ဒုတိယသမ္မတ ဦးမြင့်ဆွေ  ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကိုပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး  တက်ရောက်

နေပြည်တော် ၃၀ မေ 

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကိုပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့်  ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်လှထွန်းနှင့် ဒေါက်တာ ဒေါ်မြလေးစိန်၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေ အနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် ဒုတိယအကျော့ UPR အကြံပြု တိုက်တွန်းချက် များအား ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် တတိယအကျော့ သုံးသပ်ခံယူရန်အတွက် နိုင်ငံတော်၏ အစီရင်ခံစာ မတင်သွင်းမီ ကာလအတွင်း ရေတိုရေရှည်အစီအစဉ်များချမှတ်၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် “ Universal Periodic Review-UPR ဆိုင်ရာ အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသား အဆင့်ကော်မတီ”ကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၁၉)ရက်တွင် အဖွဲ့ဝင် (၂၅)ဦးဖြင့် လုပ်ငန်းတာဝန်(၅)ရပ် ချမှတ်ကာ ဖွဲ့စည်းပေးခဲ့ပါကြောင်း။ အဆိုပါလုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် “အစီရင်ခံစာပြုစုရေး လုပ်ငန်း ကော်မတီ”ကို အဖွဲ့ဝင် ၂၃ ဦး ဖြင့်လည်းကောင်း၊ “စာတမ်းပြုစုရေးကော်မတီ”ကို အဖွဲ့ဝင် ၂၀ ဦး ဖြင့်လည်းကောင်း၊ “အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ” ကို အဖွဲ့ဝင် ၇ ဦးဖြင့် လည်းကောင်း ၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

ထိုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက် ၁၆၆ ချက်နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက် ရမည့် ကဏ္ဍ(၁၂)ရပ်ကိုချမှတ်ကာ တာဝန်ခံဆောင်ရွက်ရမည့်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကို သတ်မှတ်ခဲ့ပါကြောင်း။

အဆိုပါကဏ္ဍ ( ၁၂ ) ရပ်အတွက် တာဝန်ခံဆောင်ရွက်ရမည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှာ အဓိကအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ်များတွင် ပါဝင်ချုပ်ဆို ရန်ကိစ္စရပ် (၄၁) ရပ်နှင့်စပ်လျဉ်း၍ “နိုင်ငံခြားရေးဝန်ကြီးဌာန”ကလည်းကောင်း၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် စပ်လျဉ်းသည့်ကိစ္စရပ်(၇)ရပ်နှင့်စပ်လျဉ်း၍  “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်”ကလည်းကောင်း၊ ကုလသမဂ္ဂလူ့အခွင့် အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်(၄)ရပ်နှင့်စပ်လျဉ်း၍  “အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန”ကလည်းကောင်း၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်း ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးပြုပြင်ပြောင်းလဲရေးကိစ္စရပ် (၁၉)ရပ် နှင့်စပ်လျဉ်း၍ “ပြည်ထောင်စုရှေ့နေချုပ်ရုံး”ကလည်းကောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက် ရေးကိစ္စရပ် (၁၂)ရပ်နှင့်စပ်လျဉ်း၍ “စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန”ကလည်းကောင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖော်ဆောင်ရေးကိစ္စနှင့် မြေသိမ်းမှုကိစ္စရပ်(၁၀)ရပ်နှင့် စပ်လျဉ်း၍ “ပြည်ထဲရေးဝန်ကြီးဌာန”ကလည်းကောင်း၊ ကျား-မ တန်းတူရည်တူရှိမှုမြှင့် တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများကာကွယ်ရေးကိစ္စရပ်(၁၅)ရပ်နှင့် ခွဲခြားမှုမပြုရေး ကိစ္စရပ်(၁၅)ရပ်တို့နှင့်စပ်လျဉ်း၍  “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန” ကလည်းကောင်း၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စ ရပ် (၁၃)ရပ်နှင့်စပ်လျဉ်း၍ “ပညာရေးဝန်ကြီးဌာန”ကလည်းကောင်း၊ ဘာသာပေါင်းစုံ   ချစ်ကြည်ရေးကိစ္စ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ကိစ္စရပ်(၁၈)ရပ်နှင့် စပ်လျဉ်း၍ “သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန”ကလည်းကောင်း၊ နိုင်ငံသားစိစစ်ရေး ကိစ္စ၊ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများကိစ္စနှင့် လူကုန်ကူးခြင်းကိစ္စရပ်(၇)ရပ် နှင့်စပ်လျဉ်း၍ “အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန”က လည်းကောင်း၊ အပစ်အခတ်ရပ်စဲ ရေးနှင့်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စရပ် (၅)ရပ်နှင့်စပ်လျဉ်း၍ “နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန”တို့ကလည်းကောင်း တာဝန်ခံဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ တာဝန်ခံဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ တင်ပြ ချက်များအရ အကြံပြုတိုက်တွန်းချက် ပေါင်း(၁၆၆)ချက်တွင် ဆောင်ရွက်ပြီး(၁၈) ချက်နှင့် ဆောင်ရွက်ဆဲ (၁၄၈)ချက်တို့ကို တွေ့ရပါကြောင်း။

