ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

နေပြည်တော် ၂၉ ဇူလိုင်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော COVID–19 ၏ သက်ရောက်မှုများကို တုံ့ပြန်ခြင်းနှင့် အသုံးစရိတ်ဆိုင်ရာ အထောက်အပံ့အစီအစဉ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာသန်း ၂၅၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ယခုချေးငွေသည် COVID – 19 ကုစားရေးကိစ္စများအတွက်ဖြစ်သဖြင့် အထိခိုက်ဆုံးကဏ္ဍများကို စနစ်တကျ ရွေးချယ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သုံးစွဲရမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် စီးပွားရေးအခြေအနေများ ပြန်လည်ထိန်းသိမ်း တည့်မတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးကို ၅ ဒသမ ၄၁ ရာခိုင်နှုန်းဖြင့် ရေးဆွဲတင်ပြခဲ့ပါကြောင်း၊ ဌာနအတွက် အသုံးစရိတ်များကို ဦးစားမပေးစေဘဲ နိုင်ငံနှင့် ပြည်သူကို တိုက်ရိုက်အကျိုးပြုစေပြီး အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်မည့် အသုံးစရိတ်များကို ဦးစားပေး တင်ပြစေခဲ့ပါကြောင်း၊ ယခုချေးငွေအား အမြန်ထုတ်ယူသုံး စွဲနိုင်စေရန်နှင့် အမှန်တကယ် လိုအပ်သော နေရာများတွင် ထုတ်ယူသုံးစွဲနိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရယူနိုင်ရေးကိစ္စရပ်အပေါ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ယင်းချေးငွေ ရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပဲခူး - ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်း ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ယခုအဆိုပြု အမြန်လမ်းမကြီးနှင့် ဆက်စပ်ပြီး ရန်ကုန်မြို့၏ အရှေ့ဘက်အခြမ်းတွင် သန်လျင် - သုံးခွ - ခရမ်း - သနပ္ပင် - ပဲခူး - ကျိုက်ထို စီးပွားရေးစင်္ကြံလမ်းမအသစ် ဖြစ်ထွန်းလာမည်ဖြစ်ပြီး လက်ရှိ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်နေသည့် ရန်ကုန် - ထောက်ကြန့် - လှည်းကူး - အင်းတကော် - ပဲခူး စင်္ကြံလမ်းပိုင်းနှင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ အဆိုပြုစီမံကိန်းဖြစ်သည့် ပဲခူး - ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်းကြီးပြီးစီးပါက လက်ရှိADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်သည့် ရန်ကုန်မြို့၏ အရှေ့ဘက် စီးပွားရေးစင်္ကြံလမ်း သန်လျင် (သီလဝါ) - သုံးခွ - ခရမ်း - သနပ္ပင် - ပဲခူးလမ်းနှင့် ချိတ်ဆက်ကာ ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်းအထိ ခရီးသည်နှင့် ကုန်စည်များ လွယ်လင့်တကူ လျင်မြန်စွာ သွားလာနိုင်မည် ဖြစ်ပါကြောင်း။

 

ထို့ပြင် ရန်ကုန်မြို့ အရှေ့ဘက် စီးပွားရေးစင်္ကြံလမ်းမသစ်ကြီး ဖြစ်လာမည့် သန်လျင် - သီလဝါ - သုံးခွ - ခရမ်း - သနပ္ပင် - ပဲခူး - ကျိုက်ထို လမ်းတစ်လျှောက် လမ်းဘေးဝဲယာတွင် စီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၊ ကုန်လှောင်ရုံများနှင့် ကုန်းတွင်း ဆိပ်ကမ်းများ ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါစင်္ကြံလမ်းတစ်လျှောက် နေထိုင်သူများသာမက မြန်မာနိုင်ငံအတွင်းရှိ အခြားဒေသများမှ လာရောက်သူများ အတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများ များစွာပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း။

 

