ဒုတိယဝါဆိုလပြည့်ညနှင့် စူပါမွန်း

ဦးရန်နိုင်သိန်း(သဒ္ဓမ္မဇောတိကဓဇ)မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဝင်

“ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ။” “ဣမသ္မိံ ဝိဟာရေ၊ ဤကျောင်းတိုက်အတွင်း၌။ ဣမံတေမာသံ၊ ဤသုံးလပတ်လုံး။ ဝဿံ၊ ဝါသို့ (ဝါ)နေခြင်းငှာ။ ဥပေမိ၊ ကပ်ပါ၏။” ဟူ၍ ရဟန်းတော်များ ရွတ်ဆိုသောလဖြစ်သောကြောင့် ဝါဆိုလဟုအမည်တွင်ကာ အင်းဝခေတ်ကာလမှစ၍ တွင်တွင်ကျယ်ကျယ် ခေါ်ဆိုသုံးစွဲခဲ့ကြောင်း ဆရာကြီး ဦးဖိုးလတ်ကဆိုသည်။ ပုဂံခေတ်ကမူ “မြွယ်တာလ၊ ထိုမှတဆင့် နွယ်တာလ၊ နွေတာလ” ဟု ခေါ်ဆိုသုံးစွဲခဲ့ကြောင်း ကျောက်စာများ၌ တွေ့ရသည်။

နှစ်မျိုးကို ပေါင်းစပ်ခေါ်ဝေါ်

ဝါဆိုလ၏ စန်းယှဉ်နက္ခတ်မှာ အာသဠီနက္ခတ်ဖြစ်သည်။ အာသဠီနက္ခတ်ဟူသည် စင်စစ်အားဖြင့် ပုဗ္ဗအာသဠဟူသော နက္ခတ်နှင့် ဥတ္တရအာသဠ ဟူသောနက္ခတ်နှစ်မျိုးကို ပေါင်းစပ်ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ပုဗ္ဗအာသဠကို ပြုဗ္ဗာသဠ်၊ ဥတ္တရအာသဠကို ဥတ္တရာသဠ်ဟူ၍ ရေးသားကြသည်။ အာသဠသဒ္ဒါကို နွားကျောင်းသားတို့ကိုင်သော တုတ်တောင်ဝှေးဟူ၍လည်းကောင်း၊ ပေါက်သားဖြင့်ပြုအပ်သော ရသေ့ရဟန်းတို့၏ တောင်ဝှေးဟူ၍ လည်းကောင်း အနက်အဓိပ္ပာယ်ဖွင့်ကြသည်။

ပြုဗ္ဗာသဠ်နက္ခတ်တွင် ကြယ်အလုံးရေ နှစ်လုံးသာပါဝင်ပြီး ဥတ္တရာသဠ်နက္ခတ်တွင်လည်း ကြယ်အလုံးရေ နှစ်လုံးသာပါဝင်သည်။ ယင်းတို့ကိုပေါင်းစပ်ပြီး ရာဇမတ္တဏ်ကျမ်း၌ ထီးဗိတာန်သဏ္ဍာန်ရှိကြောင်း ဆိုသည်။ “ပြုဗ္ဗာသဠ်နှင့် မလှန် ပယ်ခွာ၊ ဥတ္တရာသဠ်၊ လေးလုံးမှန်စွ၊ သဏ္ဍာန်နှုန်းဆ၊ ဆင်ခြေချသို့”ဟု မုံရွေးဇေတဝန်ဆရာတော် ဘုရားကြီးရေးသားသော အာကာသသျှတ္တရကျမ်း ကဆိုသည်။ စင်စစ်အားဖြင့် ယင်းနက္ခတ်နှစ်မျိုးလုံးသည် ဓနုရာသီကြယ်စုကြီးအတွင်း၌ တည်ရှိကြသည်။ သို့ရာတွင် ဥတ္တရာသဠ်နက္ခတ်၏ပိုင်နက် မှာ မကာရရာသီ ၁၀ ဒီဂရီအထိ ကျယ်ဝန်းသည်။

