ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ရှမ်းပြည်နယ်တောင်ပိုင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဏ ဘက်စုံတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ ဇွန် ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့က အောင်ပန်းမြို့ရှိ ဒေသသုတေသနဗဟိုဌာန၏ ပဲပုပ်သီးနှံ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဌာနက ထုတ်လုပ်ပေးလိုက်သည့် ဆင့်ပွားမိဘမျိုးစေ့မှ အဆင့်ဆင့်မျိုးပွားထုတ်လုပ်ပြီး မျိုးစေ့ဖူလုံရေးဆောင်ရွက်ရာတွင် မျိုးစေ့စီးဆင်းမှု မှန်ကန်ရေး၊ ထိရောက်သော မျိုးသန့် မျိုးပွား မျိုးဖြန့်မှုလုပ်ငန်း ပီပြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ မျိုးစေ့ထုတ် တောင်သူများ အကျိုးအမြတ် သေချာစေရေးနှင့် စီးပွားဖြစ်စိုက်ပျိုးရန် ထုတ်လုပ်လိုက်သည့် မျိုးစေ့ကို အသုံးပြု၍ စိုက်ပျိုးရာတွင်လည်း တွက်ခြေကိုက်သည့် အထွက်နှုန်းနှင့် အရည်အသွေး ရရှိစေရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ ခင်းကျင်းပြသထားမှုနှင့် စမ်းသပ်စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူများအတွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် တောင်ကြီးမြို့နယ် ကွမ်းလုံကျေးရွာအုပ်စု ကျောက်နီစိုက်ကွင်း မွေးမြူရေးမြေ ဧရိယာ (၆၅၉) ဧကအပေါ်တွင် မွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဇုန်အတွင်း နို့စားကျွဲ၊ နို့စားနွား၊ အသားစားနွားနှင့် ဒေသနွားများမွေးမြူ ထားရှိမှု၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးထားရှိမှုနှင့် မွေးမြူရေးခြံအတွင် ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးဇုန်အတွင်း ဇီဝလုံခြုံမှုရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားကာ မွေးမြူရေး တောင်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ညောင်‌ရွှေမြို့နယ် ရှမ်းရိုးမ မွေးမြူရေးဇုန်၌ မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ မေးမြန်းဆွေးနွေးပြီး ဇုန်အတွင်း ဉစားကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှု စစ်ဆေးကာ တောင်သူများအတွက် မွေးမြူရေးလုပ်ငန်းသုံး ပစ္စည်းနှင့်ဆက်စပ်သည့် ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံ၍ ဒေသဝမ်းစာဖူလုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များကို အခြေခံသည့် တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်