ဒုတိယကမ္ဘာစစ်အတွင်း ဆုံးရှုံးမှုတွေကို ယခုအချိန်ထိ တွက်ချက်နေဆဲဖြစ်သည့် ပိုလန်

ခြူးစန္ဒီနွေး

ခုသီတင်းပတ်အကုန်မှာ ပြုလုပ်မယ့် ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားခြင်း နှစ် ၈၀ မြောက် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေဟာ ပိုလန်နိုင်ငံ ဝါဆောမြို့ကို သွားရောက်ဖို့ ပြင်ဆင်ကြပါတယ်။ ပိုလန်နိုင်ငံဆိုတာကလည်း ဒုတိယကမ္ဘာစစ်ပွဲတုန်းက ဆုံးရှုံးနစ်နာမှုများခဲ့ရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်း ပိုလန်နိုင်ငံရဲ့ ဆုံးရှုံးနစ်နာခဲ့ရမှုတွေအတွက် ဂျာမနီဆီကနေ လျော်ကြေးထပ်မံတောင်းခံဖို့ တွက်ချက်နေပါတယ်။

တရားမျှတမှုမရှိ

“ကျွန်တော်တို့ဟာ လူဦးရေ ခြောက်သန်းခန့် ဆုံးရှုံးခဲ့ရပါတယ်။ ဒီပမာဏဟာ စစ်လျော်ကြေးငွေတွေ အများကြီးရထားပြီးဖြစ်တဲ့ နိုင်ငံတွေနဲ့ယှဉ်ရင်တောင် ပိုများတဲ့ ပမာဏပါ။ ဒီတော့ တရားမျှတမှုဆိုတာ မရှိပါဘူး”လို့ ပိုလန်ဝန်ကြီးချုပ် ဖာတေယူချ် မော်ရာဝီစကီက ဂျာမနီမီဒီယာနဲ့ အင်တာဗျူးဖြေကြားတဲ့အခါ အခုလိုပဲ ပြောပြခဲ့ပါတယ်။ ပိုလန်ပါလီမန်ကော်မတီကတော့ လျော်ကြေးပမာဏကို ဆုံးဖြတ်တုန်းပါပဲ။ ဒါပေမယ့်လည်း ဒါဟာ ၁၉၄၇ ခုနှစ်တုန်းက ပိုလန်ကွန်မြူနစ်တွေ တွက်ချက်ခဲ့တဲ့ ပမာဏထက်တော့ ပိုများမှာပါ။ အဲဒီတုန်းက ပိုလန်နိုင်ငံရဲ့ စစ်အတွင်းကာလ ဆုံးရှုံးနစ်နာမှုဟာ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ခန့်ရှိတယ်လို့ တွက်ချက်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲကာလမှာ ဂျာမနီတွေဟာ ပိုလန်ကျေးရွာတွေ အများကြီးကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ “ဂျာမနီတွေဖျက်ဆီးခဲ့တဲ့ ကျေးရွာအရေအတွက်ကို သေချာဆုံးဖြတ်သွားမှာပါ။ ဒါကိုကြည့်ပြီးတော့မှ ဘယ်လောက်အထိတောင်းဆိုရမယ် ဆိုတာကို သိမှာပါ” လို့ ပိုလန်ဝန်ကြီးချုပ်က ပြောပါတယ်။

စတင်ဖြစ်ပွား

၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်မှာတော့ ဂျာမနီဟာ ဝီလန်လို့ခေါ်တဲ့ ပိုလန်မြို့လေးကို ဗုံးကြဲခဲ့ပါတယ်။ အဲဒီမြို့လေးဟာ စစ်ရေးအရ ဘာမှထင်ရှားတာ မရှိပါဘူး။ ဒါကြောင့် အရပ်သားတွေကိုရည်ရွယ်ပြီး အကြမ်းဖက်ခဲ့တာပဲဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ အဲဒီလိုဗုံးကြဲတိုက်ခိုက်မှုကြောင့် လူတွေရာနဲ့ချီပြီး သေဆုံးကုန်တယ်။ အဆောက်အအုံတွေ မွမွကြေကုန်တယ်။ ပြီးတော့ ကျန်ရစ်ခဲ့တဲ့ လူတွေလည်း ထွက်ပြေးကြရတယ်။ ပိုလန်ဘက်ကလည်း တပ်မ ၄၅ ခုနဲ့ ပြန်လည် ခုခံခဲ့ပြီး လေကြောင်းကနေလည်း တိုက်ခိုက်ခဲ့ပါတယ်။ ဂျာမနီဘက်က ကျူးကျော်ပြီး နှစ်ရက်အကြာမှာတော့ ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ ဂျာမနီကို စစ်ကြေညာခဲ့ပါတယ်။