ပုဗ္ဗသဒ္ဒါသည် အရှေ့အရပ် သို့မဟုတ် အရှေ့ကျသောနေရာအရပ်ကို ဆိုသည်။ ဥတ္တရကား မြောက်အရပ် သို့မဟုတ် အနောက်ကျသောအရပ်ကိုဆိုသည်။ ညအခါ ကောင်းကင်ယံ၌နက္ခတ်များ ထွက်ပေါ်လာသောအခါ အရှေ့တောင်မကျတကျအရပ်မှ ပြုဗ္ဗာသဠ်နက္ခတ်က ဦးစွာအရင် ထွက်ပေါ်လာ၍ ဥတ္တရာသဠ်နက္ခတ်က နောက်မှထွက်ပေါ်လာရမြဲဖြစ်သည်။ ဝါဆိုလပြည့်ညသန်းခေါင်တွင် လမင်းသည် အာသဠီနက္ခတ်နှင့် တောင်မြောက်ယှဉ်ပြိုင်၍ နက္ခတ်မွန်းတည့်သည်ကို “အုံ့မှိုင်းငယ်တဲ့ နယ်ရှစ်ခွင်၊ ငွေစန်းအာသဠီနှင့်၊ ယှဉ်ကာမှီပုဏ္ဏာပြည့်တယ်၊ ထွန်းသည့်ဝေဟင်။”ဟု မဟာ ဂီတဦးပြုံးချိုက ဝါဆိုလဘွဲ့၌ တိုက်ရိုက်သီကုံး စပ်ဆိုခဲ့သည်။

ထေရဝါဒကျမ်းများ ပေါ်ပေါက်လာ

ယခု ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်သည် ဝါကြီးထပ်သောနှစ်ဖြစ်သည်။ မြန်မာဝေါဟာရ ပြက္ခဒိန်တွင် ရိုးရိုးနှစ်၊ ဝါငယ်ထပ်နှစ်နှင့် ဝါကြီးထပ်နှစ်ဟူ၍ နှစ်အမျိုးအစား သုံးမျိုးရှိသည်။ ဝါငယ်ထပ်သည်ဖြစ်စေ၊ ဝါကြီးထပ်သည်ဖြစ်စေ ဝါထပ်သောနှစ်များတွင် ဝါဆိုလကို ပထမဝါဆိုလနှင့် ဒုတိယဝါဆိုလဟူ၍ နှစ်လပြုသည်။ မြန်မာတို့သည် ပျူခေတ်ကာလကပင် ဗုဒ္ဓမြတ်စွာ၏သာသနာတော်ကို သက်ဝင်ယုံကြည်ကြသူများဖြစ်သောကြောင့် မြန်မာဝေါဟာရပြက္ခဒိန်သည်လည်း ထေရဝါဒသာသနာတော်ကျမ်းများကို အမှီပြု၍ ပေါ်ပေါက်လာခဲ့သည်။ ဒွိအာသဠခေါ် ဝါဆိုနှစ်လပြုခြင်းသည် ဗိမ္ဗိသာရမင်းကြီးလက်ထက်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ရဟန်းတော်များသည် ဝါထပ်နှစ်များတွင် ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ပုရိမဝါသို့လည်းကောင်း၊ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့ တွင် ပစ္ဆိမဝါသို့လည်းကောင်း ကပ်ဆိုတော်မူကြရမည် ဖြစ်ပါသည်။

၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ (ခရစ် ၂၀၂၃ ဩဂုတ်လ ၁ ရက်) အင်္ဂါနေ့တွင် လမင်းသည် ကမ္ဘာကို မိမိ၏ပတ်လမ်းအတိုင်း လှည့်ပတ်နေရာမှ ကမ္ဘာနှင့်အနီးဆုံးအမှတ်နေရာအနီး အကွာအဝေး ၂၂၂၀၂၃ မိုင်သို့ရောက်ရှိလာသောကြောင့် လမင်းကို ကောင်းကင်တွင် သာမန်ထက် ခုနစ်ရာခိုင်နှုန်းခန့်အရွယ်အစား ပိုမိုကြီးမားစွာ မြင်တွေ့ကြရမည်ဖြစ်ပြီး ၁၆ ရာခိုင်နှုန်းခန့် ပိုမိုလင်းလက်တောက်ပစွာ တွေ့မြင်ကြရမည်ဖြစ်သည်။ ယင်းကို စူပါမွန်း (မဟာအတိဗလဝစန်း)ဟု ခေါ်ဆိုကြသည်။ စန်းဟူသည် စန္ဒြ(လမင်း)ဖြစ်ပြီး မဟာအတိဗလ ဝစန်းဟူသည်မှာ အလွန့်အလွန်အားကောင်းသော၊ အလွန့်အလွန်အားကြီးသော လမင်းဟူ၍ အဓိပ္ပာယ်ရသည်။

