ဒုတိယအကြိမ်မြောက် အာဆီယံအမျိုးသမီး ခေါင်းဆောင်များညီလာခံ (2nd ASEAN Women Leaders’ Summit)  ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၂

 

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက် အာဆီယံ အမျိုးသမီးခေါင်းဆောင်များညီလာခံ(2nd ASEAN Women Leaders’ Summit) ကို ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ် မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာဆီယံအမျိုးသမီးရေးရာ ကော်မတီ Focal Person နှင့် ဘာသာ ရပ်ဆိုင်ရာ တာဝန်ခံများ တက်ရောက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo Hun Sen နှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားသည်။ 

 

ထို့နောက် အစီအစဉ်အရ ဒုတိယအကြိမ်မြောက် အာဆီယံအမျိုးသမီး ခေါင်းဆောင်များ ညီလာခံ၏ ဆောင်ပုဒ်ဖြစ်သော “ Building A More Sustainable, Inclusive and Resilient Future: Unlocking Women’s Entrepreneurship in ASEAN” နှင့်စပ်လျဉ်း၍ Plenary Session တွင် အာဆီယံနိုင်ငံများ၏ အမျိုးသမီးရေးရာခေါင်းဆောင်များက Panelist  များအဖြစ် ပါဝင်ဆောင်ရွက်၍ အတွေ့အကြုံနှင့်အမြင်များကို  ဆွေးနွေးဖလှယ်ကြသည်။

 

ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံအနေဖြင့် ကျား/မတန်းတူညီမျှမှုရရှိရန်၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ လုပ်ပိုင်ခွင့်နှင့် အခွင့် အရေးများကို ဖော်ဆောင်ပေးရန်အတွက် Sustainable Development Goal (SDG Goals) နံပါတ်()  ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများအားလုံး အမျိုးသားများနှင့်တန်းတူ ကဏ္ဍစုံလုပ်ငန်းနယ်ပယ်အသီးသီးတွင် တန်းတူ ညီမျှပါဝင်နိုင်စေရန်၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊ မတန်းတူ ညီမျှရေး၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက်မှုများများမှ တားဆီး ကာကွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု နိုင်ငံအဆင့် ဦးစီးဦးဆောင် လှုပ်ရှားဖော်ဆောင်နိုင်မည့် အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မ တီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံနှင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလ သမဂ္ဂ ကွန်ဗင်းရှင်း CEDAW ပါ ကတိကဝတ်များနှင့် အကြံပြု သုံးသပ်ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေးနယ်ပယ်(၁၂)ရပ်နှင့်အညီ ရေးဆွဲထား သော အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း- NSPAW (၂၀၁၃-၂၀၂၂)တို့ ကိုအကောင်အထည်ဖော်လျက်ရှိပြီး NSPAW Phase II ၂၀၂၃-၂၀၃၂ ဆက်လက်ကို ရေးဆွဲသွားမည်ဖြစ်ပါကြောင်း။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနသည် ကျား/ မအခြေပြု အကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေးအတွက် (၂၄)နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်ကတည်းကစတင်ခဲ့ပြီး သတင်းပေးပို့ တိုင်ကြား လာသူများအား လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းလမ်းညွှန်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ အမျိုးသမီးများ၏ စွန့်ဦးတီထွင်လုပ်ငန်းရှင်များပေါ်ထွက်ရေးနှင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးမည့် စီးပွား‌ရေးလုပ်ငန်းများ ဖြစ်စေရန်အတွက် အသက်မွေးဝမ်းကြောင်းသင်တန်းများသည် အရေးပါသည့်အတွက် အိမ်တွင်းမှု သက်မွေးပညာသင် ကျောင်း(၁၁)ကျောင်းကို တည်ထောင် ဖွင့်လှစ်ပြီး အမျိုးသမီးများ၏ စွမ်းရည်နှင့် အိမ်တွင်းမှုသက်မွေးပညာများတတ်မြောက်စေရန် သင်ကြားပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် ထိခိုက်နိုင်ချေများကို လျှော့ချနိုင်ရန်အတွက် ကျေးလက်နေ အမျိုးသမီးများ၏ ဝင်ငွေရတစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများ အရှိန်မပျက်ပုံမှန်ရရှိ စေရေးအတွက် ရှေ့ပြေးလုပ်ငန်းစီမံချက်အဖြစ် “ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုး သမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်း စီမံချက်” ကို ရေးဆွဲပြီး  အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း။

              

အဆိုပါလုပ်ငန်းစဉ်များသည် ရေရှည်တည်တံ့၍ အားလုံး အကျုံးဝင်ပြီး ကြံ့ကြံ့ခံနိုင်သော အာဆီယံအသိုက်အဝန်းဖြစ်ပေါ်စေရေး အတွက် အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။

 

အစီအစဉ်အရ Declaration on Building A More Sustainable, Inclusive and Resilient Future: Unlocking Women’s Entrepreneurship in ASEAN နှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ မှတ်ချက်ပြုဆွေနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး  ညီလာခံအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)