အဆိုပါ စင်္ကြံလမ်းတစ်လျှောက် နေထိုင်သူများ၏ တစ်ဦးချင်း ဝင်ငွေနှင့် လူမှုစီးပွားဘဝများသည်လည်း တိုးတက်လာမည်ဖြစ်ပြီး စင်္ကြံလမ်းဖြတ်သန်းသွားရာ တိုင်းဒေသကြီး / ပြည်နယ်များသာမက မြန်မာနိုင်ငံတစ်ဝန်းလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိုဟန်ချက်ညီစွာ တိုးတက်စေမည့် စီမံကိန်းကြီး တစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပဲခူး - ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့် အမေရိကန်ဒေါ်လာ (၄၈၃ ဒသမ ၈)သန်းကို အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးယူခြင်းအား ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ချေးငွေရယူရေးကိစ္စကို လွှတ်တော်မှ အတည်ပြုပြီးသည့်အခါ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ချေးငွေစာချုပ်ချုပ်ဆိုနိုင်ရန် ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေတိုးတက်မှုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပုံမှန်အစီရင်ခံ တင်ပြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ သို့ပါ၍ အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူရှိသည့်အတွက် မတ်တပ်ရပ်ဆန္ဒပြုသည့် နည်းလမ်းဖြင့် ဆောင်ရွက်ရာ သဘောတူ ထောက်ခံသူ ၃၃၆ ဦးဖြစ်ပြီး ယနေ့အစည်းအဝေး တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၅၅၂ ဦး၏ ထက်ဝက်ကျော်သည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပဲခူး - ကျိုက်ထို လမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူရှိသည့်အတွက် မတ်တပ်ရပ်ဆန္ဒပြုသည့် နည်းလမ်းဖြင့် ဆောင်ရွက်ရာ သဘောတူ ထောက်ခံသူ ၃၃၈ ဦးဖြစ်ပြီး ယနေ့အစည်းအဝေး တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၅၅၂ ဦး၏ ထက်ဝက်ကျော်သည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံ အပြန်အလှန် အသိအမှတ်ပြုမှု အစီအစဉ်များဆိုင်ရာ သဘောတူညီချက်မူဘောင်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ယင်းမူဘောင်ကို လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီယံဒေသတွင်းနိုင်ငံများ လွတ်လပ်သောကုန်စည်စီးဆင်းမှုကို မြှင့်တင်နိုင်ပြီး အာဆီယံစီးပွားရေး အားကောင်းလာနိုင်သည့်အတွက် အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံအတွင်း စီးပွားရေးကဏ္ဍတွင် ပိုမိုဖွံ့ဖြိုးတိုးတက်စေမည့် အခွင့်အရေးများ ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်တွင်းထုတ်လုပ်သူများသည် ၎င်းတို့၏ ထုတ်ကုန်များအတွက် အရည့်အသွေးကိုက်ညီမှု စစ်ဆေးခြင်းများကို ဒေသတွင်းရှိ အသိအမှတ်ပြု လက်မှတ်ရ ဓာတ်ခွဲခန်းများတွင် ရလဒ်များစစ်ဆေးခြင်းကို ဆောင်ရွက်နိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည် ဖြစ်သည့်အတွက် ပြည်တွင်းထုတ်ကုန်များ၏ ဈေးကွက်ဖော်ဆောင်ရေးကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။

 

