ဒုတိယအကြိမ်မြောက် ခမီတိုင်းရင်းသားတို့၏ နှစ်သစ်ကူး (ရိုးရာ)ပွဲတော် ကျင်းပ

၁၉ နိုဝင်ဘာ

 

ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ရခိုင်မျိုးနွယ်စုဝင် ခမီတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် နတ်တော်လ (ရှတ်က်ရှ - ဆေ) ဆန်း (၁)ရက်နေ့တွင် ကျရောက်သော ခမီနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် (ရိုးရာ)ပွဲတော် အခမ်းအနားကို နိုဝင်ဘာ ၁၉ ရက်တွင် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ခမောင်းချောင်းကျေးရွာအုပ်စု၊ လောင်းချောင်းကျေးရွာနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အေးသာယာ စာသင်တိုက်တို့တွင် တစ်နေ့တည်း တချိန်တည်း တပြိုင်နက်စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

 

လောင်းချောင်းကျေးရွာတွင် ကျင်းပပြုလုပ်သော ခမီနှစ်သစ်ကူး အထိမ်းအမှတ်(ရိုးရာ) ပွဲတော်ကို နံနက် ၇ နာရီအချိန်တွင် စတင်းကျင်းပကြရာ ခမီစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးလေကျော်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မိမိတို့ခမီတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းရွယ်ရည်ချက်များအား ရှင်းလင်းပြောကြားရာ မိမိတို့ရဲ့ တစ်နှစ်တာ ကောက်ပဲသီးနှံ၊ ဆန်ရေစပါးများ သိမ်းဆည်းပြီးစီးနေတဲ့ အချိန်အခါသမယဖြစ်လို့ ယခုလိုခမီနှစ်သစ်ကူး(ရိုးရာ) ပွဲတော်ကို ပျော်ပွဲရွင်ပွဲအနေဖြင့် ရှေးဘိုးဘွားအစဉ်အဆက် ကျင်းပပြုလုပ်ခဲ့ကြပြီး ယနေ့ခေတ်ကာလတွင် မိမိတို့ဘိုးဘွားများရဲ့ မျိုးစဉ်မျိုးဆက် ဓလေ့အစဉ်အလာများ ပျောက်ကွယ်လုနီးပါး ဖြစ်လာသည့်အတွက် မျိုးဆက်သစ်ခေတ် လူငယ်များအနေဖြင့် ၎င်းခမီနှစ်သစ်ကူး(ရိုးရာ) ပွဲတော်ကို သိရှိ၊ နားလည်၊ စောင့်ထိန်းကာကွယ်ပြီးမျိုးဆက်သစ်များရဲ့လက်ဝယ် အမြဲရှင်သန်နေစေဖို့ဆိုတဲ့ ရွယ်ရည်ချက်နှင့်ကျင်းပပြု လုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

 

ထို့နောက် ခမီရိုးရာယဉ်ကျေးမှု အဖွဲ့များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြသည်။

 

ဆက်လက်၍ တောင်ယာထွက်သီးနှံများ၊ နွားထိုးပွဲများ၊ စားပွဲသောက်ပွဲများဖြင့် စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပြီး နေ့လယ် ၁၂ နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။ တဆက်တည်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အေးသာယာ စာသင်တိုက်တွင်လည်း အဆိုပါ ခမီတိုင်းရင်းသားများ နှစ်သစ်ကူး(ရိုးရာ) ပွဲတော်ကို နံနက် ၇ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရိုးရာသီးချင်းများ၊ ရိုးရာအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြပြီး နေ့လယ် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ပင့်သံဃာတော်အရှင် သူမြတ်များအား ဆွမ်းခဲ့ဖွယ်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

ကျော်ဆန်းဝင်း (ခမီတိုင်းရင်းသား)