ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပျက်စီးဆုံးရှုံးသည့်နေရာများအား ကြည့်ရှုစစ်ဆေး

ကျောက်ဖြူ မေ ၂၀

 

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ဗိုလ်မှူးချုပ် ဇော်မင်းအေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့်ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလာပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တွေ့ဆုံကာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသည့် နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ဗိုလ်မှူးချုပ် ဇော်မင်းအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ မုန်တိုင်းဒဏ်ကြောင့် ခေါင်မိုးနှင့် မျက်နှာကျက် ပျက်စီးသွားသည့် သဇင်ဆောင်အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး မှာကြားကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က သဘာဝဘေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေးကျရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြဆွေးနွေးသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးက ကျောက်ဖြူမြို့နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အ‌ရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်ထားရှိသည့်အတွက် ပျက်စီးဆုံးရှုံးမှုနည်းပါးပြီး ပြည်သူများ ထိခိုက်မှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်သည့်အခါတွင်လည်း ဒေသခံပြည်သူများ၊ သက်ဆိုင်ရာဌာနများမှ ပူးပေါင်းကူညီ ဆောင်ရွက်ရန်လိုပါကြောင်း ရှင်းလင်းပြောကြားသည်။ 

 

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်တစ်လုံး IDP အိမ်ရာစခန်းသို့ သွားရောက်၍ စခန်းကြီးကြပ်ရေးကော်မတီအဖွဲ့ တာဝန်ရှိသူနှင့်တွေ့ဆုံပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်မည့် အစီအမံများအား ပြောကြားကာ ကျောက်တစ်လုံး IDP အိမ်ရာစခန်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

တင်ထွန်းဦး(ပြန်/ဆက်)