ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး  ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ အတည်ပြုရွေးချယ်

 

ရန်ကုန် ဧပြီ  ၂၉

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ-၁ ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန်/ တာဝန်ခံ ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းဌေးဦး ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီတွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန် အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက် ကြမည့် သင်တန်းသား သင်တန်းသူများကို အတည်ပြုရွေးချယ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်သို့တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသားများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းမှ အခြေခံပညာ အထက်တန်း အောင်မြင်ပြီး သတ်မှတ်အမှတ်ပြည့်မီသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသော တိုင်းရင်းသား တိုင်းရင်းသူများကို လူတွေ့ စိစစ်အတည်ပြုရွေးချယ်လျှက်ရှိသည်။

 

ယခုပညာသင်နှစ်တွင် ဒီဂရီကောလိပ်၊ ရန်ကုန်အတွက် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီက စိစစ်ရွေးချယ်ပေးသော မြန်မာနိုင်ငံတစ်ဝန်းရှိ ဝေးလံခေါင်ပါးသော နယ်စပ်ဒေသများမှ သင်တန်းသား၊ သင်တန်းသူ ၃၇၁ ဦး ကို ဧပြီ ၃၀ ရက်အထိ စိစစ်အတည်ပြုပြီးပါက ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ နှစ်၊ A.G.T.I ဒီပလိုမာ နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ဘွဲ့၊ ဒီပလိုမာများ အပ်နှင်းပေးကာ ဝန်ကြီးဌာနများ၌ အကြီးတန်းစာရေးနှင့် အဆင့်တူရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပထမနှစ် သင်တန်းသား၊ သင်တန်းသူများထားရှိသည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ ၊ စားရိပ်သာများ ၊ အင်ဂျင်နီယာလက်တွေ့အလုပ်ရုံများ၊ ဒီဂရီကောလိပ် ဆေးခန်း၊ ကျောင်းအားကစားကွင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)