ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၁၄  မတ် 

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

11

 

အစည်းအဝေး၌ မန္တလေးမြို့တွင် ပုဂ္ဂလိကကုမ္ပဏီများက ပြုလုပ်နေသည့် ကျောက်စိမ်းအရိုင်းပြပွဲများ၏ အခွန်ငွေပေးဆောင်မှုအခြေအနေ တိုင်ကြားစာနှင့်စပ် လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထား မှတ်ချက် အစီရင်ခံစာ အမှတ်စဉ်(၅/၂၀၁၉)အပါအဝင် လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ 

ထိုသို့ ဖြေကြားရာတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော ပုဂ္ဂလိက ကုမ္ပဏီများ၏ ကျောက်စိမ်း အရိုင်းရောင်းချပွဲများ ကျင်းပမှု၊ တင်ပြကျောက်အတွဲ၊ ရောင်းချရသောကျောက် အတွဲ၊  ရောင်းရသည့် တန်ဖိုးငွေများ၊ အမှန်တကယ်ငွေပေးချေသည့် ကျောက်အတွဲ တန်ဖိုးငွေစာရင်းများ၊ အခွန်ပေးဆောင်မှု အခြေအနေများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနအပါအဝင် ဆက်စပ်ဌာနများနှင့် အဖွဲ့ ဖွဲ့စည်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများ၏ ကျောက်စိမ်းရိုင်းရောင်းချ ပွဲများသည် ဥပဒေနှင့်အညီ ရောင်းချခြင်း ရှိ၊ မရှိ၊ အမှန်ကတယ် ရောင်းရငွေအား ဖော်ပြထားမှု ရှိ၊ မရှိ၊ သတ်မှတ်အခွန်အခများ ပေးဆောင်ခဲ့ခြင်း ရှိ၊ မရှိ၊ အဂတိ လိုက်စားမှု ရှိ၊ မရှိတို့ကို အဖွဲ့၏စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်၍ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများ၏ ကျောက်စိမ်းအရိုင်းရောင်ချပွဲများ ကို မြန်မာ့ကျောက်မျက်ရတနာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကြိမ်ရေ အကန့် အသတ်ဖြင့်သာ ဆောင်ရွက်စေရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်သော ရောင်းချပွဲကြီးကြပ်ရေးကော်မတီများဖွဲ့စည်းပြီး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားစေ မည်ဖြစ်ပါကြောင်းနှင့် လက်ရှိရေးဆွဲနေဆဲ မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ တွင်လည်း ထည့်သွင်းရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖြေကြားသည်။

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ကုမ္ပဏီများအနေဖြင့် မိမိတို့၏ရောင်းရငွေ ဝင်ငွေအမှန်များကို ထိန်ချန်ခြင်း မပြုစေရန် သတ်မှတ်ကာလအတွင်း အပြည့်အဝဖော်ထုတ်ရေး အကြောင်းကြားစာ ထုတ်ဆင့်ခြင်းကိုဆောင်ရွက်ကြရန် သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံးများကို ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါကုမ္ပဏီများအနေဖြင့် ဆောင်ရွက်ခဲ့သည့် ကျောက်မျက် ပြပွဲများအပြင် အခြားလုပ်ငန်းများမှ ဝင်ငွေများ၊ ကျန်ကာလများတွင် ကျောက်မျက် ရောင်းချရရှိခဲ့သည့် ဝင်ငွေများရှိပါက အခွန်အပြည့်အဝ ရရှိစေရန် တည်ဆဲအခွန် ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စည်းကြပ်ကောက်ခံသွား မည်ဖြစ်ပါကြောင်း။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်တို့နှင့် ပူးပေါင်း၍ ဖော်ထုတ်သွားမည်ဖြစ်ပါကြောင်း၊ အခွန်တိမ်း ရှောင်ကြောင်း စိစစ်တွေ့ရှိရပါက တည်ဆဲအခွန်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်များနှင့် အညီ ဒဏ်ငွေတိုက်ရိုက်ပေးဆောင်စေခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ ကို အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပေါ့လျော့စွာ ဆောင်ရွက်သည့် ဝန်ထမ်းကို နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ပါကြောင်း၊ 

