နေပြည်တော် မတ် ၂၂

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန် အနောက်ပိုင်းနည်းပညာ တက္ကသိုလ်သို့ ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိရာ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအရ တက္ကသိုလ်အဝင်နှင့် လမ်းနေရာပြင်ဆင်ဆောင်ရွက် ပြီးစီးမှု၊ အဓိပတိလမ်းတစ်လျှောက် ပလက်ဖောင်းနှင့် လမ်းမီးတိုင်များ ဆောင်ရွက်ပြီးစီးမှု၊ အလှရေကန်များ ဆောင်ရွက်ပြီးစီးမှု၊ တက္ကသိုလ်ဘောလုံးကွင်း တည်ဆောက်ပြီးစီးမှုနှင့် ပြေးလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်နေမှု၊ တက္ကသိုလ်ဥပဓိရုပ်တင့်တယ်စေရေးနှင့် သန့်ရှင်းသပ်ရပ်သာယာ လှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပညာသင်နှစ်နှင့် အင်ဂျင်နီယာ ဘာသာရပ်အလိုက် ပင်မသုံးထပ်ဆောင်ရှိ စာမေးပွဲခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များ ပေးအပ်လှူဒါန်းသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး သည် ၂၀၂၆ ခုနှစ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်က “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်း ကျင်ထိန်းကြစို့” အမျိုးသားရေးဆောင်ပုဒ်များနှင့်အညီ ပြသခဲ့သည့် စိုက်ပျိုးရေးကုန်ကြမ်း အခြေပြု MSME လုပ်ငန်းသုံး Portable Solar Dryerကို ကြည့်ရှု စစ်ဆေးကာ ပြပွဲကာလ၌ နည်းပညာတောင်းခံမှုများကို ဖြည့်ဆည်းပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် စာမေးပွဲဖြေဆိုပြီးစီး၍ စာမေးပွဲခန်းများမှ ထွက်ခွာလာကြသည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး ဖြေဆိုနိုင်မှု အခြေအနေ၊ Academic Calendar အရ သုတေသန စီမံကိန်းများ၊ စက်ရုံအလုပ်ရုံ ချိတ်ဆက်မှုနှင့် အတွေ့အကြုံ ရရှိစေရေး ဆောင်ရွက်မည့် အစီအစဉ်များကို မေးမြန်းကာ နိုင်ငံတော်ဖွံ့ဖြိုးရေး အမှန်တကယ် အားထားရမည့် ဗလ ငါးတန်နှင့် ပြည့်စုံ၍ ကျင့်ဝတ်များကို လိုက်နာသော အင်ဂျင် နီယာလူငယ်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ Agro-based Industries၊ MSME များ၊ ဆိုလာအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ၊ AI နှင့် EV နည်းပညာများ ဖွံ့ဖြိုး ရေးသုတေသန စီမံကိန်းများကို အဖွဲ့လိုက် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်