ဒုတိယမြို့တော်ဝန် ဦးမောင်မောင် နေပြည်တော် အာဟာရသုခဈေးရှိ Steel Structure ဈေးရုံ (၂)ရုံ ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် ၁၆

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးရှိ ညောင်ပင်ကွင်းပျံကျဈေးနေရာတွင် Steel Structure(၂၃၂'x ၁၆၀')နှင့် (၁၆၀'x ၈၆',၇၀') ဈေးရုံ(၂)ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ဒုတိယမြို့တော်ဝန်က အသစ်တည်ဆောက်လျှက်ရှိသည့် ဈေးရုံ အဆောက်အဦ(၂)လုံးသည် မကြာမီပြီးစီးတော့မည်ဖြစ်၍ ဈေးလုံခြုံရေးအတွက် ခြံစည်းရိုး ပြုပြင်မွမ်းမံရန်နှင့် ဈေးရုံရှေ့မျက်နှာစာကို ကွန်ကရစ်ပလက်ဖောင်းခင်းနိုင်ရေး စီစဉ် ဆောင်ရွက်ရန်၊ ဈေးရုံပတ်လည်ရှိ ရေမြောင်းများကို ရေစီးရေလာကောင်းမွန်စေရေးအတွက် စနစ်တကျတည်ဆောက်ရန်နှင့် ရေမြောင်းဖုံးများ တပ်ဆင်ဆောင်ရွက်ရန်၊ ဈေးရုံအဆောက် အဦမှာ အမိုးဧရိယာကြီးမားသဖြင့် အမိုးဒိုင်းမြားကို တောင့်တင်းခိုင်ခံ့မှုရှိစေရေး ဆောင်ရွက် ရန်နှင့် မိုးရေများစနစ်တကျစီးဆင်းနိုင်စေရေး ရေတံလျှောက်ကို ခိုင်ခံ့ကောင်းမွန်စွာတပ် ဆင်ရန် မှာကြားသည်။

အာဟာရသုခဈေးတွင် ယခုတည်ဆောက်နေသော ညောင်ပင်ကွင်းပျံကျဈေးနေရာ၌ Steel Structure ဈေးရုံ(၂)ရုံသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလခန့်အတွင်း ဆောက်လုပ် ပြီးစီးမည်ဖြစ်ပြီး အဆောက်အဦဆောက်လုပ်ပြီးစီးပါက ဈေးရောင်းချသူများနှင့် ဈေးဝယ်သူ များ အမိုးအကာလုံခြုံစွာဖြင့် အဆင်ပြေချောမွေ့စွာ ရောင်းဝယ်ဖောက်ကားနိုင်မည် ဖြစ် ကြောင်း သိရသည်။

(သတင်းစဉ်)