ဒုတိယသမ္မတ ဦးမြင့်ဆွေ ဒုတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

ဖနောင်ပင် ၁၀ ဇန်နဝါရီ  

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ မွန်းလွဲပိုင်းတွင် ဖနောင်ပင်မြို့ရှိ Peace Palace ၌ ကျင်းပသည့် ဒုတိယ အကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီခချန်း၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆမ် ၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သောင်လွန်း ဆီဆူလစ်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာရွတ်ချန် အိုချာ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု နှင့် ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

အစည်းအဝေး မစတင်မီ ဒုတိယသမ္မတနှင့် ဝန်ကြီးချုပ်များသည် Peace Palace အဆောက်အအုံ၌  ပြသထားသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အောင်မြင်မှု မှတ်တမ်းဓာတ်ပုံများ၊ စက်ပစ္စည်းများ၊ မဲခေါင်- လန်ချန်းဒေသများ၌ ဆောင်ရွက်မည့် ဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ ပုံစံငယ်များကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ဒုတိယသမ္မတသည် အစည်းအဝေးသို့ တက်ရောက်လာသည့် ဝန်ကြီးချုပ်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် ဒုတိယသမ္မတသည် ဒုတိယအကြိမ်မြောက် မဲခေါင် - လန်ချန်း နိုင်ငံခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆမ် နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီခချန်းတို့က အဖွင့်မိန့်ခွန်း ပြောကြားကြသည်။

ယင်းနောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးတက်မှုများအား သုံးသပ်ခြင်းနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့က ဆွေး နွေးကြသည်။

အစည်းအဝေး၌ ဒုတိယသမ္မက မိန့်ခွန်းပြောကြားရာတွင် ယခု ကျင်းပသည့် ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး နိုင်ငံခေါင်းဆောင်များ အစည်းအဝေး တွင် ပါဝင်တက်ရောက်ပြီး အဆွေတော်တို့နှင့် ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ခွင့် ရသည့်အတွက် ဂုဏ်ယူမိပါကြောင်း။

လွန်ခဲ့သည့် သုံးနှစ်ကာလက မြန်မာနိုင်ငံ နေပြည်တော်တွင် အစဆိုပြုခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်သည် ယခုဆိုလျှင် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ယန္တရား တစ်ခုအဖြစ်သို့ ဖြစ်ပေါ်တိုးတက်လာခဲ့ပြီ ဖြစ်ပါကြောင်း။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အတွင်းမှ ဆောင်ရွက်လျက်ရှိကြသည့် လုပ်ငန်းစဉ်များအားလုံး၏ အဓိက အနှစ်သာရမှာ ဒေသတွင်း လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို တိုးမြှင့် ထိန်းသိမ်းရေးပင် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ဆိုသည်မှာ မိမိတို့ ပြည်သူများ ငြိမ်းချမ်းစွာနေ ထိုင်ရေးနှင့် သာယာဝပြောရေးတို့အတွက် အဓိကကျသည့် အခြေခံများဖြစ်ပါကြောင်း။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ တမူထူးခြားသည့် ဝိသေသလက္ခဏာမှာ လက်တွေ့ကျခြင်း၊ ထိရောက်မှုရှိခြင်း၊ စီမံကိန်းများ အကောင်အထည်ဖော်မှုများကို အသားပေးသည့် လုပ်ငန်းစဉ်ဖြစ်ခြင်း၊ ထိရောက်မြန်ဆန်သည့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း။

မိမိတို့ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများတွင် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိရေးနှင့် မဲခေါင်ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရှိစေရေးတို့အတွက် တူညီသည့် ဘုံရည်မှန်းချက်များ ရှိကြပါကြောင်း။

