ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော်  ၆  မတ်

           

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

           

အစည်းအဝေးတွင် ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်မှ ဦးစောတင်ဝင်း၏ မြန်မာနိုင်ငံ၌ အဓမ္မလုပ်အားခိုင်းစေခြင်း လုံးဝပပျောက်စေရန် အဓမ္မလုပ်အားခိုင်းစေမှု ပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားရေးယန္တရားနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က အဓမ္မခိုင်းစေမှုတိုင်ကြားမှု ယန္တရား (National Complaints Mechanism-NCM) ထူထောင်ဆဲကာလတွင် အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီး ဌာန ၁၀ ခုမှ ကိုယ်စားလှယ် ၂၂ ဦးဖြင့် ဖွဲ့စည်းထားသည့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ ကြားကာလ ယန္တရားအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း။

           

ILO အပါအဝင်  မည်သည့်အဖွဲ့အစည်း၊  မည်သည့်ပုဂ္ဂိုလ်မဆို တိုင်ကြားနိုင်ကြောင်းကို ၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်မှ စ၍  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယိုနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ထုတ်ပြန်ကြေညာ၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်ကြားမှုများကို အဓမ္မခိုင်းစေမှု တိုင်ကြားမှုယန္တရား ထူထောင်ပြီး ချိန်အထိ ကြားကာလယန္တရားမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

တိုင်ကြားမှုယန္တရားကို ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်လည်ပတ်နေပြီး တိုင်ကြားလိုသူများသည် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာတိုင်ကြားမှု ယန္တရားရုံး အဖွဲ့ကို တိုက်ရိုက်တိုင်ကြားနိုင်သကဲ့သို့ ILO အပါအဝင် လွှတ်တော်၊ နိုင်ငံတော်သမ္မတရုံး၊ အဖွဲ့အစည်းများမှ တစ်ဆင့် တိုင်ကြားနိုင်ကြောင်းကို အများပြည်သူ သိရှိနိုင်ရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြန်မာ့အသံ ရေဒီယိုနှင့် FM ရေဒီယိုများနှင့် နေ့စဉ်ထုတ် သတင်းစာများတွင် အသိပေးကြေညာ လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရားကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

           

မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၏ လုပ်ငန်းလိုင်စင်ပြုလုပ်ခြင်းအား One Stop Service ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက  သက်ဆိုင်ရာဌာနများ၏ လုပ်ငန်း မှတ်ပုံတင်နှင့် လိုင်စင်များ လျှောက်ထားရာတွင် အချိန်ကြန့်ကြာမှု မရှိစေဘဲ မြန်ဆန်စွာ ထုတ်ပေးနိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လုပ်ငန်း သဘောသဘာဝအရ ဓာတ်ခွဲစိစစ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းတို့ ဆောင်ရွက်ရာတွင်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် လတ်တလောအနေဖြင့် နေ့ချင်းပြီး One Stop Service  ပြုလုပ်ပေးနိုင်ခြင်း မရှိသေးသော်လည်း ပိုမိုမြန်ဆန်ထိရောက်သည့် လုပ်ငန်းမှတ်ပုံတင်နှင့် လိုင်စင်ထုတ်ပေးသည့် စနစ်တစ်ရပ် အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာဌာနများမှ စံပြု လုပ်ထုံးလုပ်နည်း (Standard Operation Procedures) များ ရေးဆွဲရာတွင် ဝန်ကြီးဌာန အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ မောင်တော မဲဆန္ဒနယ်မှ  ဦးလှထွန်းကျော်၏ မောင်တောမြို့၊ (၄)မိုင် ရပ်ကွက်ရှိ အ.လ.က (၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အား အခြေခံပညာအထက် တန်းကျောင်းအဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လည်းကောင်း၊  ရွှေဘို မဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ်၏ ကမ်းပါးထိန်းလုပ်ငန်းများအတွက် အကျိုးရှိမှုသေချာပြီး ကုန်ကျစရိတ်နည်းပါးသော ဗက်တီဗာမြက်အား နိုင်ငံတော် အစိုးရ၏ စီမံစိုက်ပျိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးကလည်းကောင်း၊ ဘုတ်ပြင်း မဲဆန္ဒနယ်မှ ဦးနေလင်းထွန်း၏ ဘုတ်ပြင်းမြို့နယ်၊ အလယ်မာန် ကျေးရွာအုပ်စုတွင် ယခင်အမှတ်(၁) စက်မှုဝန်ကြီးဌာနမှ သိမ်းယူခဲ့သော မြေဧရိယာ အတွင်းပါဝင်သည့် အလယ်မာန် ရွာဟောင်း ကျေးရွာမြေနေရာအား သိမ်းယူထားခြင်းမှ ပယ်ဖျက်၍ ကျေးရွာပိုင်မြေအဖြစ် ပြန်လည်တိုင်းတာသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက  လည်းကောင်း၊ ကလေး မဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီး၏ တစ်နိုင်ငံလုံးရှိ အထွေ ထွေရောဂါကုဆေးရုံကြီးများတွင် ခွဲစိတ်ခန်းကြီးကြပ်မှုကော်မတီဖွဲ့စည်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် ကလည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

