ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဒေသအတွင်း တူးဖော်ဆောင်ရွက်လျက်ရှိသည့် ရေကန်များနှင့် ရှေးဟောင်းဇုန်အတွင်း ပါဝင်သည့်လမ်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မေ ၂၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအတွင်း တူးဖော်ဆောင်ရွက်လျက်ရှိသည့် ရေကန်များသို့ သွားသည့်လမ်းများ၊ အထင်ကရနေရာများသို့ သွားသည့်လမ်းများနှင့် ရှေးဟောင်ဇုန်အတွင်းပါဝင်သည့် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ လမ်းများသပ်ရပ် ကောင်းမွန်စေရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။    

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ကျင်းပသော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ လမ်းများ သပ်ရပ်ကောင်းမွန်စေရေးနှင့် လမ်းအဆင့်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို တက်ရောက်ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည်။ 

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြန်လည်တူးဖော် ထိန်းသိမ်းပြီးစီးခဲ့သည့် ဖျောက်ဆိပ်ပင်ကျေးရွာရှိ ဖျောက်ဆိပ်ပင်ကန် အမှတ် (၁၊ ၂၊ ၃)၊ ဖိုးသူတော်ကန်၊ မြောက်တစ်ဝက်ကန်၊ ကိုမောက်ကန်၊ ကန်သစ်ကြီးကန်နှင့် သူဌေးကန် ကျေးရွာရှိ သူဌေးကန်တက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်မည့် တုရင်တောင်မှ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည့် တုရင်တောင် - ဝက်ကြီး အင်းချောင်း - ဧရာဝတီမြစ် ရေလမ်းကြောင်း(၂) ဆောင်ရွက်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်