မိမိတို့နိုင်ငံများ ကြုံတွေ့နေရသည့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် သမားရိုးကျ မဟုတ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်း နိုင်ရေးအတွက် မဲခေါင်နိုင်ငံများနှင့် နှစ်နိုင်ငံချင်း ဆက်ဆံရေး၊ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှု၊ အပြန်အလှန် ယုံကြည်နားလည်မှုများ ပိုမိုအားကောင်းလာအောင် မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာများစွာရှိသည့် မဲခေါင်ဒေသသည် အောင်မြင်ဖြစ်ထွန်းသည့် ဖွံ့ဖြိုးတိုးတက်ရေး ရပ်ဝန်း (Growth centre) တစ်ခုဖြစ်လာစေရန် ဒေသတွင်းတွင် ချော့မွေ့သည့် ပေါင်းစည်းဆက်နွယ်မှု အားကောင်းရန် လိုအပ်ပါကြောင်း။ 

အရည်အသွေး ပြည့်ဝသည့် အခြေခံ အဆောက်အအုံများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် ကောင်းမွန်သည့် အခြေခံများ၊ ထုတ်လုပ်မှု စွမ်းရည်တိုးတက်လာမှုများ၊ အင်စတီကျူးရှင်းများ အားကောင်းလာမှုများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာဖလှယ်မှုများသည် မဲခေါင်ဒေသကြီး၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိအဖြစ် လိုအပ်ချက်များ ဖြစ်ပါကြောင်း။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးသည် အာဆီယံ အသိုက်အဝန်း တည်ထောင်ခြင်း အပါအဝင် ဒေသတွင်းကြိုးပမ်း အားထုတ်မှုများကို ပိုမိုထိရောက်စွာ အားသစ်လောင်းပေးသည့် ယန္တရားတစ်ခု ဖြစ်ပါကြောင်း။
မဲခေါင်-လန်ချန်းအဖွဲ့ဝင်(၆)နိုင်ငံသည် ပထဝီအရရော ယဉ်ကျေးမှုအရပါ နီးကပ်စွာ ဆက်နွယ်လျက်ရှိပြီး အစိုးရချင်းသာမက ပြည်သူတွေ အချင်းချင်းကြားတွင်ပါ အိမ်နီးချင်းကောင်း ပီသမှုနှင့် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုတို့ ရှိကြပါကြောင်း။

ပြည်သူအချင်းချင်း ပိုမိုထိတွေ့ ဆက်ဆံမှုသည် ဒေသတွင်း ရည်မှန်းချက်တူပြီး သဟဇာတဖြစ်သည့် လူမှုအသိုင်းအဝန်းတစ်ခု တည်ထောင်ရာတွင် အင်မတန်အရေးပါသည့် အရာတစ်ခု ဖြစ်ပါကြောင်း၊ ထိုသို့ ထိတွေ့ဆက်ဆံမှုများကို အဖွဲ့ဝင်နိုင်ငံများ၏ ယဉ်ကျေးမှု၊ ပညာရေးနှင့် ပညာရှင် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန် ဖလှယ်ခြင်းတို့ဖြင့် တိုးမြှင့်သွားရန် လိုအပ်ပါကြောင်း။

ပူးပေါင်းဆောင်ရွက်ရေး ဦးစားပေး ကဏ္ဍများတွင် လုပ်ငန်းယန္တရားများ ထူထောင်ပြီး ပူးတွဲလုပ်ငန်းအဖွဲ့များ အောင်မြင်စွာ ဖွဲ့စည်းပြီးဖြစ်သည်ကို သိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ပူးတွဲလုပ်ငန်း အဖွဲ့များသည် ပူးပေါင်းဆောင်ရွက်ရေး တစ်ခုလုံးကို လက်တွေ့ကျကျ အကောင်အထည်ဖော်သည့် အဖွဲ့များ ဖြစ်ကြသည့်အတွက် အင်မတန်မှ အရေးပါ ပါကြောင်း။

မဲခေါင်-လန်ချန်း၏ မဟာဗျူဟာများသည် အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသား ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာများ၊ “Belt and Road Initiative” အပါအဝင် အာဆီယံကဲ့သို့ ဒေသတွင်း အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များနှင့် လိုက်လျောညီထွေမှုရှိရန် အရေးကြီးကြောင်းကို ထပ်လောင်း ပြောကြားလိုပါကြောင်း။