UPR အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၂၆)ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၇)ချက် ချမှတ် ခဲ့ရာ ဆောင်ရွက်ပြီး(၁)ချက်နှင့် ဆောင်ရွက်ဆဲ(၆)ချက်ရှိသည်ကိုတွေ့ရပါကြောင်း၊ ထို့ကြောင့် UPR အကြံပြုတိုက်တွန်းချက်(၁၆၆)ချက်နှင့် ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ဆဲအချက် အများစုမှာ စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်ရမည့် အချက်များဖြစ်သဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုပါကြောင်း၊ ကျန်ဆောင်ရွက်ဆဲ အချက်များကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးစီးရေး အတွက် တာဝန်ခံဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းညှိနှိုင်းကာ အလေးထား ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။ 

မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကဏ္ဍ ၁၂ ရပ်အလိုက် တာဝန်ခံဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ၃ လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ တင်ပြလာမှုနှင့် စပ်လျဉ်း၍ တချို့အကြောင်းအရာများသည် ယေဘုယျဆန်ပြီး ကျစ်လစ် မှုမရှိသည်ကိုတွေ့ရှိရပါကြောင်း။ သက်ဆိုင်ရာကော်မတီများအနေဖြင့် အစီရင်ခံစာပြု စုရာတွင် အချက်အလက်များ ပြည့်စုံ၊  တိကျမှန်ကန်မှုရှိစေရေး၊ စကားလုံးများ ဖောင်းပွ မှုမရှိစေရေးနှင့် ပါဝင်သင့်ပါဝင်ထိုက်သည်များ ကျန်ရှိမှုမရှိစေရေးတို့ကို စိစစ်ဆောင်ရွက် ကာ နိုင်ငံတကာမှ လက်ခံနိုင်သည့် အစီရင်ခံစာဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက်လည်း ဆက်စပ်ဝန်ကြီးဌာန များနှင့် အဖွဲ့အစည်းများ အနေဖြင့် တာဝန်ခံဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ လိုအပ်သည့် အချက်အလက်များကို အချိန်မီပေးပို့နိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

UPR အကြံပြုတိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ “Time Frame” ရေးဆွဲဆောင်ရွက်ရန် မှာကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် UPR အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ရေး နိုင်ငံတော်၏အစီရင်ခံစာ (National Report)ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ နောက်ဆုံးထား ၍ တင်သွင်းရမည်ဖြစ်သည့်အတွက် အစီရင်ခံစာ (မူကြမ်း)ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာတွင် နောက်ဆုံးထား၍  ပြုစုတင်ပြနိုင်ရေးနှင့် ပြီးပြည့်စုံသည့် အစီရင်ခံစာ(မူချော)ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီတွင် တင်ပြနိုင်ရန်အတွက် အထူးကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် အဖွဲ့အစည်းများက Time Frame အတိုင်း ပြီးစီးရန်အတွက် အစီရင်ခံစာမူကြမ်းများ ကို  ၂၀၁၉ ခုနှစ် သြဂုတ် မှစပြီး အစီရင်ခံစာ ပြုစုရေးလုပ်ငန်းကော်မတီသို့ ပေးပို့ရမည်ဖြစ်ပါကြောင်း။