စူပါမွန်းလပြည့်ဝန်းကို စောင့်ကြည့်လေ့လာ

စူပါမွန်း (Supermoon) ဝေါဟာရကို နက္ခတ်ဗေဒင်ပညာရှင် ရစ်ချက်နိုး (Richard Nolle) က ၁၉၇၉ ခုနှစ်တွင် တီထွင်သုံးစွဲခဲ့သည်။ သူ၏ ၂၁ ရာစု စူပါမွန်းနေ့ရက် အချိန်နာရီများ ဇယားအရ ဩဂုတ် လ ၁ ရက်နေ့ ညသန်းခေါင်ကျော် ၂ ရက်နေ့သို့အဝင် မြန်မာစံတော်ချိန် ညစက် ၁ နာရီ ၂ မိနစ် အချိန်တွင် ဒုတိယဝါဆိုလပြည့် စူပါမွန်းဖြစ်ပေါ်မည်။ လပြည့်ည မြန်မာစံတော်ချိန် ညစက် ၆ နာရီ ၃၇ မိနစ်တွင် လမင်းသည် အရှေ့တောင်အရပ် ကောင်းကင်မှစတင်ထွက်ပေါ်လာမည်ဖြစ်သည်။ စူပါမွန်းလပြည့်ဝန်းကို ဥရောပတိုက်၊ အာဖရိကတိုက်နှင့် အာရှတိုက်တို့ရှိ နိုင်ငံအသီးသီးမှ တွေ့မြင်ကြရမည်ဖြစ်ရာ အမြင်နက္ခတ်ကို လေ့လာကြည့်ရှုသူအဖွဲ့များနှင့် စိတ်ပါဝင်စားသူဝါသနာရှင်များသည်လည်း ဒုတိယဝါဆိုလပြည့်လမင်းကို လပြည့်အချိန်တွင် စောင့်ကြည့်လေ့လာကြမည်ဖြစ်ကြသည်။

နရဒသံဟိတကျမ်းတွင် အာသဠီနက္ခတ်နှင့် စန်းယှဉ်သောနေ့ရက်တွင်(ညောင်)ရေသွန်းလောင်းခြင်း၊ အလှူပေးခြင်း၊ သဒ္ဓါဆွမ်းကျွေးခြင်းတို့ကို ပြုလုပ်သောသူတို့အတွက် အပိုင်းအခြားမရှိသော ကောင်းကျိုးတို့ကိုဆောင်သည့် မင်္ဂလာအခါကောင်း ဖြစ်သည်ဟုဆိုသည်။ ရခိုင်နက္ခတ်ကျမ်းတွင် “ဥတ္တရာသဠ်နှင့် စန်းယှဉ်သောနေ့(ဝါဆိုလပြည့်)၌ကား အိမ်ယာတည်ထောင်ကောင်း၏။ စပါးသွင်းကောင်း၏။ လှေသို့တက်ကောင်း၏။ ရွာတည်ကောင်း၏။ ခရီးသွားကောင်း၏။ သားဖွားသော်လည်းကောင်း၏ - တန်ခိုးကြီးအံ့။ ဤနက္ခတ်နေ့ကား လိုရာဆောင်လေကောင်း၏။” ဟု ဖော်ပြထားသည်။

အင်းဝခေတ် ရှစ်ကြောင်းရေးပေမူ အခါပေးကျမ်း၌ “ပုဏ္ဏာတိထီ(လပြည့်) ပေါ်သောအခါ အတတ်စာပေကျမ်းဂန်သင်ခြင်း၊ မန္တန်စုတ်ခြင်း၊ ကျောက်စာတိုင်ဆောက်ခြင်း၊ သဘင်ကန္နားပြုခြင်း၊ ကျီကျဘဏ္ဍာတိုက်၌ ဥစ္စာသွင်းခြင်း၊ ထိမ်းမြားမင်္ဂလာပြုခြင်း၊ ရတနာခုနစ်ပါးစီခြင်း၊ တန်ဆာဆင်ခြင်း၊ သူငယ်အား ထမင်းခွန့်ခြင်း (အန္နဘုဉ္ဇန မင်္ဂလာ)တို့ကိုပြုရာ၏။”ဟုဆိုသည်။ ဘိုးတော် ဘုရားလက်ထက် နက္ခတ်ပုံပေမူတွင် ပြုဗ္ဗာသဠ်နက္ခတ်၏ တိတ်စွဲပြည်အား မုတ္တမပြည်၊ ဥတ္တရာသဠ်နက္ခတ်၏ တိတ်စွဲပြည်အား မောရစွန်ပြည်ဟု သတ်မှတ်ဖော်ပြထားသည်။

