ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ကျောင်းများနှင့် ပျက်စီးဆုံးရှုံးသည့်နေရာများအား ကြည့်ရှုစစ်ဆေး

ကျောက်ဖြူ မေ ၂၀

 

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများနှင့် ပျက်စီးဆုံးရှုံးသည့် နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ခေါင်မိုးလန်ပျက်စီးခဲ့သည့် ဂိုဒေါင်အဆောက်အဦနှင့် အိမ်သာသွားလျှောက်လမ်းခေါင်မိုး ပြန်လည်ပြုပြင်နေမှုအားလည်းကောင်း၊  ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ သဇင်ဆောင်အဆောက်အဦ ခေါင်မိုးနှင့် မျက်နှာကျက် ပျက်စီးမှု ပြန်လည်ပြုပြင် တည်ဆောက်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ကျောင်းမဖွင့်မီ အချိန်အမီပြီးစီးနိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်နှင့်အညီ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးတို့ကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲသို့ ရောက်ရှိ၍ သဘာဝဘေးဒဏ်သင့်ခဲ့သည့် အရာရှိ၊ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ရဲမှူးကြီး မျိုးဝဏ္ဏက သဘာဝဘေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေးကျရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြဆွေးနွေးမှုအပေါ် ဒုတိယဗိုလ်ချုပ်ကြီးက လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးကာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဝန်ထမ်းလိုင်းခန်းများ၊ အဆောက်အဦများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်၍ ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေ ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် အမိုးလန်ပျက်စီးနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြန်လည်တည်ဆောက်‌‌ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နှိုင်ရေး လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် ဂုံးချွိန်ကျေးရွာအုပ်စုရှိ တန်ခိုးကြီး ပေါ်တော်မူ ကံ့ကော်တောဘုရားအား သွားရောက်ဖူးမြော်ကန်တော့ကာ ဘုရားဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။

 

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည်  အမှတ်(၃၄)ခြေလျင်တပ်ရင်းသို့ ရောက်ရှိ၍ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တွေ့ဆုံရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ မြန်ဆန်စွာဆောင်ရွက်နိုင်ရန်၊ ပျက်စီးမှုစာရင်းဇယားများအား မြန်ဆန်မှန်ကန်စွာ ကောက်ယူနိုင်ရန်နှင့် ခရိုင်/မြို့နယ်အလိုက် စနစ်တကျမှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ လိုအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျစီမံခန့်ခွဲ၍ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးရာ ဒုတိယဗိုလ်ချုပ်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်းဦး(ပြန်/ဆက်)