ထို့ပြင် စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊ အသိအမှတ်ပြုခြင်း၊ အရည်အသွေး ကိုက်ညီမှုစစ်ဆေးခြင်း၊ တိကျစွာတိုင်းတာခြင်းနှင့် နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်သည့် ကဏ္ဍအသီးသီးရှိ ဝန်ထမ်းများအား လေ့ကျင့်ပေးနိုင်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးများကို မြှင့်တင်နိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် ယင်းသဘောတူညီချက် မူဘောင်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ ဆွေးနွေးခွင့်ပြုနိုင်ရေး တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဩဂုတ် ၅ ရက်တွင် ဆွေးနွေးဆုံးဖြတ်ရန် လျာထားပါကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဩဂုတ် ၅ ရက်တွင် ဆွေးနွေးဆုံးဖြတ်ရန် လျာထားပါကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉ - ၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ပထမ ၆ လပတ်အခွန်ရငွေစာရင်းများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၇/၂၀၂၀)တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချိုက နိုင်ငံ၏ အခွန်အကောက်ရငွေနှင့် ငွေစာရင်းခေါင်းစဉ်တွင် လစ်ဟာနေသည့် ရငွေများ၊ ခေတ်ကာလနှင့် မညီသည့် နှုန်းထားများကို ပြန်လည်စိစစ်ပြီး ဥပဒေနှင့်အညီ ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အခွန်အကောက်များရှာဖွေပေးသည့် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်တို့မှ ကောက်ခံရရှိမှုကို နယ်ပယ်ချဲ့ထွင် ဆောင်ရွက်နိုင်ရေး၊ မူဝါဒလုပ်ငန်းစဉ် ပြောင်းလဲဆောင်ရွက်နိုင်ရေးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လိုင်စင်နှင့် အခွန်ပေးဆောင်ရမှု လွယ်ကူအဆင်ပြေစေရေး စသည့်အခြေအနေများကို ပြုပြင်ဆောင်ရွက်ပေးနိုင်မည် ဆိုပါက နိုင်ငံ၏ အခွန်အကောက်ရငွေသည် သိသိသာသာတိုး တက်လာနိုင်မည်ဖြစ်ပါကြောင်း အကြံပြုဆွေးနွေးသည်။

 

ယင်းကိစ္စတို့နှင့် စပ်လျဉ်း၍ ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသန့်ဇင်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ထွန်း၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ဒေါ်အေးအေးမာတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (အဆင့် - ၃) အကောင်အထည်ဖော် ဆောင်ရွက်ရန် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှဂျပန်ယန်း ၁၅ ဘီလီယံ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဥာဏ်ရွှေ၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ဇော်မင်းဦးတို့က ဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၀/၂၀၂၀) တို့နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်းက ချေးငွေများကို ချေးယူသည့်နေရာတွင် တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိရန်နှင့် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရန် မဖြစ်မနေချေးယူရမည့် ကိစ္စရပ်များတွင်သာ ချေးယူသင့်ပါကြောင်း၊ ချေးငွေများကို သုံးစွဲသည့်နေရာတွင်လည်း အကျိုးရှိထိရောက်စွာဖြင့် အချိန်မီသုံးစွဲပြီး အလေအလွင့်မရှိစေရန်အတွက် တိုင်းပြည်မျက်နှာ၊ ပြည်သူ့မျက်နှာကြည့်ပြီး သုံးစွဲသင့်ပါကြောင်း၊ ချေးငွေများကို မူလလျာထားသတ်မှတ်ထားသည့် စီမံကိန်းကာလအတွင်း ပြီးစီးအောင် အကောင်အထည်ဖော် မဆောင်ရွက်နိုင်ပါက ရသင့်ရထိုက်သည့် အကျိုးအမြတ် အပြည့်အဝမရရှိနိုင်ပါကြောင်း၊ ချေးငွေများကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရန်အတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အေးလွင်က ၂၀၁၆ - ၂၀၁၇ နောက်ပိုင်းချေးယူခဲ့သော ငွေများတွင် ချေးငွေ ၉ ဒသမ ၇၁ ရာခိုင်နှုန်းသာ ထုတ်ယူသုံးစွဲထားကြောင်း စိစစ်တွေ့ရှိရသည့်အတွက် စီမံကိန်းကာလအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ဝန်ကြီးဌာနများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်းသည်ဟု သုံးသပ်ရပါကြောင်း၊ ချေးငွေများအနေဖြင့် ထုတ်ယူသုံးစွဲခြင်းမပြုသော်လည်း ပေးဆပ်ရန် စေ့ရောက်ချိန်တွင် သတ်မှတ်ချက်အတိုင်း အတိုးနှင့်အရင်းများကို ပေးဆပ်ရမည်ဖြစ်ပြီး ပေးဆပ်နိုင်မှုမရှိခဲ့ပါက နောက်ကျကြေး များစွာပေးဆပ်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ချေးငွေများကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် ထုတ်ယူသုံးစွဲသင့်သည်ကို အကြံပြုတင်ပြလိုပါကြောင်း ဆွေးနွေးသည်။

 

ယင်းကိစ္စတို့နှင့် စပ်လျဉ်း၍ လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချို၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တိုးလွင်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်လွင်နှင့် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဩဂုတ် ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်