အမှန် အမှတ်အသားနှင့် ကြက်ခြေ အမှတ်အသားများမှအပ အခြားအမှတ်အသားပြုထားသည့် ဆန္ဒမဲလက်မှတ်နှင့် ပုဒ်မ၊ ပုဒ်မခွဲများ၊ ဆန္ဒပြုထားခြင်း မရှိသည့် ဆန္ဒမဲလက်မှတ်နှင့် ပုဒ်မ၊ ပုဒ်မခွဲများ တို့ဖြစ်ပါကြောင်း။

 

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က) နှင့် (ခ)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများကို ပြင်ဆင်နိုင်ရန် အတွက်ဆိုပါက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦး၏ ၇၅ ရာခိုင်နှုန်းသည် ၄၉၀ ဒသမ ၅ ဦးဖြစ်သည့်အတွက် အနည်းဆုံးထောက်ခံဆန္ဒမဲ ၄၉၁ မဲ ရရှိမှသာ ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

 

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူ ကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၁)နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို ဆောင်ရွက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ရုံး ညွန်ကြားရေးမှူးချုပ် ဦးကျော်စိုး က အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များကို ရေတွက်အပ်နှံသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ညွှန်ကြားရေးမှူးချုပ် ယူဆောင်လာသည့် ဆန္ဒမဲလက်မှတ် အရေအတွက် ၆၈၀ ဖြစ်ပါကြောင်း၊ ယနေ့ တက်ရောက်သည့် ကိုယ်စားလှယ် ၆၃၃ ဦးဖြစ်သည့်အတွက် အပိုဆန္ဒမဲ လက်မှတ် ၄၇ စောင်ကို မိမိထံတွင် ထားရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့တို့က တာဝန်ပေးထားသည့် အကန့်အလိုက် နေရာယူကြသည်။

 

ဆက်လက်၍ ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် က ညွှန်ကြားရေးမှူးချုပ်ထံ လာရောက် ထုတ်ယူပြီး အကန့်အလိုက် တာဝန်ပေးထားသည့် ဝန်ထမ်း (၄)ဖွဲ့ထံသို့ အစည်းအဝေးတက်ရောက်မှု အင်အားအတိုင်း ခွဲဝေပေးသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်နေရာတွင် လျို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးသည်။

 

ဆက်လက်၍ ဆန္ဒမဲပေးမှုပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ တာဝန်ခံများက ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ် စားလှယ်များ၏ ရှေ့မှောက်တွင် ဖွင့်လှစ်၍ ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက် အခြေအနေကို စစ်ဆေးရေတွက်သည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်များထံ ထုတ်ပေးထားသည့် ဆန္ဒမဲ လက်မှတ် ၆၃၃ စောင်ဖြစ်ပြီး၊ ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်သည်လည်း ၆၃၃ စောင်ဖြစ်သည့်အတွက် ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဆန္ဒပေးမှု အထမြောက်ကြောင်း ကြေညာသည်။

 

ထို့နောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ရလဒ်ရေတွက်မှုကို ဝန်ထမ်းအဖွဲ့ (၈)ဖွဲ့ဖြင့် သတ်မှတ်နေရာအသီးသီး၌ တစ်ပြိုင်တည်း ရေတွက်ကြရာ  နိုင်ငံရေးပါတီအစုအဖွဲ့အလိုက် အမည်စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များက သတ်မှတ်အဖွဲ့ နေရာများ၌ ကြီးကြပ်ဆောင်ရွက် စောင့်ကြည့်ကြသည်။

 

ယင်းနောက် အဖွဲ့(၈)ဖွဲ့ခွဲ၍ အသေးစိတ်စိစစ်ရေတွက်မှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာရုံးအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့အလိုက် ကိုယ်စားလှယ်(၅)ဦး ပါဝင်သည့်အဖွဲ့က ကြီးကြပ်ပြီး စာရင်းချုပ်နှင့် ထောက်ခံဆန္ဒမဲ အရေအတွက် ရာခိုင်နှုန်း တွက်ချက်မှုတို့ကို ဆက်လက်ဆောင်ရွက်သည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ဥပဒေမူကြမ်းပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော် ရ၊ မရကို စိစစ်ကြေညာရာတွင် ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)တွင် အကျုံးဝင်သည့် ပုဒ်မ ၅ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၃၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၆ ပုဒ်မခွဲ(ဃ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၆ ပုဒ်မခွဲ(စ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၀ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၇ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၈ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း။

 

ပုဒ်မ ၁၄ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၁၇ ပုဒ်မခွဲ(ခ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၁ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၀ ပုဒ်မခွဲ(ဂ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၆ ပုဒ်မခွဲ(က) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၉၅ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၃၂ ပုဒ်မခွဲ(က) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၅၈၄ မဲဖြစ်ပြီး ၇၅ ရာခိုင်နှုန်း ကျော်ထောက်ခံသည့်အတွက် ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ပုဒ်မ ၃၂ ပုဒ်မခွဲ(ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၅၈၆ မဲဖြစ်ပြီး ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံသည့်အတွက် ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပုဒ်မ ၃၉ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၆ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၀ ပုဒ်မခွဲ(ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၂ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၄၀ ပုဒ်မခွဲ(ဂ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၄၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း များပါ ဖွဲ့စည်ပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ဆန္ဒမဲလက်မှတ်(၁)နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် ပြီးဆုံးပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆန္ဒမဲလက်မှတ် (၂)နှင့် စပ်လျဉ်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို မတ် ၁၁ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ-ထန်းဖုန်