ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကျင်းပ

ရန်ကုန်  ၃၀  ဇန်နဝါရီ

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်း ခြောက်ခု မေးမြန်းရာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က အသီးသီးပြန်လည် ဖြေကြားရှင်းလင်းကြသည်။

 

4

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈၊ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတို့အပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး ဦးမြင့်သောင်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ စည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှတို့က အသီးသီး ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

ထို့နောက် စာရင်းစစ်ချုပ်၏ အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၏ ပြန်လည်ရှင်းလင်း ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ကြေညာသည်။

 

ယင်းနောက် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ် မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမြင့်လွင်အစား မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဦးရန်အောင်ကို လည်းကောင်း၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူးအဖြစ် ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်ဇေယျ အစား တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှသိန်း ကိုလည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်သည်။

 

ဆက်လက်၍ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဖွဲ့စည်းထားသော ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ၊ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးအဖွဲ့တို့၏ သက်တမ်းကို တစ်နှစ် ထပ်မံတိုးမြှင့်ခဲ့သည်။

 

69

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရပ်နားခဲ့သည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်