ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော်  ၆   ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အား ခန့်အပ်တာဝန်ပေးလိုခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ အဆိုပြု တင်ပြလာသည့် ပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ ကန့်ကွက်မှု တစ်စုံတစ်ရာမရှိပါက ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း (သို့မဟုတ်) ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်း အစီအစဉ်ကို ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားပါကြောင်း၊ နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုကြောင်း အဆိုပြုတင်ပြထားသည့် ပုဂ္ဂိုလ်အား ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးပို့နိုင်ကြောင်း အသိပေးကြေညာသည်။

 

ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှုအစီ ရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင် က ပညာရေးလုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေသော ဆရာ၊ ဆရာမများ အရည်အသွေးပြည့်၀ပြီး အတွေးသစ်၊ အမြင်သစ်၊ ကျွမ်းကျင်မှု အသစ်များဖြင့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ လူငယ်များကို ပြုစုပျိုးထောင်ပေးနိုင်ရန် အဓိက ဦးစားပေးဆောင်ရွက် သင့်ပါကြောင်းနှင့် သင်ကြားရေးလုပ်ငန်းများတွင်သာမက ဘဝနှင့်ဆီလျော်သော လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ထို့ပြင် အခြေခံပညာ ကဏ္ဍတစ်ခုလုံးအတွက် အရည်အသွေးအာမခံမှု အစီအစဉ်အကောင်အထည်ဖော်ရာတွင် လူသားအရင်း အမြစ်လိုအပ်မှု၊ ဘဏ္ဍာငွေလိုအပ်မှု၊ ရုပ်ဝတ္ထုပစ္စည်းလိုအပ်မှု၊ ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များ ရရှိမှုများကို ဖြည့်ဆည်ပေးနိုင်မှသာ ထိရောက်သော အရည်အသွေးအာမခံမှုစနစ် ကောင်းမွန်အောင်မြင်စွာ တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး က ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု အောင်မြင်စေရန်အတွက် အရည်အသွေးပြည့်မီသည့် ဆရာအရေအတွက်သည် ကျောင်းသားအချိုးနှင့် သင့်တင်မျှတစွာ ရှိရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် သင်ထောက်ကူပစ္စည်းများနှင့်  စာသင်ဆောင်၊ စာသင်ခန်းများ လုံလောက်စွာ ရှိရမည်ဖြစ်ပါကြောင်း၊ ထိုမှသာ သင်ယူတတ်မြောက်မှု ကောင်းမွန်ပြီး ကျောင်းသားမိဘများနှင့် ပြည်သူလူထု၏ ယုံကြည်မှုရရှိလာမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ယုံကြည်မှသာ ပူးပေါင်းဆောင်ရွက်ကြ မည်ဖြစ်သည့်အပြင် ပြည်သူပူးပေါင်းမှု အားကောင်းမှလည်း စနစ်သစ်ပညာရေးပြောင်းလဲမှု အရှိန်မြန်လာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာလိုအပ်ချက် ကျဉ်းမြောင်းသွားစေရန် ပညာရေးမူဝါဒ ကော်မရှင်၏ အကြံပြုချက်အတိုင်း ဆရာသစ်လွင်များ မွေးထုတ်နိုင်ရေးကို နည်းလမ်းပေါင်းစုံ စဉ်းစားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း အကြံပြုဆွေး နွေးသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦးက နိုင်ငံအတွက် လူသားအရင်းအမြစ်ကို မွေးထုတ်ပေးနိုင်မည့်အရာသည် ပညာရေးကဏ္ဍပင်ဖြစ်သည့်အတွက် ပညာရေးစနစ်သည် မူဝါဒ ပြတ်သားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အဆင့်တိုး ကျောင်းများကို မူဝါဒတစ်ခု ချမှတ်ပြီး  ရပ်သင့်ပါက ရပ်ထားရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပညာရေးကို ကိုင်တွယ်သည့် မြို့နယ်အဆင့် ပညာရေးမှူးများကို ပင်စင်နား နီးသူများကို ခန့်အပ်မည့်အစား ငယ်ရွယ်သည့် ပညာရေးမှူးများနှင့် အစားထိုးပြီး ပညာရေးကို အကောင်အထည်ဖော်သင့်ပါကြောင်း ဆွေးနွေးသည်။

 

ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ဝင်းမြင့်၊ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာမင်းသိန်းနှင့် လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဆက်လက်၍ ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက်အစီရင်ခံစာနှင့် ငွေရေးကြေးရေး တည်ငြိမ်မှု အခြေအနေအစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ် က အစီရင်ခံစာတွင် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ သိရှိလိုသည့် အနှစ်သာရရှိပြီး သုံးသပ်နိုင်သည့် သတင်းအချက်အလက်များ ပါဝင်မှု အားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများသိရှိရမည့် သတင်းအချက်အလက်၊ သုံးသပ်ချက်များကို နောက်ပိုင်းအစီရင်ခံစာများတွင် ပြည့်စုံစွာ တင်ပြပေး စေလိုပါကြောင်း၊ ငွေရေးကြေးရေးကဏ္ဍသည် မိမိတို့နိုင်ငံ၏ စီးပွားရေးတွင် အသက်သွေးကြော ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ဘဏ်လုပ်ငန်းများသည် အရေးပါသည့်ဆန်းစစ်မှုများ၊ ဆုံးရှုံးနိုင်ခြေဆန်းစစ်မှုများ အပေါ်တွင် မည်သို့ဆောင်ရွက်သွားသည်ကို အစီရင်ခံစာဖတ်ရှုလိုက်ပါက ရှင်းလင်းစွာ သိရှိရမည် ဖြစ်ပါကြောင်း၊ သို့သော် ယခုအချိန်တွင် ယင်းသို့အနေအထားမျိုး မရရှိသေးပါကြောင်း ဆွေးနွေးသည်။

 

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက  ငွေရေးကြေးရေးတည်ငြိမ်မှုအနေဖြင့် နိုင်ငံပိုင် ဘဏ် ၄ ခုအပါအဝင် နိုင်ငံသားများပိုင် ပုဂ္ဂလိက ဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများနှင့် ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းပေါင်း ၆၀၄ ခုရှိပြီး နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍများအတွက် ဆောင်ရွက်ပေးနေသည်ကို သိရှိရပါကြောင်း၊ (၆)လတာကာလအတွင်း နိုင်ငံပိုင် ဘဏ်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် ချေးငွေများ ပိုမိုထုတ်ချေး၍ ပုဂ္ဂလိကဘဏ်များ အနေဖြင့် ကုန်သွယ်မှုကဏ္ဍအတွက် အများဆုံးချေးငွေများ ထုတ်ချေးသည်ကို သိရပါကြောင်း၊ ထို့ကြောင့် ဘဏ်များ ရေရှည်ရပ်တည် နိုင်ရန်အတွက်  အရင်းအနှီး၊ ရပိုင်ခွင့်များ အားကောင်းခိုင်မာရန်လည်း လိုအပ်ပါကြောင်း၊  သို့ပါ၍ နိုင်ငံ၏ ငွေကြေး တည်ငြိမ်ခိုင်မာရေး၊ ငွေဖောင်းပွမှုအနည်းဆုံးဖြစ်လာစေရေး၊ နှင့် ဘဏ်စနစ်ပိုမိုအားကောင်းခိုင်မာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာနိုင်ရန်အတွက် ဘက်စုံချင့် ချိန်စဉ်းစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

 

ယင်းအစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင်၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဟန်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ ဦးသန်းစိုး (ခေါ်) သန်းစိုး(ဘောဂဗေဒ)နှင့် မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - စိုးဝင်းထွန်း