နောင်တွင် ပုဂ္ဂလိကကုမ္ပဏီများအား ကျောက်မျက်ရတနာ ပြပွဲများ ကျင်းပခွင့်ပြုပါက ပွင့်လင်းမြင်သာမှုရှိစေရန်၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝရရှိစေရန် ပြည်တွင်းပုဂ္ဂလိက ကျောက်မျက် ရတနာပြပွဲများ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်သင့်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

မန္တလေးမြို့တွင် ပုဂ္ဂလိကကုမ္ပဏီများက ပြုလုပ်နေသည့် ကျောက်စိမ်းအရိုင်း ပြပွဲများ၏ အခွန်ငွေပေးဆောင်မှုအခြေအနေ တိုင်ကြားစာနှင့်စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ်(၅/၂၀၁၉)ကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ဆုံးဖြတ်သည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ် (၁၅)ဦးတို့က ဆွေးနွေးကြသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်က ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ပ) ၌ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိသော ကိစ္စရပ်များ ပေါ်ပေါက်လာလျှင် သော်လည်းကောင်း၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်ရာတွင် အခက်အခဲတစ်ရပ်နှင့် ကြုံတွေ့ရလျှင် သော်လည်းကောင်း ယင်းအခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက်ခြင်း၊ ပြဋ္ဌာန်းချက်ပါအတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ဥပဒေနှင့်အညီ ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံး ကို တိုင်းရင်းများလိုလားတောင်းတနေသည့် ဖက်ဒရယ်စနစ်နှင့် သဟဇာတဖြစ်အောင် အလေးအနက် စဉ်းစားဆင်ခြင်ပြီး ဘက်စုံထောင့်စုံကနေ လိုအပ်သလို ပြင်ဆင်ရန် ကြိုးစားဆောင်ရွက်မှသာ တိုင်းပြည်ရေရှည်တည်ငြိမ် အေးချမ်းရေးအတွက် အကျိုး ပြုနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များကနေ ဒေသဆိုင်ရာအစိုးရများ၏ ဝန်ကြီးချုပ်များ ရွေးချယ် နိုင်ရေးကိုသာ ရည်ရွယ်ပြီး ပြင်ဆင်လိုက်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ထားသည့် သမ္မတသည် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို ရွေးချယ်ခွင့်ဆုံးရှုံးသွားမည်ဖြစ်ပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မူလ ရရှိပြီးသည့် ဒုတိယသမ္မတတစ်ဦး၊ ပြည်ထောင်စုဝန်ကြီး ၃ ဦး ခန့်အပ်ရန် အဆိုပြုခွင့်အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များခန့်အပ်ရေးတွင် ဝင်ရောက် အဆိုပြုခွင့်ရရှိမည်ဖြစ်သည့်အတွက် ဖက်ဒရယ်မူ၊ ဒီမိုကရေစီ အနှစ် သာရနှင့် ပို၍ဝေးရာကို ဆုတ်ခွာသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုပါက ဆက်နွယ်နေသည့် ပုဒ်မများကိုပါ ထည့်သွင်းစိစစ်ရန် လိုအပ်ပါ ကြောင်း ဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသန်းဝင်းက လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း တင်သွင်းထားသော ပုဒ်မ ၂၆၁ နှင့်ပုဒ်မခွဲများအား တင်ပြထားသည့် ပြင်ဆင်ချက်များပါအတိုင်း ပြင်ဆင်နိုင်မည်ဆိုပါက ၂၁ရာစုပင်လုံ ညီလာခံမှ အတည်ပြုပြီးဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)တွင် ပါရှိသော အရေးကြီးဆုံးအချက်ဖြစ်သည့် “နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ်ဖွဲ့စည်းရမည်”ဟူသော အချက် အား တိုက်ရိုက်ကူညီအားပေးရာရောက်ခြင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်ဟူသည့် အခြေခံမူအား ပီပြင်စွာ အကောင်အထည်ဖော်ပေးခြင်း၊ ယနေ့ပြည်သူများ လိုလား တောင်းဆိုနေကြသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအား လက်တွေ့ပြင်ဆင် ရာရောက်ခြင်း၊ တိုင်းရင်းသားများအတွက် ယနေ့ဒီမိုကရေစီအစိုးရလက်ထက်တွင် အားလုံးတန်းတူညီမျှရေး ဆောင်ရွက်ပေးသည့်ပုံရိပ်ကို လက်တွေ့ သက်သေပြနိုင် မည်ဖြစ်သည့်အတွက် ပုဒ်မ ၂၆၁ ကို ပြင်ဆင်ကာ ဒီမိုကရေစီ၏တန်ဖိုးများကို ပိုမိုတိုးမြှင့် ရယူနိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်း စဉ်များတွင် ထည့်သွင်းဆောင်ရွက်မသင့်ဘဲ ဥပဒေနှင့်အညီသာ ဆက်လက်ဆောင် ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်းက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများအခန်း ၁၈ နည်းဥပဒေအပိုဒ် ၁၃၃ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင်လိုကြောင်းအဆိုကို ဥပဒေမူကြမ်းအဖြစ် ရေးသားပြီး လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၏ ၂၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ နာယကထံ တင်ပြလာပါက လွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ဆိုထားသည့်အတွက် လွှတ်တော်က ဆွေးနွေးမှု ပြုပေး ရမည်ဖြစ်ပါကြောင်း၊ ပုဒ်မတစ်ခုတည်းဖြစ်သည့်အတွက်၊ ကော်မတီတစ်ရပ်ရပ်က လေ့လာသုံးသပ်နိုင်မည့် အခြေအနေရှိသည့်အတွက်ဆိုသည့် ကန့်သတ်ချက်မျိုး ဥပဒေနှင့် နည်းဥပဒေများတွင် မပါရှိသည်ကို တွေ့ရပါကြောင်း၊ ၂၀ ရာခိုင်နှုန်း ကျော်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေအတိုင်း ဆောင်ရွက် ပိုင်ခွင့် အခွင့်အရေးကို ပိတ်ပင်တားဆီးလိုက်သကဲ့သို့ မဖြစ်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်က ဦးသိန်းထွန်း အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက  လက်မှတ်ရေးထိုးတင်ပြလာသည့် ဥပဒေပြင်ဆင်ချက်(မူကြမ်း)ကို လေ့လာကြည့်ပါ က ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲငယ်(၁၊၂)၊ ပုဒ်မခွဲ(ဂ)၊ (ဃ)၊ (င) တို့ကို ပြင်ဆင်ရန် တင်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ယခုလို ပြင်ဆင်ခြင်းသည် ဗဟို ချုပ်ကိုင်မှု လျော့နည်းအောင် Decentralization ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယင်းမှာ တိုင်းရင်းသားများ လိုလားနေသည့် ဖက်ဒရယ်၏ သဘောသဘာဝဖြစ်ပါကြောင်း၊ ဖက်ဒရယ်၏ သဘောသဘာဝအရ တိုင်းဒေသကြီးနှင့်ပြည်နယ်များအား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအာဏာကို တတ်နိုင်သမျှ ထိထိရောက်ရောက် ဖြန့်ခွဲပေးနိုင်ခြင်းဖြစ် ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဆုံးဖြတ်ပိုင်ခွင့်ကို ပိုမို ရရှိ အောင်ပြုလုပ်နိုင်ခြင်းသည် တိုင်းရင်းသားများ၏ လိုလားချက်ကို တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော်ပေးခြင်းဖြစ်ပြီး နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ငြိမ်းချမ်းရေး ရလဒ်ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ဥပဒေပုဒ်မပြင်ဆင်သည့် လုပ်ငန်းစဉ်ကိုလည်း ၄၅ ဦးကော်မတီတွင် ထည့်သွင်းဆောင် ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့် ကိုက်ညီခြင်းမရှိသည့်အပြင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃၊ ၁၃၆ တို့နှင့်လည်း ညီညွတ်ခြင်းမရှိသည့်အတွက် ကော်မတီ၏အစီရင်ခံစာကို ကန့်ကွက်ပါကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ အရသာ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးချစ်ထွေးက ပြင်ဆင်ရန် တင်သွင်းခဲ့သည့် ဥပဒေမူကြမ်းသည် ၂၆၁ တစ်ခုတည်းဖြစ်သည့်အတွက် ၎င်းပုဒ်မ နှင့်ဆက်နွယ်နေသည့် ပုဒ်မများကိုပါ ထည့်သွင်းစိစစ်ရန် လိုအပ်ကြောင်း ပူးပေါင်း ကော်မတီဝင်အများစုက ထောက်ပြဆွေးနွေးခဲ့သည်ကို တွေ့ရှိရသည့်အတွက် ကြိုဆို လက်ခံပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်းသည် ပုဒ်မ ၂၆၁ တစ်ခုတည်းသာ သီးခြားပြင်ဆင်ရန် တင်ပြလာခြင်းဖြစ်ပါ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကပင်မ ရေသောက် မြစ်ဖြစ်သည့်အတွက် နိဒါန်းမှစ၍ နောက်ဆက်တွဲ ဇယားမျာအထိ ပြဋ္ဌာန်းချက်များ သည် တစ်ခုနှင့်တစ်ခု အစီအစဉ်တကျ တွဲဖက်ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကအတည်ပြု ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈) ပြင်ဆင်ရေးပူးပေါင်း ကော်မတီ (၄၅)ဦး၏ လုပ်ငန်းစဉ်များတွင် တစ်ပါတည်းထည့်သွင်းဆောင်ရွက်သင့် ကြောင်း ဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ထွန်းမြတ်ရွေွှ က လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ဥပဒေနှင့်အညီ လက်မှတ်ရေးထိုး တင်သွင်းထားသည့် ဥပဒေမူကြမ်းကို လေ့လာကြည့်ပါက ရည်ရွယ်ချက်၊ အကျိုး အကြောင်းဖော်ပြချက်နှင့် အစားထိုးပြင်ဆင်လိုသည့် ပုဒ်မပါ ပြဋ္ဌာန်းချက်များသည် လက်ရှိအခြေနှင့် ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဥပဒေမူကြမ်းပါ အစားထိုး ပြင်ဆင်လိုသည့် ဥပဒေပုဒ်မသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)၊ အုပ်ချုပ်ရေး ခေါင်းစဉ်အောက်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ် တာဝန်ပေးအပ်ခြင်း၊ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(ခ)၊ (ဂ)၊ (ဃ)၊ (င) ကို အစားထိုး ပြင်ဆင် ရန်ဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း ဆွေးနွေးသည်။

ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရန်မူကြမ်းကို ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီသို့ တစ်ပါ တည်း ထည့်သွင်းဆောင်ရွက်စေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ နှင့်ကိုက်ညီမှုမရှိဘဲ ကွဲလွဲ ဆန့်ကျင်နေပါကြောင်း၊ (၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ သည် တိုင်း ဒေသကြီး/ပြည်နယ်များ၏ အခွင့်အရေးများကို ဦးစားပေးဆောင်ရွက်ရန် ဝန်ကြီးချုပ် ခန့်အပ်ခြင်းနှင့်သက်ဆိုင်သည့် ပုဒ်မဖြစ်သဖြင့် ပြင်ဆင်ရန် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးက တိုင်းရင်းသားမျှော်လင့်နေသည့် ပုဒ်မတစ်ခုဖြစ်ပါကြောင်း ဆွေးနွေးသည်။

ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်အတွင်း တွင်ရှိသည့် ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များ အချိုးကျပါဝင်ပြီး ၄၅ ဦးဖြင့်  ပူးပေါင်းကော်မတီကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပုဒ်မ ၂၆၁ ကို ပယ်ဖျက်ပေးရန်၊ ၂၆၁ နှင့်ပတ်သက်ပြီး ပြင်ဆင်မှုကို လက်မခံရန် ဆွေးနွေးနေကြခြင်းမဟုတ်ပါကြောင်း၊ ပြင်ဆင်မှုကို တစ်ပိုင်းတည်းနှင့်ပြီးသွားအောင် မည်သို့လုပ်ကြမည်ဆိုသည့်ကို နည်း ကောင်းလမ်းကောင်းများ ရှာဖွေပြီး တင်ပြနေခြင်းဖြစ်ပါကြောင်း၊ ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့သည် နိဒါန်းကစပြီး နောက်ဆက်တွဲ ပုဒ်မများအထိ ပြင်ဆင်မည်ဖြစ် ပါကြောင်း၊ ဒီမိုကရေစီနှင့်မကိုက်ညီသည့် ပုဒ်မများ၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် မကိုက်ညီသည့် ပုဒ်မများ အားလုံးကို ပြင်ပြီး ရှေ့နှင့်နောက် ညှိ၍ ပြင်ဆင်မည်ဖြစ် သည့်အတွက် အလွန်သင့်မြတ်သည့် ကိစ္စဖြစ်ပါကြောင်း ဆွေးနွေးသည်။

ထို့ပြင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ခင်မောင်သန့်၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဟန်၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန့်ဇင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးအောင်မျိုးလတ်နှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်တို့ က ဆွေးနွေးကြသည်။

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ဆွေးနွေးခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။  

ကျော်သူထက်၊ လူမော်