ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည်  တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့ ရသေ့တောင်ကျေးရွာ ဦးမျိုးသူရ၏ ကြက်မွေးမြူရေးခြံသို့ ရောက်ရှိပြီး အသားတိုးကြက်များ မွေးမြူထားရှိမှုနှင့် ဒေသတွင်း ဖြန့်ဖြူးရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့သို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက စားသုံးသူဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော အသားထုတ်လုပ်မှု ပိုမိုတိုးတက်စေရေး၊ မွေးမြူရေးဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာဖလှယ် အသုံးပြုနိုင်ရေးအတွက် မွေးမြူရေး လုပ်ငန်းရှင်များနှင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးတောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာ ကြားသည်။

 

ဆက်လက်၍  ဒုတိယဝန်ကြီးသည် သာဝတ္ထိနွားပွဲစျေးသို့ ရောက်ရှိပြီး ‌ဒေသခိုင်းနွားများနှင့် ကျွဲရောင်း ဝယ်နေမှုများကို ကြည့်ရှုအားပေးပြီး  ‌ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက  တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ အားပေး ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့်ဝင်ငွေ ရရှိနိုင်မှု၊ လွှတ်ကျောင်းမွေးမြူခြင်းနှင့် လှောင်မွေး စနစ်တို့၏ အားနည်းချက် အားသာချက်များ၊ အဟာရပြည့်ဝသည့် အစာကျွေးမွေးမြူခြင်းနှင့် တိရစ္ဆာန်ရောဂါထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများဆိုင်ရာ အသိပညာနည်းပညာပေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ကြို့ပင်ကျေးရွာ ဆင်အုံကန် ပြန်လည် တူးဖော်ခြင်း လုပ်ငန်းသို့ရောက်ရှိရာ  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက ဆင်အုံကန် ပြန်လည်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ‌ဒေသသောက်သုံးရေနှင့်  စိုက်ပျိုးရေဖူလုံစွာ ပေးဝေနိုင်ရေး၊ ပို့လွှတ်ဖြန့်ဖြူးပေးသည့် ရေများလေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး၊ ရေအသုံးချ နည်းပညာနှင့် အသိပညာပေး လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ပေးရေးတို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)