ပိုလန်နိုင်ငံ၏ ဆုံးရှုံးနစ်နာမှု

၁၉၃၉ ခုနှစ်မှာ ပိုလန်ကို ဂျာမနီတွေ ဗုံးကြဲခဲ့တဲ့ပျက်စီးဆုံးရှုံးမှုနဲ့ ၁၉၄၅ ခုနှစ် မှာ ဂျာမနီနိုင်ငံ ဒရက်စ်ဒန်ကို ဗြိတိန်တို့ ဗုံးကြဲခဲ့လို့ ဖြစ်ပေါ်လာရတဲ့ဆုံးရှုံးမှုချင်းဟာ အတူတူပါပဲ။ လူဦးရေ ၂၅၀ဝ၀ အထိ သေဆုံးခဲ့ရပါတယ်။ ပိုလန်ကို ဂျာမနီတို့က ကျူးကျော်ခဲ့တာဟာ ရက်စက်မှုတွေရဲ့ ရှေ့ပြေးနိမိတ်ပါပဲ။ ဂျာမနီတွေဟာ ပိုလန်လူမျိုး သန်းနဲ့ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ ခန့်မှန်းမှုတွေအရ စစ်အတွင်း ပိုလန်နိုင်ငံသား ၅ သန်းခန့် အသတ်ခံရပါတယ်။ ဒါဟာ လူဦးရေစုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။ အဲဒီထဲမှာ ပိုလန်ဂျူး ၃ သန်းခန့်ဟာလည်း ဂျာမနီတို့ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ၁၉၄၄ ခုနှစ်မှာ ပိုလန်မြေအောက်အဖွဲ့အစည်းဖြစ်တဲ့ ပြည်တွင်းတပ်ဖွဲ့ဟာ ဝါဆောမြို့ကိုသိမ်းပိုက်ထားတဲ့ ဂျာမနီတွေကို ဆန့်ကျင်ခဲ့ပါတယ်။ အဲဒီအုံကြွမှု မအောင်မြင်ဖြစ်ပြီးတဲ့နောက် ပိုလန်လူမျိုးတွေ အမြောက်အမြား အသတ်ခံရပါတယ်။ ပိုလန်မြို့တော်ကို ဖျက်ဆီးပစ်ဖို့လည်း ဟစ်တလာက အမိန့်ပေးခဲ့ပါတယ်။ အဲဒီ လှုပ်ရှားမှုမအောင်မြင်လို့ အသတ်ခံရတဲ့ ပိုလန်နိုင်ငံသားအရေအတွက်ဟာ ဂျပန်နိုင်ငံ က ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တို့မှာ အဏုမြူဗုံးကျလို့သေတဲ့ ပမာဏထက် ပိုများပါတယ်။

လျော်ကြေးက နည်းပါးလွန်း

ဝါဆောမြို့ကနေ ဂျာမနီတွေကို ဆိုဗီယက်ပြည်ထောင်စု တပ်နီတွေက ဖယ်ရှား ခဲ့ပြီးတဲ့နောက်မှာတော့ စတာလင်ဟာ ပိုလန် ကွန်မြူနစ်တွေကို မျက်နှာသာပေးခဲ့ပါတယ်။ ၁၉၈၉ မတိုင်ခင်အထိ ကွန်မြူနစ်တွေ နေရာရခဲ့ပါတယ်။ ချာချီ၊ ရုစဗဲ့နဲ့ စတာလင်တို့ဟာ ဂျာမနီကနေ ပိုလန်ကိုလျော်ကြေးပေးမှုဟာ ဆိုဗီယက်ကနေတစ်ဆင့် ဖြစ်သင့်တယ်လို့ သဘောတူခဲ့ကြပါတယ်။ လက်ရှိ ပိုလန်အာဏာရပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ အာကေးဒီးရပ်စ်မူလာချစ်ခ်ကတော့ ပါလီမန် ကော်မတီဟာ စစ်ပြီးဆုံးပြီးတဲ့နောက် ပိုလန်နိုင်ငံကိုပေးရမယ့် စစ်လျော်ကြေးကို ခန့်မှန်းတွက်ချက်မှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့ ရရှိခဲ့တဲ့ စစ်လျော်ကြေးငွေဟာ ပမာဏအလွန်နည်းလွန်းပါတယ်။ ဒါဟာ လုံလောက်မှု မရှိပါဘူး”လို့ သူက ဆက်ပြောပါတယ်။ အခုအချိန်အထိ လျော်ကြေးအဖြစ် ၁ ယူရိုတောင် မရသေးတဲ့ ပိုလန်တွေအများကြီးပါပဲ။ သူတို့ဟာ ဒီကိစ္စအတွက် အတော်လေး စိတ်မကောင်းဖြစ်ရပါတယ်လို့ ပြောပါတယ်။ ဂျူးတွေကျတော့ လျော်ကြေးရပြီး ပိုလန်တွေကျတော့ မရတဲ့အတွက်လည်း ဒေါသထွက်ရတယ်လို့ သူက ဆက်ပြောပါတယ်။

