ဒုတိယဝန်ကြီး ဒေါက်တာ နုမြဇံ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) နှင့် ကမ္ဘာ့အမွေအနှစ်ဒေသ သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ တူးဖော်ထိန်းသိမ်းရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

 

ပြည်၊ ဖေဖော်ဝါရီ  ၂၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်အား သွားရောက်ဖူး‌မြော် ကြည်ညိုပြီး  ရွှေဆံတော် ရင်ပြင်ဗုဒ္ဓပြတိုက်အတွင်းရှိ Digital Museum ဆောင်ရွက်ထားရှိမှု၊ ပြတိုက်ခင်းကျင်း ပြသထားမှုနှင့် ရွှေဆံတော်စေတီတော် အောက်ပစ္စယံ တနင်္ဂနွေထောင့်ရှိ ကျန်စစ်သားမင်းကျောက်စာ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိဝန်ကြီးနှင့်အဖွဲ့သည် သရေခေတ္တရာမြို့ဟောင်း အနောက်ဘက်မြို့ရိုး ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း၊ လုလင်ကျော်မြို့ဝင်ပေါက်နှင့် သရေခေတ္တရာမြို့ဟောင်း ရှုခင်းကြည့်မျှော်စင် တည်ဆောက်မည့် ကြက်တူရွေးတောင်တူးဖော်မှုကုန်းအမှတ် (၅၃)၊ ဘောဘောကြီးစေတီ၊ ဘဲဘဲဂူဘုရား၊ ဦးခင်ဘကုန်းနှင့် ဘုရားထောင်ဂူဘုရားတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကဏ္ဍအလိုက်ဆောင်ရွက်ရန် လိုအပ်အချက်များကို တာဝန်ရှိသူများကို မှာကြားသည်။

 

mdn

 

ယမန်နေ့က ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) သို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ ရှေးဟောင်းသုတေသနဆိုင်ရာများ  လေ့လာသင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးကာ အဆိုပါသင် တန်းကျောင်းခန်းမဆောင်၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက သင်တန်းသည် ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာဖြစ်သည့် အားလျော်စွာ လက်တွေ့ကွင်းဆင်းသုတေသနနှင့် တူးဖော်သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရသည့်အတွက် အားသာချက်ရှိကြောင်း၊ သရေခေတ္တရာသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဖြစ်၍ နိုင်ငံတကာမှ ပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများပြည်တွင်းဧည့်သည်များ လေ့လာရာဒေသဖြစ်သည့်အတွက် ယဉ်ကျေးမှု အမွေအနှစ်၏ တန်ဖိုးကို အများပြည်သူ သိရှိနားလည်အောင် ရှင်းလင်းပြောကြားရန် လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သင်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းစာကြည့်တိုက်၊ Thermoluminescence Dating ဓာတ်ခွဲခန်း၊ ဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းရေးဓာတ်ခွဲခန်း၊ သင်ကြားမှု အထောက်အကူပြုပြခန်း၊ တူးဖော်မှုကုန်းအမှတ် (၆၅-ဘီ) နှင့် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့အမွေအနှစ်ဒေသ သရေခေတ္တရာမြို့ ဟောင်းအတွင်းရှိ ကျောက်ကာသိမ်ပြတိုက်၊ သီရိခေတ္တရာပြတိုက်၊ အတွင်းနန်းတော်ရာနှင့် ရဟန္တာဂူဘုရား၊ ရဟန္တာရေကန်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် လိုက်လံရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်