           

ထို့နောက် ရေကြည် မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်းက အသစ်ထွက်ပေါ်လာသော ဆေးရွက်ကြီး အသုံးပြုမှုနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် e-cigarettes (Electronic Nicotine Delivery System) ဆေးရွက်ထွက်ပစ္စည်းများကို အပူပေးပြီး အငွေ့ရှူသော ပစ္စည်း(Heated Tobacco Product or Heat-not-bum-Product)နှင့် ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းများကို ရောနှောထည့်သွင်းရှူသုံးရသည့် ရေပြောင်း (Water Pipe) များကို ထိန်းချုပ်တားဆီးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာတွင် ဆေးရွက်ကြီးအသုံးပြုမှုနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်သည့် e-cigarettes၊ ဆေးရွက်ကြီး ထွက်ပစ္စည်းကို အပူပေးပြီး အငွေ့ရှူ သောပစ္စည်း (HTP)နှင့် ဆေးရွက်ကြီးနှင့် အခြား ဆက်စပ်ပစ္စည်းများကို ရောနှောထည့် သွင်းရှူသုံးရသည့် ရေပြောင်းများ နှင့်ပတ်သက်သည့် ပစ္စည်းများနှင့်စပ်လျဉ်း၍ တင်ပြမည်ဖြစ်ပါကြောင်း။

 

ထိုပစ္စည်းများ သုံးစွဲရှူရှိုက်ခြင်းသည် ဆေးရွက်ကြီး သုံးသကဲ့သို့ အန္တရာယ်မရှိဟု ဆို၍ဖြန့်ချိနေကြပါကြောင်း၊ ဆေးရွက်ကြီးတွင်ပါဝင်သည့် Nicotine ကို အရည်အဖြစ် ဖျော်စပ်ထားပြီး Electronic အပူပေး၍ အငွေ့အဖြစ်ပြောင်းလဲစေကာ ထိုအငွေ့ကို ရှူထုတ်သည့် စနစ်များပါဝင်သော ပစ္စည်းများ တပ်ဆင်ထားပြီး အရသာပေါင်းစုံ ထည့်သွင်းထား ပါကြောင်း၊ ထို့ကြောင့် အငွေ့ရှူခြင်း Vaping ဟု ခေါ်ဆိုကြသော်လည်း ထိုအငွေ့တွင် အနံ့ အရသာ ပေါင်းစုံပါဝင်နေပြီး Nicotine အပြင် ဓာတုပစ္စည်း မျိုးစုံ ပါဝင်နေသည့်အတွက် ကျန်းမာရေးကို ထိခိုက်စေပါကြောင်း။

 