ပါလီမန်မှာတင်ပြမယ်

၂၀၁၈ ခုနှစ်အတွင်းက ကောက်ယူခဲ့တဲ့ ဂျာမနီ-ပိုလန် သဘောထားစစ်တမ်းမှာ တော့ ၄၆ ရာခိုင်နှုန်းသော ပိုလန်တွေဟာ စစ်လျော်ကြေးတောင်းခံမှုအတွက် ထောက်ခံကြပြီး ၇၆ ရာခိုင်နှုန်းသော ဂျာမနီတွေကတော့ ဒီအဆိုကို ကန့်ကွက်ကြပါတယ်။ မစ္စတာအာကေးဒီးရပ်စ်ကတော့ သူတို့ရဲ့ ကော်မရှင်ဟာ စစ်လျော်ကြေး ကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလအတွင်းမှာ ပြုလုပ်မယ့် ပိုလန်ပါလီမန်မှာ တင်ပြသွားမယ်လို့ ပြောပါတယ်။ နောက်ထပ်ခြေလှမ်းအနေနဲ့ကတော့ ဒီကိစ္စကို ဂျာမနီနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။

ဂျာမနီဘက်ကသဘောထား

ပိုလန်တွေဟာ အခုအချိန်အထိ လျော်ကြေးကိစ္စကို ဂျာမနီနဲ့ အတိအလင်း မပြောရသေးပါဘူး။ ဂျာမနီတွေကတော့ စစ်လျော်ကြေးပေးတဲ့ကိစ္စဟာ တရားဝင် အဆုံးသတ်သွားပြီပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာဆိုဗီယက် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတနိုင်ငံနဲ့ အရှေ့ဂျာမနီတို့အကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒါကတော့ ၁၉၅၄ ခုနှစ်ရောက်ရင် စစ်လျော်ကြေး ပေးရတဲ့ကိစ္စကို အဆုံးသတ်မယ်ဆိုတဲ့ သဘောတူညီချက်ပါပဲ။ ဒါပေမယ့် မစ္စတာ အာကေးဒီးရပ်စ်ကတော့ ဒီသဘောတူညီချက်ဟာ ခိုင်မာမှုမရှိဘူးလို့ ပြောပါတယ်။ ဘာလို့လဲဆိုရင် အဲဒီတုန်းက ပိုလန်ဟာ လွတ်လပ်တဲ့နိုင်ငံတစ်ခု မဟုတ်သေးပါဘူး။ ပြီးတော့ အဲဒီတုန်းက ဝန်ကြီးချုပ်ကလည်း ဘိုလက်စလောဘီရွတ်ဖြစ်ပြီး ဆိုဗီယက် အေးဂျင့်တစ်ယောက်ပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ ဒီကိစ္စအတွက် အစိုးရ အထောက်အထားတွေလည်း မရှိဘူး။ ဒါကြောင့် ပိုလန်ဟာ လျော်ကြေး တောင်းပိုင်ခွင့်ရှိသေးတယ်လို့ သူက ဆက်ပြောပါတယ်။

ကစားကွက်လေလား

ပိုလန်-ဂျာမနီဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာ အန်နီရာရှက်ကက်လာဒါကတော့ ပိုလန်ဟာ စစ်လျော်ကြေးကိစ္စအတွက် ဂျာမနီနဲ့ တကယ်ပဲ ပြောဆိုဆွေးနွေးကြမှာလားဆိုတာ သံသယဖြစ်မိတယ်လို့ ပြောပါတယ်။ ပိုလန်ဟာ စစ်လျော်ကြေးအတွက် တောင်းပိုင်ခွင့်ရှိတယ်ဆိုတာ ဂျာမနီက အသိအမှတ် ပြုထားပေးပြီးသားပါ။ ဒါပေမယ့် ဒါဟာအစိုးရက မဲလိုချင်လို့ ပြည်တွင်းမှာ ကစားတဲ့ ကစားကွက်တစ်ခုလားဆိုတာကိုလည်း သတိထားဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

ဆုံးရှုံးမှုတွေတွက်ချက်ဆဲ

စစ်လျော်ကြေးအတွက် ဆွေးနွေးတာဟာ အားလုံးအတွက် အရေးပါတဲ့ကိစ္စတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ သတင်းသမားတွေဟာ ဒုတိယကမ္ဘာစစ်အကြောင်း ရေးကြတဲ့အခါ ဘယ်သူက ကျူးလွန်သူလဲ၊ ဘယ်သူက ခံရသူလဲဆိုတဲ့ အချက်အလက်တွေ မှန်ကန်ဖို့ အရေးကြီးပါတယ်လို့ ဒေါက်တာအန်နီရာရှက်ကက်လာဒါက ပြောပါတယ်။ နှစ်ကာလတွေ ကြာရှည်ခဲ့ပြီဖြစ်ပေမယ့် ပိုလန်ကတော့ ဒုတိယကမ္ဘာစစ်အတွင်း က ဆုံးရှုံးမှုတွေကို တွက်ချက်နေဆဲပါပဲ။ ။

ကိုးကား - ဘီဘီစီ