ထိုထက်အလွန်မှာ ဝါဆိုလပြည့်နေ့သည် “မဟာပုရိသောစ ဥတ္တရာသာဠှ နက္ခတ္တေနေဝ မာတုကုစ္ဆိံ ဩက္ကမိ၊ မဟာဘိနိက္ခမနံ နိက္ခမိ၊ ဓမ္မစက္ကံ ပဝတ္တေသိ၊ ယမကပါဋိဟာရိယံ အကာသိ။” ဟူသော မဟာပဒါနသုတ် အဋ္ဌကထာလာရှိသည်နှင့်အညီ မြတ်စွာဘုရားရှင်သည် ဥတ္တရာသဠ် နက္ခတ်နှင့် စန်းယှဉ်သော ဝါဆိုလပြည့်နေ့၌ (၁) မိခင်ဝမ်းကြာတိုက်၌ ပဋိသန္ဓေနေတော်မူသည်။ (၂) မြတ်သော တောထွက်ခြင်းကို ပြုတော်မူသည်။ (၃)ဓမ္မစကြာ တရားဦးဟောတော်မူသည်။ (၄) တန်ခိုးပြာဋိဟာ ပြတော်မူသည်။ အလွန်ထူးမြတ်သော နေ့ထူးနေ့မြတ်ဖြစ်သည်။

ဝါဆိုလသည် ဝသန္တ(မိုး)ဥတု၏ အဦးအစလဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးရွာသွန်းပြီး သစ်ပင်ပန်းပင်များ စိမ်းလန်းစိုပြည်၍ သာယာလှပသောလဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားသော မြန်မာနိုင်ငံတွင် မိုးရာသီသည်လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ကိုင်ကြသော ရာသီလည်းဖြစ်သည်။ ဝါဆိုလကို ကရကဋ်ရာသီဟုလည်းခေါ်သည်။ လမင်းသည် ပြုဗ္ဗာသဠ်နက္ခတ်/ ဥတ္တရာသဠ်နက္ခတ်နှင့် ယှဉ်သော အချိန်တွင် နေမင်းသည် ကရကဋ်ရာသီ၌တည်ရှိသည်။ ရာသီရုပ်မှာ ပုစွန်လုံးရုပ်ဖြစ်သည်။ ရာသီပန်းမှာ ပုန်းညက်ပန်း၊ မြတ်လေးပန်းတို့ဖြစ်သည်။

ဝါဆိုလတွင် ရှေးက ရဟန်းခံ၊ ပဉ္စင်းတက်ပွဲများ ပြုလုပ်ကျင်းပကြသည်။ ယခုခေတ်အခါတွင် ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲများ ကျင်းပကြသည်။ သက်ကြီးဝါကြီးတို့အားလည်း ဝါဝင်ပူဇော် ကန်တော့ပွဲများပြုလုပ်ကြသည်။ ဤလသည် သဘာဝဥတုရာသီအားဖြင့် စိမ်းစိုအေးချမ်းခြင်း၊ မြန်မာလူမျိုးတို့ ဒါန၊ သီလ စသည့် ကောင်းမှုကုသိုလ် တရားတို့ပွားများရာ “လ” ဖြစ်ခြင်း စသည်တို့ ကြောင့် မြန်မာတို့အတွက် ထူးမြတ်သော အချိန်ကာလဖြစ်သည့်အပြင် ကမ္ဘာအရပ်ရပ်ရှိလမင်းကို ချစ်ခင်နှစ်သက်ကြသူ၊ လေ့လာကြည့်ရှုကြသူများအတွက်လည်း ကြီးမား၍တောက်ပသော စူပါမွန်းဝါဆိုလပြည့်ဝန်းကြောင့် မြင်တွေ့ရသူတို့၏ စိတ်နှလုံးဝယ် သာယာချမ်းမြေ့ခြင်းရှိကြမည့်အချိန် ကာလလည်းဖြစ်ပါတော့သည်။             ။