ယခုအခါ အမေရိကန်နှင့် အင်္ဂလန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၆နိုင်ငံမှ e-cigarettes သုံးစွဲခြင်းကို တားမြစ်ပိတ်ပင်ထားပြီဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံအနေဖြင့် ၅ နိုင်ငံ ပိတ်ပင်ထားပြီး ကျန် ၄ နိုင်ငံသည် ထိန်းချုပ်မှုများပြုလုပ်ထားပါကြောင်း၊ အရေးယူ ဆောင်ရွက်မှုမရှိသည်မှာ မိမိတို့နိုင်ငံ တစ်နိုင်ငံသာ ရှိပါကြောင်း၊ သို့သော်လည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေထားသည်ကိုလည်း တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတစ်ခုတည်းက ဆောင်ရွက်၍ ရနိုင်သည့်အခြေအနေမရှိပါကြောင်း၊  ဌာနပေါင်းစုံပူး ပေါင်းပြီး ထိန်းချုပ်မှုပြုလုပ်ရန် လိုအပ်နေသည့် အခြေအနေ ဖြစ်ပါကြောင်း၊  e-cigarettes နှင့် ဆက်စပ်ပစ္စည်းများ သုံးစွဲခြင်းကို တားဆီးပိတ်ပင် နိုင်ရန်အတွက် ပစ္စည်းများ ထုတ်လုပ်မှု၊ တင်သွင်းမှုနှင့် ဖြန့်ချိမှုများကို  လက်ရှိ ဆေးလိပ်ထိန်းချုပ်မှုဥပဒေဖြင့် ထိန်းချုပ် ဆောင်ရွက်ရန် များစွာလိုအပ်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မူဝါဒချမှတ်ခြင်း၊ ပြည်သူများကို အသိပညာပေးခြင်း၊ ဌာနပေါင်းစုံ ပူပေါင်းဆောင်ရွက်ခြင်း၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းများ လိုအပ်နေပါကြောင်း ရှင်းလင်းတင်ပြသည်။

           

ယင်းနောက် အင်္ဂပူ မဲဆန္ဒနယ်မှ ဦးအေးဝင်းက အဆိုအား ထောက်ခံ ဆွေးနွေးသည်။

           

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့်  လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

           

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

           

ဆက်လက်၍ ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာအေးမင်းက ပုဂ္ဂလိက ပြင်ပဆေးကု ခန်းဆရာဝန် (G.P General Practitioner- အထွေထွေရောဂါကုဆရာဝန်) များ၊ အခြား ကျန်းမာရေးဆိုင်ရာပညာရှင်များနှင့်ဒေသတွင်း စိတ်ပါဝင်စားသူများပါဝင်သည့် စား၊ သုံး၊ နေထိုင်မှုဆိုင်ရာ ကျန်းမာရေးအသိပညာပေးအဖွဲ့ကဲ့သို့သော အဖွဲ့များဖွဲ့စည်း၍ ပြည်သူလူ ထုအတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာများ ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းသည်။

 

ယင်းနောက် ဂွမဲဆန္ဒနယ်မှ ဦးမြင့်ဝေက အဆိုအား ထောက်ခံ ဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့်  လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

           

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

           

ယင်းနောက် ဥပဒေကြမ်းကော်မတီဝင် ဦးဝေလှိုင်ထွန်းက  အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော စက်မှုဇုန်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအနက် ပြည်သူ့လွှတ်တော်မှ သဘောတူသင့်သည့်  ပြင်ဆင် ချက် ၁၄ ချက်နှင့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင် အတည်ပြုချက်အတိုင်း ထားရှိမည့် ပြင်ဆင်ချက်  ၁၉ ချက် တို့ကို တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန် မြတ်က  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သဘောထားရယူ၍ လွှတ်တော် ၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

           

ဆက်လက်၍ ဥပဒေကြမ်းကော်မတီဝင် ဦးအောင်စိန်က အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိသော အချက် ၁၉ ချက်နှင့်စပ် လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်း အဆိုတင်သွင်းသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အချက် ၁၉ ချက်နှင့်စပ်လျဉ်း ၍ သဘော ကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။    

           

ဆက်လက်၍  အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော  မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင်  ဒေါက်တာဝေဖြိုးအောင်က အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် ပြည်သူ့လွှတ်တော်မှ သဘောတူသင့်သည့် ပြင်ဆင်ချက် ၁ ချက်၊ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ထပ်မံ ပြင်ဆင်ချက် ၆ ချက်နှင့် အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်မှ ယခင် အတည်ပြုချက်အတိုင်း သဘောတူသည့် ပြင်ဆင်ချက် ၃ ချက် တို့ကိုတင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သဘောထား ရယူ၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ထို့နောက် ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေးက အဆိုပါဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိသော အချက် ၉ ချက်နှင့်စပ်လျဉ်း၍   ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်း အဆိုတင်သွင်း သည်။

           

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အချက် ၉ ချက်နှင့်စပ်လျဉ်း၍ သဘောကွဲ လွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

           

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော  အမှုတွဲ မိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများနှင့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော် နှစ်ရပ်လုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

           

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက် မြောက်နေ့ ကျင်းပမည့်ရက်နှင့် အချိန်ကို ထပ်မံကြေညာ ဖြစ်ကြောင်း သိရသည်။

           

အေးအေးသန့်(သတင်းစဉ်)