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည့် ပထမအသုတ် စီမံကိန်း (၁၃၂)ခုကို အပြီးသတ် ရွေးချယ် အတည်ပြုခဲ့သည့်အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါကြောင်း၊ အဲဒီစီမံကိန်းများထဲတွင် မြန်မာနိုင်ငံမှ အဆိုပြု တင်သွင်းသည့် စီမံကိန်း (၁၀)ခုလည်း ပါဝင် ပါကြောင်း။

ထို့ပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း ဒုတိယအသုတ်အဖြစ် အတည်ပြုခဲ့သည့် စီမံကိန်း (၂၁၄)ခုသည်  ယင်းစီမံကိန်းများကို မဲခေါင်နိုင်ငံများ၏ ပြည်သူများအကျိုး ကျေးဇူးရရှိစေမည်ဟု ယုံကြည်ပါကြောင်း။

ယင်းစီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ခြင်းဖြင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို ပြည်သူများ ပိုမိုသိမြင်နားလည် လာစေမည်ဖြစ်သလို  မဲခေါင်-လန်ချန်းမူဘောင်အောက်မှ ဆောင်ရွက်သွားမည့် အနာဂတ်ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များအတွက် တွန်းအားတစ်ရပ် ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။

လာမည့် (၅)နှစ်တာအတွင်း အကောင်အထည်ဖော်မည့် မဲခေါင်-လန်ချန်း ၅-နှစ်တာလုပ်ငန်း စီမံချက်ကို အားသွန်ခွန်စိုက် ပြုစုရေးသားခဲ့သည့် နိုင်ငံခြားရေး ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် ပူးပေါင်းညှိနှိုင်းရေးအဖွဲ့/ အတွင်းရေးမှူးရုံး အဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှုကို တန်ဖိုးထားပါကြောင်း။

ယင်းလုပ်ငန်းစီမံချက်တွင် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအသစ်များ ထည့်သွင်းထားသည်ကို တွေ့ရပါကြောင်း၊ ယင်းကဏ္ဍ အများစုကို တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင်လည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းစီမံချက်သည် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုကို အထိရောက်ဆုံးနှင့် စနစ်တကျ ရှိစေမည်ဟု ယုံကြည်ပါကြောင်း။

ယခုအတည်ပြုမည့် ဒီလုပ်ငန်းစီမံချက်သည် မဲခေါင်-လန်ချန်း အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေးအတွက် လမ်းပြမြေပုံ တစ်ခုသဖွယ်သာမက မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံကောင်းတစ်ခု အဖြစ်လည်း ရှိနေမည်ဟု ယုံကြည်ပါကြောင်း။

ထိရောက်မြန်ဆန်သည့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားအသစ် တစ်ရပ်ဖြစ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးသည် ဒေသတွင်းတည်ငြိမ် အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်ရေး ကွာဟမှုကို လျှော့ချနိုင်မှုနှင့် ပြည်သူအချင်းချင်းအကြား ချစ်ကြည်ရင်းနှီးမှုတို့ ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးကို အစဉ်အလေးထားခဲ့သည့်နည်းတူ အနာဂတ်တွင်လည်း ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်းပီသမှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အကျိုးကျေးဇူးရရှိမှုဆိုသည့် မူများကို လက်ကိုင်ထားပြီး တရုတ်နိုင်ငံ၊ မဲခေါင်နိုင်ငံများနှင့်အတူ တက်ကြွစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က လာအိုပြည်သူ့ ဒီမိုကရက် တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်ထံ  ပူးတွဲဥက္ကဋ္ဌ တာဝန်လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
ထို့နောက် ဒုတိယသမ္မတသည် ပူးတွဲ ဥက္ကဋ္ဌများက ကျင်းပပြုလုပ်သည့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ညပိုင်းတွင် ဒုတိယသမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်နှင့် ဇနီးတို့က မဲခေါင်-လန်ချန်း နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အစိုးရအဖွဲ့ အကြီးအကဲများအား တည်ခင်းဧည့်ခံသည့် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဒုတိယသမ္မတသည် နံနက်ပိုင်းက  ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူး၊ သံရုံးဝန်ထမ်းများ၊ စစ်သံရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

(သတင်းစဉ်)