UPR လုပ်ငန်းစဉ်သည် မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်မှု များကို ကမ္ဘာကသိစေရန် စနစ်တကျ ဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေး ဖြစ်သည့် အတွက် အလေးအနက်ထား ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ လူ့အခွင့်အရေးအခြေအနေများ တိုးတက်မှုရှိစေရေး ဘက်ပေါင်းစုံမှ အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ရှိကြုံတွေ့နေရသော နိုင်ငံတကာ၏ စွပ်စွဲပြောဆိုမှုများသည် မှန်ကန်မှုမရှိကြောင်းတို့ကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့် ဆက်လက် ဆောင်ရွက် သင့်သည့် အစီအမံများ၊ အကြံပြုချက်များ၊ လုပ်ငန်းကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြ ရန် ပြောကြားသည်။

ထို့နောက် (Universal Periodic Review- UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက UPR အစီရင်ခံစာပြုစုနိုင် ရေးအတွက် လိုအပ်သည့်ကော်မတီများ ဖွဲ့စည်းခဲ့မှုအခြေအနေ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် UPR အကြံပြုတိုက်တွန်းချက် (၁၆၆) ချက်နှင့် စပ်လျဉ်း၍ ကဏ္ဍ (၁၂)ရပ်အတွက် တာဝန်ခံဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ( ၄ )လတာကာလ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ရှေ့ဆက် ဆောင်ရွက်သင့် သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ “အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန”မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်နိုင်က  အဓိကအပြည်ပြည်ဆိ်ုင်ရာ လူ့အခွင့်အရေးစာချုပ်များတွင် ပါဝင်ချုပ်ဆိုရန်ကိစ္စရပ်(၄၁) ရပ် နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်(၄)ရပ် တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်”ဥက္ကဋ္ဌ ဦးဝင်းမြက အမျိုးသားလူ့အခွင့် အရေးကော်မရှင်နှင့်စပ်လျဉ်းသည့် ကိစ္စရပ်(၇)ရပ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ “ပြည်ထောင်စုရှေ့နေချုပ်” ဦးထွန်းထွန်းဦးက ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးပြုပြင်ပြောင်းလဲရေးကိစ္စ ရပ် (၁၉)ရပ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ “စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန” မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ် (၁၂)ရပ်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ “ပြည်ထဲရေးဝန်ကြီးဌာန”၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေး ကိစ္စနှင့် မြေသိမ်းမှုကိစ္စရပ် ( ၁၀ ) ရပ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန”၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကျား-မ တန်းတူရည်တူရှိမှုမြှင့်တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများကာကွယ်ရေး ကိစ္စရပ်(၁၅)ရပ်နှင့် ခွဲခြားမှုမပြုရေးကိစ္စရပ် (၁၅)ရပ်တို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ “ပညာရေးဝန်ကြီးဌာန”၊နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့် ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအေးမြင့်က ကျန်းမာရေးနှင့်  ပညာရေး ကိစ္စရပ်(၁၃)ရပ် နှင့်စပ်လျဉ်း၍ လည်းကောင်း၊ “သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန”၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ က ဘာသာပေါင်းစုံချစ်ကြည်ရေးကိစ္စ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့် ကိစ္စရပ်(၁၈)ရပ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ “အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန”၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က နိုင်ငံသားစိစစ်ရေးကိစ္စ၊ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူများ ကိစ္စနှင့် လူကုန်ကူးခြင်းကိစ္စရပ်(၇)ရပ်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ “နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန”၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အပစ်အခတ်ရပ်စဲရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စရပ် (၅)ရပ် နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါ်ဆွေဆွေနိုင် နှင့်  ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံဉာဏ် ပေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာဦးတို့က UPR  အကြံပြု တိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး နိုင်ငံတော်၏ အစီရင်ခံစာ (National Report)နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက် နေမှုများအပေါ် အကြံပြုချက်များ၊ ထည့်သွင်းရေးသားသင့်သည့် အချက်များနှင့် စပ်လျဉ်း၍  ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 

(သတင်းစဉ်)